DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ရှေ့တန်းစစ်မျက်နှာပြင်က LGBTစေတနာ့ဝန်ထမ်း (ဆောင်းပါး)
DVB
·
December 10, 2020
ကိုဗစ်ရှေ့တန်းစစ်မျက်နှာပြင်က LGBTစေတနာ့ဝန်ထမ်း (ဆောင်းပါး)
1 / 4
Donate to DVB

မိခင်ဖြစ်သူ၏ စိုးရိမ်သောကများကြားထဲက အားသစ်တယောက် သူ၏ဆုံးဖြတ်ချက်တစ်ခုအတွက် အိမ်ကနေ ထွက်လာခဲ့သည်မှာ နှစ်လနီးပါးကြာခဲ့ပြီဖြစ်သည်။ အိမ်ကထွက်လာသည့်နေ့မှစတင်ပြီး အားသစ် တစ်ယောက် ပူပြင်းလှသည့် ရန်ကုန်နေအပူရှိန်အောက်မှာ ချွေးသံတရွဲရွဲနှင့် နေ့စဉ်တာဝန်များကို ပင်ပင်ပန်းပန်းဖြင့် လုပ်ကိုင်လျှက်ရှိသည်။

သူလုပ်ရသည့်အလုပ်က သိပ်တော့မလွယ်လှ။ ကံမကောင်းအကြောင်းမလှဖြစ်ခဲ့ပါက အသက်ဘေးနှင့်ပင် ရင်ဆိုင်ရနိုင်သည်။ အသက်နဲ့ရင်းပြီးလုပ်နေရသည့် အလုပ်ဖြစ်ပေမယ့် လုပ်ခလစာ အများအပြားရသည့် အလုပ်မျိုးလည်း မဟုတ်ခဲ့။ ဒီနေရာကိုလာပြီး ဒီလိုအလုပ်မျိုးလုပ်ဖို့ အားသစ်က သူကိုယ်တိုင်လိုလိုလားလားဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူ့ကို မည်သူကမျှ အတင်းအကျပ်စေခိုင်းခဲ့တာတော့မဟုတ်။

“ကျနော်အသက်ရှင်နေတဲ့အချိန်ကာလတစ်ခုမှာ ကျနော့်နိုင်ငံ၊ ကျနော့်ဝန်းကျင်မှာရှိတဲ့ သူတွေအတွက် ကျနော် ဘာလုပ်ပေးနိုင်မလဲလို့ တွေးတယ်။ အနည်းဆုံးတော့ ရှိတဲ့ ခွန်အားနဲ့တစ်ထောင့် တစ်နေရာကနေ အကျိုးပြုချင်တယ်” ဟု အားသစ်ကဆိုသည်။

သူသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကိုရှေ့တန်းမှ တိုက်ပွဲဝင်နေသည့် အကျိုးအမြတ်ကို အဓိကမထားသည့် လုပ်အားပေးစေတနာ့ဝန်ထမ်းများထဲက တစ်ယောက်ဖြစ်သည်။ အားသစ်လုပ်အားပေးနေသည်က ရန်ကုန်မြို့ရှိ ရန်ကင်း ဆရာအတတ်သင်သိပ္ပံတွင် ဖွင့်လှစ်ထားသည့် Covid-19 Positive Center မှာဖြစ်သည်။ လူနာ ၅၀၀ ကျော်ထားနိုင်သည့် အဆိုပါစင်တာတွင် စေတနာ့ ဝန်ထမ်းပေါင်း ၄၀ နီးပါးရှိပြီး အသက် ၂၇ နှစ်အရွယ် အားသစ်က ထိုအထဲကတစ်ယောက်ဖြစ်သည်။

ကိုဗစ်လူနာများအတွက် စေတနာ့ဝန်ထမ်းလုပ်ရသည်က ထင်သလောက်မလွယ်လှ။ အကြီးမားဆုံး အခက်အခဲများ ထဲက တစ်ခုကပူပြင်းလှသည့် ရန်ကုန်ရာသီဥတုအောက်မှာ Personal Protecting Equipment ဟုခေါ်သည့် PPE ဝတ်စုံဝတ်ရခြင်းဖြစ်သည်။ ရောဂါပိုးမကူးစက်အောင် အထူးပြုလုပ်ထားသည့် PPE ဝတ်စုံက သက်တောင့်သက်သာရှိလှသည်တော့မဟုတ်။



“ကျနော်တို့တွေ တစ်ကိုယ်လုံးကို လုံခြုံအောင်ဝတ်ရတဲ့ ကာကွယ်ရေးဝတ်စုံကြီး အသက်တစ်ခါရှုဖို့ N95 Mask အောက်ကနေ ကိုယ်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကိုယ်ပြန်ရှုနေရပြီးတော့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ရတယ်” ဟု အားသစ်က ဆိုသည်။ အားသစ်က သူသည်အခြားသူများထက် ချွေးထွက်များသည့်အတွက် PPE ဝတ်စုံဝတ်ရသည်က သူ့အတွက် ပိုမိုခက်ခဲသည်ဟုဆိုသည်။

“PPE ဝတ်တဲ့အချိန်မှာ N95 Mask ဝတ်ရတယ်။ ပထမဆုံး ဝတ်တဲ့အချိန်မှာဆိုလို့ရှိရင် အကြာကြီး မဝတ်နိုင်ဘူး” “PPE ဝတ်ပြီး ချွေးတွေထွက်လာတဲ့အချိန်မှာ ချွေးမတိတ်ပဲ ရေချိုး အပူရှပ်ပြီး ဖျားတယ်။ နောက်တစ်ခုက ထင်သလောက် မလုပ်နိုင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျတွေ ဖြစ်တယ်” ဟု သူကဆိုသည်။

အဆိုပါအခက်အခဲများကြားထဲ PPE ဝတ်စုံဝတ်ရင်း တစ်ရက်လျှင် ၃ ကြိမ် လူနာများရှိသည့် အဆောင်များထံ ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့်အတူ အားသစ်တို့လို စေတနာ့ဝန်ထမ်းများ အနီးကပ် စောင့်ရှောက်ပေးကြရသည်။

“ထမင်းပို့၊ ဆေးပို့၊ သန့်ရှင်ရေးလုပ်၊ လူနာတွေရဲ့ အိမ်ကပို့တဲ့ ပစ္စည်းတွေပို့ပေး၊ ပြီးတော့ Complain တွေကို ရှင်းရတယ်။ Emergency တစ်ခုခုဆိုရင်တော့ ကျွန်တော်တို့ Volunteer တစ်ယောက် နဲ့ Medical Team က ဆရာ၊ ဆရာမ တွေနဲ့ဝင်ရတယ်။ ပုံမှန် နားချိန်ရယ်လို့တော့ မရှိဘူး အဆင်ပြေတဲ့သူက အဆင်ပြေသလိုပဲ လုပ်သွားကြတယ်” ဟု အားသစ်ကဆိုသည်။

ပင်ပန်းသော်လည်း သူ၏ရွေးချယ်မှုအတွက် စိတ်မပျက်ဟု အားသစ်ကဆိုသည်။ သူသည် စေတနာဝန်ထမ်းကို ကိုဗစ်ပထမလှိုင်းကတည်းက လုပ်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မြောက်ခဲ့။ ဒုတိယလှိုင်းလာချိန်တွင်တော့ သူ၏ရည်မှန်းချက်အထမြောက်ခဲ့ရသည်။

“Second Wave မှာတော့ Volunteer အင်အားအရမ်းလိုအပ်နေတော့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး ကြိုးစားတယ်။ လုပ်နေတဲ့ ကျွန်တော့ သူငယ်ချင်း မိတ်ဆွေတွေမေးပြီး ကျွန်တော်လုပ်ဖို့ စီစဉ်တယ်။ စလုပ်တော့မယ်ဆိုတော့ Quarantine Center လား၊ Positive Center သွားရမှာလားမသိဘူး။ နောက်တော့ အစ်မတစ်ယောက်က ဆက်သွယ်လာတယ်။ Yankin TTC မှာဖွင့်မယ့် Positive Center မှာ လုပ်ရမယ် ပြီးရင် PPE ဝတ်ရမယ် အဆင်ပြေလားတဲ့။ ကျွန်တော်လည်း လုပ်ချင်နေတာကြောင့် လုပ်မယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ်” ဟု အားသစ်ကဆိုသည်။

Positive Center သည် လူနာနဲ့ အနီးကပ် ပိုမိုထိတွေ့ရသည့် နေရာဖြစ်ပြီး ကူးစက်မူ ပိုလွယ်ကူသောနေရာဖြစ်သည့် အတွက် သူ၏မိခင်က စိုးရိမ်မှုရှိခဲ့သည်ဟု အားသစ်ကဆိုသည်။

“စေတနာ့ဝန်ထမ်းဝင်လုပ်မယ်ဆိုတော့ အမေကတော့ သိပ်တော့ စိတ်မချဘူး ကျွန်တော့်ကျန်းမာရေးအခြေအနေနဲ့ အဆင်ပြေပါ့မလားဆိုပြီး အရမ်းအတင်းအကျပ်တော့ မလုပ်ခိုင်းတာမျိုးတော့မရှိပါဘူး”ဟု ဆိုပါသည်။

အားသစ်ဟာ သူ့ကိုယ်သူ LGBT တယောက်အဖြစ်ခံယူနေထိုင်နေပြီး သူ့ရဲ့ ဖြစ်တည်မှုကြောင့်တော့ စင်တာကို ရောက်စမှာတော့ အခက်အခဲတွေရှိခဲ့သည်။

“ မိန်းကလေး ဖြစ်နေလို့ PPE ဝတ်နိုင်မှာမဟုတ်ဘူးဆိုပြီး PPE မဝတ်ခိုင်းတာတွေ ရှိတယ်။ Back Support (ပံ့ပိုးရတဲ့နေရာမှာ) ပဲ လုပ်ခိုင်းတယ်”ဟု သူကပြောသည်။

Positive စင်တာ စေတနာ့ဝန်ထမ်း မလုပ်ခင်တွင်အခြားသော လုပ်ငန်းခွင်ထဲမှာလည်း အားသစ်ရဲ့ပုံစံသည် ထူးနေသည့် အတွက် အချို့က တကယ်လုပ်နိုင်ပါ့မလားဆိုသည့် အကြည့်မျိုးနှင့်လည်း ရင်ဆိုင်ခဲ့ရသည်ဟု သူကဆိုသည်။ မည်သို့ဆိုစေ ယခုကိုးဗစ်တိုက်ပွဲကာလ အချိန်တွင်မူ အားသစ်အနေဖြင့် အလုပ်နှင့် သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။

ပင်ပန်းခက်ခဲလှသည့် နေ့ရက်များအတွက် ဘဝတူ စေတနာ့ဝန်ထမ်းအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ၊ ညဘက်တွင် လူနာတွေကို သီချင်းတွေဆိုပြကြပြီး ဖြတ်သန်းရင်း စိတ်ဓာတ်ခွန်အားများကို ပြန်လည်မြှင့်တင်ကြသည်ဟု သူကဆိုသည်။

အသက်ကိုရင်းထားရသည့် အလုပ်ဖြစ်သော်လည်း အားသစ်တို့လို စေတနာ့ဝန်ထမ်းတွေက လစာသိန်း ဆယ်ဂဏန်း ရသည့်အတွက်လာလုပ်နေခြင်းတော့မဟုတ်ကြပေ။ အချိန်မရွေးအိမ်ပြန်ခွင့်ရှိသော်လည်း အားသစ်တို့လို စေတနာ့ ဝန်ထမ်းများက ကိုယ့်အိမ်ကိုယ့်ယာနှင့် ကိုယ့်မိသားစုကို ပစ်ကာ ကိုဗစ်တိုက်ပွဲဝင်နေကြသည်။

အားသစ်တို့လို စေတနာ့ဝန်ထမ်းများ၏အခန်းကဏ္ဍက ကိုဗစ်တိုက်ပွဲတွင် လွန်စွာအရေးပါကြောင်း နေပြည်တော်၊ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

“(ကိုဗစ်လူနာထားတဲ့) အခန်းက မီးချောင်းပျက်နေတယ် ရေမလာဘူးလို့ Facebook ပေါ်မှာတင်တာ တွေ့တော့ အပြင်က ပြင်သမားတွေကို ခေါ် ဌားပြီးတော့ ခိုင်းတာ ဘယ်သူမှ အဲ့အခန်းကို မဝင်ဘူး။ PPE ဝတ်တာမပါဘူးဆိုရင် ကြောက်ပြီးပြေးရော၊ Volunteer တွေကတော့ ဒီအချိန်မှာ Risk တွေ အများကြီး ယူပေးပြီးတော့ လုပ်ပေးနေကြတာ” ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

ဘယ်တော့ပြီးမည်မသိသည့် ကိုဗစ်တိုက်ပွဲဝင်နေသည့် စေတနာ့ဝန်ထမ်း အားသစ်က လုပ်အားပေးကာလအတွင်း၊ ပင်ပန်းဆင်းရဲမှုမကြောက်သလို ကိုဗစ်ကူးစက်ခံရမည်ကိုလည်း မစိုးရိမ်ဟုဆိုသည်။ သို့သော်သူ့တွင်စိုးရိမ်သောကအချို့တော့ရှိသည်။

“ကိုဗစ် ကူးခံရမှာတော့ မကြောက်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကြောင့် အခြားသူကိုကူးမှာကိုတော့ ကျွန်တော်ကြောက်တယ်၊ ပြီးတော့ ကူးခံရပြီး ကိုဗစ်ကြီးကို ပြီးဆုံးအောင် မတိုက်နိုင်မှာပဲ ကြောက်တယ်” လို့ သူကဆိုပါတယ်။

ကြည်ဖြူ။ ။

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013