DVB Logo
Home
Lead Story
မောင်မယ်မျိုးဆက် ပိုတိုးတက်ဖို့ တက်တိုးဆရာ လမ်းပြရာ 
DVB
·
December 9, 2020
မောင်မယ်မျိုးဆက် ပိုတိုးတက်ဖို့ တက်တိုးဆရာ လမ်းပြရာ 
1 / 4
Donate to DVB
“တက်တိုး ကွယ်လွန်ခဲ့ ၁၇ နှစ်” တက်တိုး မည်မှတ်၊ ကလောင်မြတ်မှာ ဘာသာပြန်ကာ၊ တို့ဆရာပါ ကမ္ဘာတလွှား၊ ကောင်းကျိုးများအား ဗမာများတွက်၊ အမှောင်ဖျက်၍  အလင်းထွက်ပေး၊ ကျေးဇူးပြုသူပါ။ ။  ၇ ဒီဇင်ဘာ ၂၀၂၀ ဆရာကြီးတက်တိုး ကွယ်လွန်ခြင်း ၁၇ နှစ်ပြည့်  စာရေးဆရာကြီး တက်တိုး ကွယ်လွန်ခဲ့တာ ၁၇ နှစ်ရှိပါပြီ။ စာပေဆိုင်ရာ စာအုပ်တွေ၊ စိတ်ပညာနဲ့ အတွေးအခေါ်ဆိုင်ရာ စာအုပ်တွေ၊ ပညာရေး ဗဟုသုတဆိုင်ရာစာအုပ်တွေ၊ ပင်ကိုရေးဝတ္ထုတွေ အုပ် ၅၀ လောက် ရေးခဲ့တယ်။ သူ ကွယ်လွန်ပြီးမှ ထပ်မံ ထုတ်ဝေတဲ့ စာအုပ်တွေလည်း ရှိပါသေးတယ်။  သူက “မင်းမှုထမ်း” စာအုပ်နဲ့ ၁၉၅၀ ခု စာပေဗိမာန်ဆုရခဲ့သလို “ပညာပေး လက်ရွေးစင်မြန်မာပုံပြင်များ” (အင်္ဂလိပ် မြန်မာ) စာအုပ်နဲ့ ပခုက္ကူဦးအုန်းဖေ တသက်တာစာပေဆုတွေ ရခဲ့တယ်။ ဆရာကြီးတက်တိုးဟာ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက် ရန်ကုန် နေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ၁၇ နှစ် ရှိပါပြီ။ ကွယ်လွန်ချိန်မှာ သူ့ အသက် ၈၀ ရှိပြီမို့ သက်တော်ရှည် စာရေးဆရာကြီးပါ။ တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေ၊ သဒ္ဒါတွေ၊ အီဒီယမ်စာအုပ်တွေလည်း ပြုစုခဲ့သူပါ။ ဒီနေ့မှာ သူ့ရဲ့ စာပေကျေးဇူးတွေကို သတိရနေမိပါတယ်ဗျာ။  “လူ့ဘဝမှာ  စည်းမဲ့ကမ်းမဲ့ ပြုခြင်းမှန်သမျှဟာ အပြစ်ချည်းပဲ။ လွန်ကဲမှုဟာလဲ အပြစ်ပဲ။ စည်းကမ်းနဲ့ အချိန်ကိုသုံးရမယ်။ စည်းကမ်းမဲ့ရင် အချိန်ဖြုန်းတာပဲ။" တက်တိုး (မောင်တို့မယ်တို့ တိုးတက်စေဖို့ စာအုပ်မှ) ဆရာတက်တိုးကို ရန်ကုန်တိုင်း၊ သံလျင်မြို့မှာ အဖ မြူနီစီပယ်ဈေးခေါင်းကြီး ဦးမောင်လေး၊ အမိ ဒေါ်စိန်ညွန့်တို့က ၁၉၁၃ ခု၊ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေနေ့ မွေးဖွားခဲ့တယ်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံး။ ငယ်မည် ညှပ်ကြီး၊ အမည်ရင်း ဦးအုန်းဖေ။ ၇ နှစ်သားအထိ မကွေး မဲထီးတိုက် ဦးဇောတိကဘုန်းကြီးကျောင်းနဲ့  မကွေး စာသင်ကျောင်းတို့မှာ ပညာသင်ကြားခဲ့တယ်။ အသက် ၈ နှစ်မှာ မကွေး အစိုးရအလယ်တန်းကျောင်းမှာ တက်တယ်။ အသက် ၁၄ နှစ် ၈ တန်းမှာ ဂန္ထလောက မဂ္ဂဇင်း ဘာသာပြန်ပြိုင်ပွဲမှာ "ကညာလော၊ကျားကြီးလော" ဝတ္ထုနဲ့ ဝတ္ထုတိုပထမဆုရခဲ့တယ်။ (ဗစ်ကတာ) ကလောင်အမည် နဲ့ ရေးပြီး ပထမဆုံး ပုံနှိပ်စာမူပါ။ ၁၉၃၀ မှာ မကွေးကနေ ၁၀ တန်းအောင်တယ်။ ၁၉၃၂ ခု ရန်ကုန်တက္ကသိုလ်က ဥပစာတန်း အောင်တယ်။ နောက်ပိုင်း "ဘားမားဂျာနယ်" မှာ ဆောင်းပါးတွေ စရေးတယ်။ ၁၉၃၈ ခုနှစ်မှာ တိုးတက်ရေးသတင်းစာ ဘာသာပြန် အယ်ဒီတာ ၃ လလုပ်ပြီး (နိုဝင်ဘာလမှာ) ဂန္ထလောကမဂ္ဂဇင်း အယ်ဒီတာ ပြောင်းလုပ်တယ်။ ၁၉၃၉ - ရန်ကုန် တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရပြီး တက္ကသိုလ် အင်္ဂလိပ်စာ နည်းပြဆရာ လုပ်ခဲ့တယ်။ တပြိုင်တည်းမှာ စာတွေရေးနေခဲ့တယ်။  စာမျိုးစုံဖတ်ရမယ်။ ဖတ်ပြီး စဉ်းစားဆင်ခြင်ရမယ်။ အမှန်နဲ့အမှား ပိုင်းခြားတတ်အောင် ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ပိုင်းခြားရမယ်။ တက်တိုး (မောင်တို့မယ်တို့ တိုးတက်စေဖို့ စာအုပ်မှ) “တက်တိုး၏ စာအုပ်များ” ၁၉၄၀ ပြည့်နှစ်မှာ ပထမဆုံး လုံးချင်းစာအုပ် “မာတာဟာရီ” ထွက်တယ်။ စုစုပေါင်းလုံးချင်း အုပ် ၅၀ လောက် ရေးခဲ့ရာမှာ  “နပိုလီယံ” (၁၉၄၀)၊ “လေနတ်မောင်” (၁၉၄၁)၊  “သုရောနန္ဒီ” (၁၉၄၃)၊ “အင်ဒိုနီးရှား” (၁၉၄၅)၊ “ခေတ်နှင့်ကံ”(၁၉၄၅)၊ “ရုသျှမှတ်စု” (၁၉၄၇)၊ “အာဇာနည်မာရီ”၊  “ဆောင်တော်ကူး” (၁၉၄၇)၊ “စာဆိုမယ်” (၁၉၄၇)၊ “အလင်းသို့” (လွတ်လပ်ရေး ကြိုဆိုမှုစာတမ်း) ၁၉၄၈ ၊ “သမ္မတလင်ကွန်း” (၁၉၄၈)၊ “အနုမြူရုရှ” (၁၉၄၉)၊  “မင်းမှုထမ်းလုံးချင်း” ဝတ္ထု(၁၉၅၀)နဲ့  စာပေ ဗိမာန်ဆုရပြီး “ခါးကုန်းကြီး”၊ “သောကကင်းဝေး နေနိုင်ရေး” (၁၉၅၁)၊ “အခါလည်သား” (၁၉၅၂)၊ “တက်တိုး အင်္ဂလိပ် မြန်မာ အဘိဓာန်” (၁၉၅၅)၊ “ဂျပန်ပြည်” (၁၉၅၈)၊ “သီဟိုဠ်” (၁၉၅၈)၊ “သံယောဇဉ်နှင့်အခြား ဝတ္ထုတိုများ” (၁၉၅၈)၊ “ဘဝနှင့်စာပေ” (၁၉၆၁)၊ “အာဇာနည်စိတ်” နှင့် “အညွန့်တလူလူ”  (၁၉၆၅)၊ “လောကနီတိ” (၁၉၉၅)၊  (ကြီးပွားရေး အိတ် ဆောင်ကျမ်း)၊ “အချစ်နှင့်စိတ်ပညာ” (၁၉၆၃)၊ “ကမ္ဘာ့ဆိုးပေကြီးများ” (၁၉၆၄)၊ “ကမ္ဘာ့စာဆိုကြီးများ”(၁၉၆၅)၊ “ပင်ကိုယ် ရေး ဝတ္ထုတိုများနှင့် ကိုယ်တိုင်ရှင်းပြချက်” (၁၉၆၅)၊ “တက်တိုး၏အတွေး အမြင်” (၁၉၉၂)၊  “သူတို့အတွေးအခေါ်မှတ်စုများ” (၁၊ ၂၊ ၃) (၁၉၉၀-၉၁)၊  “ဌာနေကအမေရိကန်တွေ” (၁၉၆၂)၊ “ကျန်းမာ ချမ်းသာ ဘဝပညာ” (၁၉၈၅)၊ “ငါးဦးကြမ္မာ”၊ “အခါလည်သား”၊ “ခုနစ်ဆောင်ပြိုင်အိမ်ကြီး”၊ “မေတ္တာမွန်”၊ “တောမီး”၊ “အိုင်ဗင်ဟို”၊ “ဆရာမဘဝ”၊ “ကမ္ဘာကျော်ဝတ္ထုတို များနှင့်ရှင်းပြချက်”၊ “ကမ္ဘာကျော် ဝတ္ထုရှည်ကြီးများ”၊ “ချစ်တေးကဗျာ ဝတ္ထုတိုများ”၊ “လံခြားသမား” စသော ဝတ္ထုများ ရေးသားခဲ့ပါတယ်။  အင်္ဂလိပ်စာနဲ့ စကားကို လေ့လာစမှာ နည်းနည်း ဝန်လေးသလို ဖြစ်ချင်ဖြစ်မယ်။ နောက် အရှိန်ရလာတော့ အလုပ်တာဝန်ရယ်လို့ မဟုတ်တော့ဘူး။ ပျော်စရာ ဝါသနာအလုပ်ဖြစ်ပြီး မလုပ်ရမနေနိုင် ဖြစ်လာပါလိမ့်မယ်။  ကြိုးစားလုပ်စမ်းပါ။ ။  တက်တိုး (မောင်တို့မယ်တို့ တိုးတက်စေဖို့ စာအုပ်မှ) ဆရာကြီး တက်တိုးက လူငယ်မောင်မယ်တွေအတွက် စေတနာထားပြီး စာပေတွေ (ဘာသာပြန်ရော ပင်ကိုရေးပါ) ရေးသားခဲ့တယ်ဆိုတာ သူ့စာတွေက ထင်ရှားနေပါတယ်။ သူဟာ ၁၉၄၁ ခုနှစ် - ဖေဖော်ဝါရီလမှာ ကဗျာဆရာမ နုယဉ် (ဒေါ်နုယဉ်) နဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၄ ယောက် ထွန်းကားခဲ့ပါတယ်။ ဆရာကြီးတက်တိုးရဲ့ ကလောင် အမည်ကွဲတွေ ၁၈ ခု တွေ့ရပါတယ်။ ၁။ တက်တိုး ၂။ ဆရာကြီး ၃။ ဆရာတက်တိုး ၄။ မောင်တက်တိုး ၅။ မောင်တက်တိုး (ခေတ်စာညွန့်) ၆။ တက္ကသိုလ်မောင်တက်တိုး။ ၇။ အာဇာနည်တက်တိုး ၈။ ဦးလေးတက်တိုး ၉။ တင် ၁၀။ မောင်ဖြူစင် ၁၁။ ဗစ်ကတာ ၁၂။ မောင်မြင့်တင် ၁၃။ မောင်လှသွင် ၁၄။ မောင်လှသွင် (ဘီအေ) ၁၅။ တက္ကသိုလ်အုန်းကလေး ၁၆။ အုန်းဖေ ၁၇။ အုန်းဖေ (မကွေးမြို့) ၁၈။ ဦးအုန်းဖေ စတာတွေပါ။ ဆရာကြီးဟာ ဆောင်းပါးမြောက်များစွာလည်း အခုလို ကလောင်ကွဲတွေနဲ့ ရေးခဲ့တာပါ။  စာရေးဆရာမှာ နာ ၄ နာ ရှိတယ်။  “ဝေဒနာ” ဝါသနာ” “စေတနာ” “အနစ်နာ” အကောင်းအဆိုး အကြောင်းအကျိုးကို ဖော်ထုတ်ပြဖို့ ဗဟုသုတ ရှာမှီး ဆည်းပူးရတဲ့ အကြောင်းအရာတွေ အတွေ့အကြုံတွေ၊ အထင်အမြင်တွေကို စာဖတ်သူတို့မှာ အကျိုးတခုခု ရပါစေဆိုတဲ့ “စေတနာ” အဲ့ဒီ “စေတနာ” နဲ့ ပြည့်စုံမှာသာ စာရေးဆရာ ဖြစ်လာနိုင်တယ်။        “စာနာစိတ်” ရှိမှ စာရေးဆရာပီသတယ်။ လူတွေမျိုးမျိုးမှာ ခံစားချက် (ဝေဒနာ) အမျိုးမျိုးဖြစ်နေတာကို ရှာ ရေးမှ စာကို ထူးခြားစွာ ရေးနိုင်မယ်။  “အနစ်နာ” ခံတယ်ဆိုရာမှာ  စာရေးဆရာအလုပ်ကို အသက်မွေးမှု အလုပ်အဖြစ် လုပ်ရင် စာဖတ်ပရိသတ် အသိအမှတ်မပြုမခြင်း ဝင်ငွေအာမခံမရှိဘူး။  ထုတ်ဝေသူက ကိုယ်စာကို ထုတ်ပေးမှ ငွေလေးကြေးလေး ရမှာ။ အဲ့ဒီတော့ စာရေးဆရာ အလုပ်ဟာ အာမခံချက် မရှိလှဘူး။  စာရေးဆရာလို့ အသိအမှတ်ခံယူရသည့်တိုင် “အနစ်နာခံ” ပြီး ကြိုးစားရမယ်။  တက်တိုး (မောင်တို့မယ်တို့ တိုးတက်စေဖို့ စာအုပ်မှ) ဆရာကြီးတက်တိုးဟာ ၁၉၄၀ ခုနှစ်မှာ ရန်ကုန် စုံထောက်မင်းကြီးရုံး စာတော်ပြန်လုပ်ခဲ့သေးတယ်။ အဲ့သည်နှစ် ဒီဇင်ဘာထိ ဂန္ထလောကမဂ္ဂဇင်း အယ်ဒီတာလုပ်ပြီး ၁၉၄၀-၄၁ မှာ ပြန်ကြားရေးဌာန၊ မြန်မာနိုင်ငံဘာသာပြန် ဌာနခွဲစာတည်းမှူး။ ၁၉၄၂-၄၃ မှာ ပညာမင်းကြီးရုံး၊ မြန်မာစာပေဌာနမှာ စာတည်းလည်း လုပ်ခဲ့တယ်။ ၁၉၄၃-၄၅ 'ပညာစွယ်စုံကျမ်း' လက်ထောက် စာတည်းမှူး။ ၁၉၄၅-၄၇ - ပြန်ကြားရေးဌာန၊ သုတေသနအရာရှိ။ ၁၉၄၆ - တိုင်းမ် မဂ္ဂဇင်း သတင်းထောက်။ ၁၉၄၇-၄၈ အိုးဝေ သတင်းစာ အယ်ဒီတာ။ ၁၉၄၇-၄၉ - ဟံသာဝတီ သတင်းစာ ခေါင်းကြီးရေးအယ်ဒီတာ။ ၁၉၄၉-၅၀ ပဒေသာမဂ္ဂဇင်း တည် ထောင်သူ၊ အတိုင်ပင်ခံအယ်ဒီတာ။ ၁၉၅၂-၅၃ - ကွန်မင်တေတာ အင်္ဂလိပ်ဘာသာထုတ် စာစောင်ကို ဦးစီးထုတ်ဝေ။ နယူးဘားမားဝိကလီး  အယ်ဒီတာအဖွဲ့ဝင်။ စာသင်သားဂျာနယ်ကို ထုတ်ဝေခဲ့။ ၁၉၅၃ - စီးပွားရေး သတင်းစာ ခေါင်းကြီးရေး အယ်ဒီတာ။ ၁၉၅၇ - တက်တိုးနည်းပြသင်တန်း ဖွင့်လှစ်တည်ထောင်ခဲ့။  ၁၉၅၇-၅၈ - နုယဉ်ပုံနှိပ်တိုက်ကိုတည်ထောင် ကျောင်းသုံးအင်္ဂလိပ်စာအုပ်တွေ ရိုက်နှိပ်ထုတ်ဝေခဲ့ရာမှာ အင်ဒိုနီးရှား၊ သီဟိုဠ်၊ ဂျပန် ၃ နိုင်ငံအကြောင်းရေးတဲ့ စာအုပ် ၃ အုပ် ကို ချစ်ကြည်ရေးဘာသာရပ်အဖြစ် ယူနက်စကိုက ဆုချီးမြှင့်ခဲ့တယ်။ ၁၉၅၈-၆၂ - ပုံနှိပ်တိုက်လုပ်ငန်း၊ အလွတ်ပညာသင်လုပ် ငန်းများကို ဦးစီးလုပ်ကိုင်ပြီး ၁၉၆၃ - မြန်မာ့သတင်းစဉ် (N.A.B) နိုင်ငံခြားသတင်းဌာန အယ်ဒီတာချုပ်တာဝန်ကို ၁၉၈၀ ထိ လုပ်တယ်။ ၁၉၆၉ - ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်။ ၁၉၆၉-၇၂ ဂါးဒီးယန်း အင်္ဂလိပ်သတင်းစာမှာ နေ့စဉ် ခေါင်းကြီးရေး။ ၁၉၇၂-၇၅ အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်။ ရုပ်ရှင်အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့ဝင် လုပ်ခဲ့တယ်။  ကမ္ဘာမှာ ထူးချွန်ထင်ရှားတဲ့  ပုဂ္ဂိုလ်ကြီးတွေရဲ့ အတ္ထုပ္ပတ္ထိတွေဟာ  တိုးတက်ကြီးပွားရေး သင်ခန်းစာတွေပါပဲ။  မင်းတို့ များများ ဖတ်ကြပါ။  စိတ်အား ထက်သန်မှု တက်လာပါလိမ့်မယ်။ ။ တက်တိုး (မောင်တို့မယ်တို့ တိုးတက်စေဖို့ စာအုပ်မှ) ဟုတ်ပါတယ်။ မြန်မာပြည်သားတွေ စိတ်ခွန်အားသတ္တိတွေအတွက် နပိုလီယံအတ္ထုပ္ပတ္တိ၊ သမ္မတလင်ကွန်း အတ္ထုပ္ပတ္တိတွေ အပါအဝင် အတ္ထုပ္ပတ္တိတွေကို ဆရာကြီးတက်တိုး ဘာသာပြန်ရေးသားခဲ့ပါတယ်။ သူဟာ လူတွေ သောကကင်းဝေး နေထိုင်စေနိုင်ဖို့အတွက် ရည်စူးပြီး ဘဝနေနည်း ဒဿနဆိုင်ရာ စာတွေကိုလည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။ သူဟာ စာကို ရှင်းရှင်းနဲ့ ဝါကျတို ရှည်တွေသုံး ထိထိမိမိ ရေးသူဖြစ်ပါတယ်။ ဒိုးခနဲ ဒေါက်ခနဲ ထင်းခနဲ မြင်အောင် ရေးပါတယ်။ စာစုံရေးသူလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာ ပညာရေး၊ အတွေးအခေါ် ဒဿန၊ အတ္ထုပ္ပတ္တိ၊ လောကနီတိ စသည်ဖြင့် စသည်ဖြင့် စာစုံအောင် အပတ်တကုတ် ကြိုးစားရှာဖွေ အပင်ပန်းခံပြီး ရေးခဲ့သူပါ။ ဒါတွေထဲကမှာ အခုသူ့ရဲ့ လူငယ်တွေအတွက် အတွေးအမြင်တွေကို ပြန်လည်တင်ပြပေးနေတဲ့ စာတွေကတော့ “မောင်တို့ မယ်တို့ တိုးတက်စေဖို့” စာအုပ်ထဲက စာတွေပါ။   ဘဝဆိုတာ  ပေါ့ပေါ့တန်တန်နေလို့လည်း ရပါတယ်။  ဒါပေမဲ့ မနေသင့်ဘူး။ လေးလေးနက်နက် သဘောထားပြီး  လူ့ဘဝလူ့စရိုက် လူ့စိတ်သဘောထားတွေကို လေးစားပါ။ စာတွေထဲမှာ အများကြီးရှိတယ်။  ထပ်ပြောဦးမယ်။ စာများများဖတ်။  ဖတ်ပြီး တတ်နိုင်သလောက် အဓိပ္ပာယ်ရှာယူ။  အဓိပ္ပာယ်မရှိတဲ့ “စာပေါ့” တွေကို  အပျင်းပြေဖတ်ပေါ့။ ဒါနဲ့တော့ အချိန် မကုန်စေနဲ့ပေါ့။  တွေးစရာမှတ်စရာ ပါတဲ့စာတွေရှိတယ်။ ဖတ်ပါ။  အားထုတ်ပြီးဖတ်ရင် တဖြည်းဖြည်း စာရဲ့ အရသာကို သိလာပါလိမ့်မယ်။  အသိ ပညာရှင် ဖြစ်လာအောင် ကြိုးစားပါ။ 

တက်တိုး (မောင်တို့မယ်တို့ တိုးတက်စေဖို့ စာအုပ်မှ)

အခုလို စာပေ ကျေးဇူးရှင်ကြီးတယောက်ဖြစ်တဲ့ ဆရာကြီးတက်တိုးဟာ သူ့အသက် ၈၀ အရွယ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ရန်ကုန်မြို့ သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကဆိုရင် ဆရာကြီး တက်တိုး ကွယ်လွန်ခဲ့တာ ၁၇ နှစ် ပြည့်ပါပြီ။ နေမင်းကြီးက ကွယ်သွားပေမဲ့ နေရောင်ရှိန်ဝှာတွေကတော့ ထွန်းလင်းနေဆဲပါ။ အလားတူပဲ ကျနော်တို့ဟာ ဒီနေ့မှာ ဆရာကြီးတက်တိုး ရေးသားပြုစုခဲ့တဲ့ အဘိဓာန်တွေမှာ စကားလုံးအဓိပ္ပာယ်တွေ ဖွင့်လှန်ရှာနေကြရဆဲ၊ ပညာတွေ ရှာဖွေယူနေကြရဆဲ၊ သူ့ရဲ့ ဒဿနဆိုင်ရာ အတွေးအခေါ် စာတွေကို လေ့လာ ဖတ်ရှု အတုယူနေကြရဆဲပါ ခင်ဗျာ။ ။ 
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013