DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသများတွင် ပညာရေး ပိုမိုရင်းနှီးမြှုပ်နှံမည်ဟု သမ္မတပြော
DVB
·
December 9, 2020
တိုင်းရင်းသားဒေသများတွင် ပညာရေး ပိုမိုရင်းနှီးမြှုပ်နှံမည်ဟု သမ္မတပြော
Donate to DVB

ပညာရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိကရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး တိုင်းရင်းသားဒေသတွေမှာ ပညာရေးနဲ့ပတ်သက်လို့ အခုထက် ပိုမိုရင်းနှီးမြှုပ်နှံသွားမယ်လို့  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီဇင်ဘာလ   ၉   ရက်မှာ ကျရောက်တဲ့ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတ ဦးဝင်းမြင့်က ထည့်သွင်း ပြောကြား ထားတာပါ။

“ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကရင်းနှီးမြှုပ်နှံမှု ဖြစ်ရာ တောင်ပေါ်မြေပြန့်မကျန် ပညာရေးရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အထူးသဖြင့် ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တိုင်းရင်းသားတို့၏ ဒေသများတွင် ပညာရေး၌ ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါသည်။” လို့ သမ္မတက ပြောပါတယ်။

အမြော်အမြင်ပြည့်ဝပြီး စွမ်းရည်ထက်မြက်တဲ့ လူငယ်တွေကို ပညာရေးက မွေးထုတ်ပေးနိုင်လို့ ကျောင်းနေအရွယ် လူငယ်အားလုံး အခြေခံပညာသင်ယူခွင့် ရရှိရေးဟာ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဦးစားပေး လုပ်ငန်းတစ်ရပ် ဖြစ်တယ်၊ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးမှာ အမြော်အမြင်ပြည့်ဝပြီး အတွေးအခေါ် ရင့်ကျက်မှန်ကန်တဲ့ လူငယ်တွေ ပေါ်ထွက်လာရေးဟာ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ဒါ့အပြင် ပညာရေး ပိုမိုမြင့်မားတိုးတက်လာအောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပညာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေ၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦတွေ၊ နည်းပညာတွေကို ဘက်ပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ 

ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ဖို့ ရှေ့ဆက်ရမယ့် ဒီမိုကရေစီခရီးမှာ ကြုံတွေ့ရမယ့် အခက်အခဲ စိန်ခေါ်မှုတွေကို  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားသွားကြဖို့လည်း သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပါတယ်။ 

၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့) က ကိုလိုနီကျွန်ပညာရေးစနစ်ကို ပယ်ဖျက်ပေးဖို့  ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက ပထမအကြိမ်  သပိတ်ကြီးစတင်ဆင်နွှဲခဲ့တဲ့နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာ ဒီကနေ့မှာ နှစ်ပေါင်းတစ်ရာပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013