DVB Logo
Home
မြန်မာသတင်း
ဖို့ဘ်စ်မဂ္ဂဇင်း၏ Asia’s Digital Stars ၁၀၀ စာရင်းတွင် စိုင်းစိုင်းနှင့် ဝတ်မှုန်ရွှေရည် ပါဝင်
DVB
·
December 10, 2020
ဖို့ဘ်စ်မဂ္ဂဇင်း၏ Asia’s Digital Stars ၁၀၀ စာရင်းတွင် စိုင်းစိုင်းနှင့် ဝတ်မှုန်ရွှေရည် ပါဝင်
Donate to DVB

နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ ဖို့ဘ်စ်မဂ္ဂဇင်းက  ရွေးချယ်တဲ့ Asia’s Digital Stars အယောက် ၁၀၀ စာရင်းမှာ မြန်မာနိုင်ငံက အနုပညာရှင်တွေဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်လာခဲ့ပါတယ်။

ဒီစာရင်းထဲမှာတော့ အင်တာနက်လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေပေါ်မှာ ပရိသတ် တွေကို အလွှမ်းမိုးနိုင်ဆုံး အာရှ-ပစိဖိတ်ဒေသတွင်းက အဆိုတော်တွေ၊ တေးဂီတအဖွဲ့ တွေ၊ ရုပ်သံနဲ့ ရုပ်ရှင်စတားတွေ၊ ထင်ရှားကျော်ကြားသူဦးရေ ၁၀၀ ကို ရွေးချယ်ဖော်ပြ ထားခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာ ၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စတင် ဝင်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့  ‘ချောကလက်ရောင် ရေခဲအိပ် မက်’ တေးစီးရီးနဲ့ စတင် လူသိများလာခဲ့တာပါ။

အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။

စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကတော့ သူကိုယ်တိုင် ထုတ်လုပ်ခဲ့တဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ကားကိုလည်း ရုံတင်ပြသနိုင်ခဲ့တာပါ။

သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်းနီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှု ကို ဆယ်စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက အသက် ၄၁ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ မွေးနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲကို လတ်တလော COVID-19 ကပ်ရောဂါကြောင့် အိပ်ခန်းထဲမှ ဖျော်ဖြေပွဲအသွင် “Sai Sai Birthday Show” in Bedroom လို့ အမည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက် ရေးလုပ်ငန်းတွေမှာ ပရိသတ်တွေနဲ့အတူ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ခုလတ်တလော Asia’s Digital Stars အယောက် ၁၀၀ စာရင်းမှာ ရွေးချယ်ခံရတာ နဲ့ ပတ်သက်ပြီးတော့ စိုင်းစိုင်းဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ် (Followers) ၉ သန်းကျေိာ်နဲ့ အများဆုံးအနုပညာရှင်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်မှာ ယူအေ ဘီဘဏ်နဲ့ ပူးပေါင်းပြီး SaiSai Pay အက်ပလီကေးရှင်းကို မိတ်ဆက်နိုင်ခဲ့တာတွေ၊ နောက်ပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကာကွယ်ကုသရေးလုပ်ငန်းစဉ်တွေမှာလည်း အနု ပညာ နဲ့ တဖက်တလမ်းက ကူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကစ်လို့ ပရိသတ်တွေက သိကြတဲ့ အသက် ၃၂ နှစ်အရွယ် သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်ကတော့ သရုပ်ဆောင်မော်ဒယ်တယောက်အနေနဲ့ အနုပညာလမ်း ကြောင်းပေါ်မှာ ဆယ်စုနှစ်ချီ လျှောက်လှမ်းလာခဲ့ပြီးဖြစ်ကာ လက်ရှိမှာတော့ နာမည်ကြီး ထိပ် တန်းသရုပ်ဆောင် မင်းသမီးတလက်အနေနဲ့ ထင်ရှားပါတယ်။

ခုချိန်မှာတော့ ဝတ်မှုန်ရွှေရည်ဟာ ‘နင်စေရင်’၊ ‘နှလုံးသားဖြင့် ပြုလုပ်သည်’ စ တဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့ပြီဖြစ်ကာ ပရဟိတ လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကိုဗစ်-၁၉ ကပ်ဘေးကာလတွင်း အိမ်မှာ မနေသာ ဘဲ အပြင်ထွက် ဝမ်းရေးအတွက် လှုပ်ရှားနေကြရတဲ့ မရှိနွမ်းပါးသူတွေကို လိုအပ်မယ့် ပစ္စည်းတွေနဲ့ အလှူဒါန ပြုလုပ်တာတွေ၊ အဲဒီနောက် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးမှာ အဓိက လုပ်ဆောင်နေကြတဲ့ ဖောင်ကြီးဆေးရုံကျန်းမာရေး ဝန်ထမ်းတွေအတွက် ကျန်းမာရေး အာမခံအလှူကို ပရိ သတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပါသေးတယ်။

တခြားနိုင်ငံတွေနဲ့ ချစ်ကြည်ရေးရုပ်ရှင်ကားတွေအနေနဲ့ ဝတ်မှုန်ရွှေရည်ပါဝင်ခဲ့တဲ့ ထိုင်း မြန်မာချစ်ကြည်ရေးရုပ်ရှင်-“ဘန်ကောက်မှ မန္တလေးသို့”၊ ဂျပန်-မြန်မာချစ်ကြည် ရေးရုပ်ရှင်- “ဇာတိမြေ”၊ ကိုရီးယားမြန်မာချစ်ကြည်ရေးရုပ်ရှင် -“တိမ်တွေပေါ်ကပန်း”စတဲ့ ရုပ်ရှင်ကားတွေဟာလည်း ထင်ရှားတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ဝတ်မှုန်ရွှေရည်ဟာ ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့တဲ့ “လိပ်ပြာစံအိမ်”ရုပ်ရှင်ကားနဲ့ ဆန်ကာတင်စာရင်းမှာ ပါ ဝင် နေခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကိုတော့ From Bangkok to Mandalay ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ ChaartChai Ketnust က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ကာ  ဝတ်မှုန်ရွှေရည်နဲ့အတူ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားတွေ ဖြစ်ကြတဲ့ နိုင်းနိုင်း၊ ဒေါင်း၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က အဓိက ဇာတ်ကောင်တွေနေရာမှာ ပါဝင် ထားခဲ့ကြတာ ဖြစ်ပါတယ်။

ခုတခါ Asia’s Digital Stars အယောက် ၁၀၀ စာရင်းမှာ ရွေးချယ်ခံရတာ နဲ့ ပတ် သက်ပြီးတော့ ဝတ်မှုန်ရွှေရည်ဟာ ရုံတင်ဝင်ငွေစံချိန်တင် ရုပ်ရှင်ကားတကားဖြစ်တဲ့ “လိပ်ပြာစံအိမ်”ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီကားနဲ့ ၂၀၁၉ ခုနှစ် Asian Academy Creative Awards ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ကြောင်းနဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ် (Followers) ၆ သန်းကျေိာ်နဲ့ အများဆုံးအနုပညာ ရှင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီစာရင်းထဲမှာတော့ မြန်မာနိုင်ငံက စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ အာရှနဲ့ ပစိဖိတ်ဒေသတွင်း ကျော်ကြားသူတွေဖြစ်ကြတဲ့ ထိပ်တန်းအမျိုးသမီးကေပေါ့ပ် အဖွဲ့- Blackpink ၊ ဝါရင့်အိန္ဒိယသရုပ်ဆောင်မင်းသားကြီး အမီတာဘချန်း၊ ပီးမတ်ခ်မင်း သားလို့ မြန်မာပရိသတ်တွေ ကြား ထင်ရှားတဲ့ ထိုင်းသရုပ်ဆောင်မင်းသား မာရီယို၊ ဩစ တေးလျ နာမည်ကြီးဟာသ သရုပ်ဆောင်မင်းသမီး ရီဘဲလ်ဝီလ်ဆင်၊ ထိုင်ဝမ်ပေါ့ပ်စတား အဆိုတော် ဂျေချောင်၊ X-men ရုပ်ရှင် စီးရီးစ်တွေနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင်မင်းသား ဟူးချ်ဂျက်ခ်မန်း၊ ဘောလိဝုဒ်စတားသရုပ် ဆောင်မင်းသမီး အလီယာဘတ်စတဲ့ နာမည်ကျော်တွေလည်း ရွေးချယ်ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013