DVB Logo
Home
မြန်မာသတင်း
မဒေးကျွန်းတွင် အရက်ရောင်းချမှု ကင်းမဲ့ရေး ဒေသခံများ တောင်းဆို
DVB
·
August 21, 2013
မဒေးကျွန်းတွင် အရက်ရောင်းချမှု ကင်းမဲ့ရေး ဒေသခံများ တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ အရက်သေစာရောင်းချမှု ကင်းမဲ့ရေးနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆုံးရှုံးမြေယာတွေအတွက် လျော်ကြေးပြန်ရရေး ဒေသခံတွေက ပြည်နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေမှာ စာရေးတောင်းဆိုခဲ့ပါတယ်။

[caption id="attachment_42778" align="alignright" width="300" caption="စီအန်ပီစီ တရုတ်ကုမ္ပဏီကို ပြီးခဲ့တဲ့ ဧပြီလက မဒေးကျွန်းဒေသခံများ ဆန္ဒပြခဲ့ကြစဉ်"][/caption]

စာရေးတောင်းဆိုတာနဲ့ ပတ်သက်ပြီး မဒေးကျွန်းဒေသ ဖွံ့ဖြိုးတက်ရေးအသင်းရဲ့  ဥက္ကဋ္ဌ ဦးထွန်းကြည်က “ကျနော်တို့ မဒေးကျွန်းမှာ သူတို့ အရက်တွေဖမ်းပြီးတော့ ထောင်ချတာကတော့ ဒေသခံတွေကိုပဲ ထောင်ချတယ်၊ ရဲတွေ ရောင်းတဲ့ အရက်ဆိုင်ရှိတယ်၊  ရဲအရာရှိကြီးတွေ ရောင်းတဲ့ အရက်ဆိုင်လည်း ရှိတယ်။ နောက်ပြီးတော့ ပိုက်ဆံရှိတဲ့ လူတွေရောင်းတဲ့ အရက်ဆိုင်လည်းရှိတယ်။ သူတို့ကို ဖမ်းလည်း မဖမ်း၊ ထောင်လည်း မချ။ သူတို့ အရက်တွေကို လောလောဆယ် ၀ှက်ထားတယ်။ နောက်တော့ သူတို့ မြို့နယ်ကနေ လိုင်စင်လျှောက်မယ်ပေါ့။ လိုင်စင်လျှောက်ပြီးတော့ သူတို့အရက်ကို ကြီးစိုးပြီးတော့ မတန်တဆ ဒလဟောရာင်းမယ်၊ အဲဒီပုံစံမျိုးတွေ နောက်ပိုင်းမှာ လုပ်နေကြတယ်။ မြို့နယ်ကနေ လိုင်စင်ထုတ်ပေးပြီး မဒေးကျွန်းမှာ အရက်ရောင်းမယ် ဒီလိုပုံစံမျိုးလေ။ ဒါကို ကျနော်တို့ လုံးဝ လက်ခံလို့ မရဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက မဒေးကျွန်းရွာသား ၅ ဦးကို အရက်သေစာ ရောင်းချမှုနဲ့ မြို့နယ်ရဲစခန်းက ဖမ်းဆီးထောင်ချလိုက်ခဲ့တာပါ။

ဒါ့အပြင်  ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆုံးရှုံးသွားတဲ့ မြေယာလျော်ကြေးရရှိရေး၊ မဒေးကျွန်းမှာ လျှပ်စစ်မီးရရှိရေးနဲ့ အရင်က တောင်းဆိုခဲ့ဖူးတဲ့ အချက် ၉ ချက်ကို လက်တွေ့ လိုက်လျော အကောင်အထည်ဖော်ပေးရေးတွေ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပိုက်လိုင်းစီမံကိန်းကြောင့် ဆုံးရှုံးတဲ့ မြေယာတချို့အတွက် လျော်ကြေးငွေတွေ ပြီးခဲ့တဲ့ ၃ လ လောက်က ရခဲ့ပေမယ့် တရွာလုံးက စားကျက်မြေအဖြစ်သုံးလာတဲ့ ဧက ၂၀၀ ကျော်ရှိမြေတွေကို အစိုးရက ဦးပိုင်မြေဆိုပြီး လျော်ကြေးမပေးခဲ့တာ၊ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာပေမယ့် အထောက်အထားမရှိလို့ လျော်ကြေးမရတာတွေ၊ တန်ရာတန်ကြေး မရတာတွေ စိစစ် ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး တောင်းဆိုထားဖူးတဲ့ အချက် ၉ ချက်မှာ လမ်းတွေ ပြုပြင်ဖောက်လုပ်ပေးဖို့၊ စီမံကိန်းကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ ပြဿနာ ဖြေရှင်းပေးဖို့၊ လျှပ်စစ်မီးသွယ်တန်းပေးဖို့၊ ပျက်စီးသွားတဲ့ လယ်မြေလုပ်ကွက်တွေ ပြန်ဖော်ပေးဖို့၊ လွတ်လပ်စွာ ငါးဖမ်းခွင့်ရရေး၊ ဆုံးရှုံးလယ်မြေအတွက် လျော်ကြေးကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ပြန်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဩဂုတ် ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ လူထုစည်းဝေးပွဲမှာ မဒေးကျွန်း နဲ့ အနီးအနား ပတ်ဝန်းကျင်ကျေးရွာက စုစုပေါင်း လူ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့  ဦးထွန်း ကြည်က ပြောပါတယ်။

မဒေးကျွန်းအနီးမှာ စီအန်ပီစီ တရုတ်ကုမ္ပဏီက လာရောက်လုပ်ကိုင်နေတဲ့ ဓာတ် ငွေ့ပိုက်လိုင်း စီမံကိန်းတွေကြောင့် လယ်ယာမြေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရ တဲ့အပေါ် ရွာသားတွေက ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့အတွက် ခေါင်းဆောင် ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး အာမခံနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013