DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ်ရေကြီး
DVB
·
August 22, 2013
ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ်ရေကြီး
Donate to DVB

မိုးများပြီး မြစ်ရေတက်မှုကြောင့်  ကရင်ပြည်နယ်အတွင်းမှာ ဩဂုတ်လ ၂၁ ရက် နေ့ကစပြီး ဒုတိယအကြိမ် ရေကြီးမှု ဖြစ်ပွားနေပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာ ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး သံလွင်မြစ်ရေတက်မှုကြောင့် အနိမ့်ပိုင်း အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်တွေမှာ ရေလျှံမှုဖြစ်ပြီး ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထား တယ်လို့ မြို့ခံတဦးက ပြောပါတယ်။



[caption id="attachment_42804" align="alignright" width="300" caption="လှိုင်းဘွဲ့မြို့ ရေကြီးနေစဉ် (ဓာတ်ပုံ -Nandakyawthusoe )"][/caption]

“ဘားအံမှာ ရေကြီးနေတာက မြစ်ရေလျှံတာ။ ဆိုတော့ ရွှေရည်မျှော်ဘုရားနဲ့ မိုးလုံလေလုံ အားကစားကွင်းရယ်၊ အောင်သံလွင် ဘောလုံးကွင်း သုံးခုကို အရေးပေါ် ကယ်ဆယ်ရေးဖွင့်ထားတယ်။ အိမ်ထောင်စုပေါင်း အကုန်လုံး ၃၀၀ ကျော်ပဲ ရှိသေးတယ်။ ဘားအံမှာတော့ ရပ်ကွက် ၅ ရယ်၊ ၁ ရယ်၊ ၂ ရယ် အောက်အနိမ့်ပိုင်းတွေပဲ ဖြစ်သေးတယ်။ ”


အလားတူ လှိုင်းဘွဲ့မြို့မှာလည်း မနေ့ကစပြီး ရေပြန်တက်တဲ့အတွက် မြို့ပေါ် ရပ်ကွက် ၄ ခုလုံး ရေကြီးနေတယ်လို့ မြို့ခံ ဦးချစ်တင်က ပြောပါတယ်။

“ရေတွေကလည်း ချောင်းတွေဘာတွေမှာ အခံရှိသေးတယ်ဆိုတော့ မိုးနည်းနည်းများတာနဲ့ ရေပြန်တက်လာတယ်။ ဟိုတခေါက်လောက်တော့ ရေမများဘူးဗျာ။ ဟိုတခေါက်ထက် ရေ ၃ ပေလောက် လိုတယ်။ ရပ်ကွက်လေးခုလုံးတော့ မြုပ်နေတာပဲ။ အခုက ရေ ၃ ပေ ကျော်ကျော်လောက်ရှိတယ်။”

ရေကြီးမှုကြောင့် မြို့မ ကျောင်းဓမ္မာရုံနဲ့ စာသင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပြီး မြို့ခံအချင်းချင်း ကူညီကယ်ဆယ်မှုတွေ လုပ်နေကြတယ်လို့ ပြောပါတယ်။

အလားတူ မြ၀တီမြို့မှာလည်း သောင်းရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်တဲ့ အတွက် ပြီးခဲ့တဲ့လကလို ရေပြန်ကြီးမှာကို မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဩဂုတ် ၂၁ ရက် ထုတ်ပြန်ချက်မှာတော့ သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့၌ ၈၀၈ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၇၅၀ စင်တီမီတာကို ကျော်လွန်တည်ရှိနေသည်။ အဆိုပါ မြစ်ရေမှာ နောက် ၄၈ နာရီ အတွင်းဖာအမြိုရဲ့ စိုးရိမ်ရေမှတ် အထက်၌ ဆက်လက်တည်ရှိ နေနိုင်ကြောင်း ထုတ်ပြန်ထားပါ တယ်။  အလားတူ  ဧရာဝတီ၊ စစ်တောင်း နဲ့ င၀န်ဖြစ်တွေဟာလည်း စိုးရိမ်ရေမှတ် ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၈ ရက်နေ့ကကနေ ဩဂုတ်လ ၁ ရက်နေ့အထိ ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။  အဲဒီရေကြီးမှုကြောင့်  ဘားအံ၊ လှိုင်းဘွဲ့၊  ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ မြ၀တီမြို့နယ်နဲ့  ကမမောင်း မြို့နယ်ခွဲတို့မှာ အိမ်ထောင်စုပေါင်း ၆၇၃၃ စု၊  လူ ၃ သောင်း ခွဲနီးပါး ရေဘေးကြုံရတဲ့အတွက် ကယ်ဆယ်ရေး စခန်း ၇၉ ခု ဖွင့်လှစ်ထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ရေလွှမ်းမိုးမှုကြောင့် သင်္ကန်း ညီနောင်-ကော့ကရိတ် ကားလမ်းမှာ တောင်ပြိုပိတ်ဆို့မှု ၂၅ နေရာ၊ တံတားပျက်စီးမှု ၁ နေရာ၊ ခေတ္တပိတ် ထားရတဲ့ စာသင်ကျောင်း ၂၄၅ ကျောင်း၊ စပါးခင်း ရေနစ်မြုပ်မှု ၃၀၉၀၇ ဧကရှိကြောင်း ဖော်ပြထားပြီး အခုတကြိမ်ရေကြီးမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန် ထားခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ် သံတွဲမြို့မှာတော့ ဩဂုတ် ၁၉ ရက်ကနေ ၂၁ ရက်အထိ ရေကြီးမှုဖြစ်ပွားခဲ့ပြီး မနေ့ညက ရေကျသွားတဲ့အတွက် ဒီကနေ့ သန့်ရှင်းရေး လုပ်နေပြီး ရေတွင်းတွေလည်း ပြန်ဖော်နေတယ်လို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းက ပြောပါတယ်။ ရေဘေးဒုက္ခသည်တွေလည်း အိမ်ပြန်သွားကြပြီလို့ ပြောပါတယ်။

၃ ရက်တာ ရေကြီးကာလအတွင်း ချောင်းရေနဲ့ မျောလာတဲ့ သစ်တုံးကို လိုက်ဆယ်ရင်း လူ ၃ ဦး သေသွားတယ်လို့ ဦးကျော်စိုးလင်းက ပြောပါတယ်။

”သူတို့က ချောင်းရေကျတဲ့အခါ ထင်းတုံးတွေ မျောလာတယ်။  အဲဒါဆိုဆင်းဆယ်ရင်းနဲ့ ရေစီးတဲ့နောက်ကို မျောပါသွားတာ။ သုံးယောက် ။ ရေဘေးနဲ့ တော့ မဆိုင်ဘူး။ ”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013