DVB Logo
Home
မြန်မာသတင်း
ငါးပိဈေးကွက်၏ ၈၀ ရာခိုင်နှုန်း ဓာတ်မြေဩဇာပါနေ
DVB
·
August 21, 2013
ငါးပိဈေးကွက်၏ ၈၀ ရာခိုင်နှုန်း ဓာတ်မြေဩဇာပါနေ
Donate to DVB

မြန်မာနိုင်ငံရဲ့ ဒေသထွက်လည်း မိရိုးဖလာ အစားအစာလည်းဖြစ်တဲ့ ငါးပိတွေကို ယူရီးယားဓာတ်မြေဩဇာနဲ့ ပြုလုပ်နေတယ်လို့ စာသုံးသူကာကွယ်ရေးအသင်းက ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

ဈေးကွက်ထဲက ငါးပိတွေကို စစ်ဆေးရာမှာ ငါးပုံလေးပုံဟာ စာသုံးသူတွေအတွက် အလွန်အန္တရာယ်များတယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“အကုန်လုံး နီးပါးလောက်က ဓာတ်မြေဩဇာနဲ့ ငါးပိတွေကို သိပ်ကြတယ်။ ယူရီးယားဓာတ်မြေဩဇာတွေ သုံးတယ်လို့ သတင်းရတယ်။ ဘယ်လိုမှ ရှာဝယ်လို့မရဘူး။ အိမ်စားဖို့ ကိုယ့်ဘာသာကိုယ် သိပ်ထားတဲ့ လေး၊ ငါး၊ ဆယ်ပိဿာပဲ ရတယ်။ အခုသူတို့က ဘယ်လိုလဲဆိုတော့ ဖြတ်လမ်းကနေပြီး ဒီအရိုးတွေ၊ ငါးပိတွေ နူးညံ့ပျော့အိသွားအောင် ကုန်ကျစရိတ်လည်း သက်သာတယ်၊ တလ နှစ်လအတွင်းနဲ့ ဈေးကွက်တွေကို ရောက်တယ်။ ဒါပေမယ့် စားသုံးတဲ့သူတွေမှာကျတော့ ကလီစာတွေ ထိတယ်။ ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းလောက်က ဓာတ်မြေဩဇာနဲ့ သိပ်တာ ဖြစ်နေတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဩဂုတ် ၁၉ ရက်နေ့က ရန်ကုန်မြို့တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာန (FDA)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ တင်ပြခဲ့သေးတယ်လို့ သူက ပြောပါတယ်။

အခုလို ငါးပိထဲမှာ ဓာတ်မြေဩဇာ ပါတယ်ဆိုတဲ့ သတင်းတွေကြောင့် ငါးပိကို သီးသန့်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ မရှိသေးဘူးလို့ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာန ရဲ့ ညွှန့်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ အစီအစဉ်နဲ့ ဆက်သွားဖို့ ရှိတယ်။ နိုင်ငံတော်က ငါးပိကို အဲဒီလိုမျိုး လုပ်ဖို့တာ့ အစီအစဉ်မရှိသေးဘူး။ ကျနော်တို့ရဲ့ အစီအစဉ်မှာ ပါလာတဲ့အချိန်မျိုးကျရင်တော့ တမျိုးဆောင်ရွက်မှာပါ။ အခုလောလောဆယ်တော့ ဘာမှအစီအစဉ်မရှိဘူး။”

ရန်ကုန်မြို့ရဲ့ ဈေးတွေထဲမှာလည်း ငါးပိမှာ ဓာတ်မြေဩဇာပါလားလို့ စာသုံးသူတွေက မေးလာကြပြီလို့ ရန်ကုန်မြို့လယ် ၃၈ လမ်းဈေးက ဈေးသည် ဒေါ်မာမာဝင်းက ပြောပါတယ်။

“၀ယ်တဲ့လူတွေက ပြောကြတယ်၊ မေးကြတယ်။ ငါးပိမှာ ဓာတ်မြေဩဇာတွေပါတယ်၊ ကျမတို့က ၀ယ်ရောင်းရတယ်ဆိုတော့လေ ဘယ်အချိန် ဘယ်အဆင့်ထဲမှာ ထည့်ထားသလဲ မသိဘူးလေ။ ကျမတို့တော့ မထည့်ဘူး။ ၀ယ်တဲ့အတိုင်းပဲ ရောင်းတာပေါ့နော်။ ဒါပေမယ့် စားနေကြလူကတော့ သိလျက်သားနဲ့ ပုံမှန် ၀ယ်ယူစားနေကြတာပဲ။ ဖြစ်ခါမှ ဖြစ်တဲ့။ မစားဘဲ မနေနိုင်ဘူးတဲ့။”

ယူရီးယားဓာတ်မြေဩဇာကို ငါးပိ တာရှည်ခံအောင် ထည့်သွင်းတာလို့ သိရပြီး များသောအားဖြင့် ငါးပိကို ကြိုချက်တာ၊ မီးဖုတ်တာ လုပ်လေ့ရှိတာကြောင့် ယေဘုယျအားဖြင့် ယူရီးယားဓာတ်ပျက်ပြယ်နိုင်ပြီး နိုက်ထရိုဂျင်ပါတဲ့ အညစ်အကြေးတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ဆရာဝန်တဦးက သုံးသပ်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013