DVB Logo
Home
မြန်မာသတင်း
COVAX အစီအစဉ်ဖြင့် မြန်မာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေးရနိုင်
DVB
·
December 6, 2020
COVAX အစီအစဉ်ဖြင့် မြန်မာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေးရနိုင်
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို COVAX အစီအစဉ်ကနေ နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက်ပဲ အများဆုံး ရနိုင်တာကြောင့် ကာကွယ်ရေးစည်းကမ်းတွေကို အထူးအလေးထားပြီး လပေါင်းများစွာ လိုက်နာဖို့လိုတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

မနေ့ကလုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်တဲ့အစီအစဉ်တွေအကြောင်း ဆွေးနွေးရာမှာ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောတာဖြစ်ပြီး ကာကွယ်ဆေးရမယ့် အရေအတွက်ဟာ COVAX အစီအစဉ်နဲ့ အကျုံးဝင်တဲ့ ၉၂ နိုင်ငံ အချိုးကျ မျှဝေရမယ်လို့ ဆိုပါတယ်။

ပြီးတာ့ တလုံးတခဲတည်းမဟုတ်ဘဲ အသုတ်လိုက်ခွဲရမှာဖြစ်လို့ နိုင်ငံတဝန်းက ပြည်သူတွေကို ရတဲ့အပေါ်မူတည်ပြီး ထိုးရမှာဖြစ်ပြီး လူထုထဲမှာ လုံလောက်တဲ့ ရောဂါခုခံကာကွယ်နိုင်မှု ပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရဖို့ခက်မယ်လို့ ပြောပါတယ်။

ဒါကြောင့် ကိုဗစ် ကာကွယ်ရေး စည်းကမ်းတွေကို လုံးဝ မပေါ့ဆဘဲ အထူးအလေးထား လပေါင်းများစွာ ဆက်လက်လိုက်နာနေတာဟာ အကောင်းဆုံးသော ရောဂါကာကွယ်မှုဖြစ်ပြီး ပါးစပ် နှာခေါင်းစည်းနဲ့ တခြား ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရန် ရှောင်ရန် အချက်တွေကို တိတိကျကျ လိုက်နာတာဟာ ကာကွယ်ဆေးထိုးထားသလို ထိရောက်တယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးဌာနဟာ Gavi, the Vaccine Alliance နဲ့ အချိန်နဲ့တပြေးညီ အသေးစိတ် ကြိုတင်ဆွေးနွေးထားပြီးဖြစ်လို့ ကာကွယ်ဆေး အမြန်ဆုံးရမယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။

COVAX အစီအစဉ်ဆိုတာက ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးအစီအစဉ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကာကွယ်ဆေးတွေထောက်ပံ့နေတဲ့ Gavi အဖွဲ့က အဲအစီအစဉ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆေးထုတ်လုပ်သူတွေဆီကနေ ဝယ်ယူမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ၂၀၂၁ ခုနှစ်ကုန်မှာ ဆေးလုံးရေ သန်း ၂၀၀၀ ဝယ်ဖို့ ရည်ရွယ်ထားပါတယ်။

COVAX အစီအစဉ်ကနေ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအနေနဲ့ အများဆုံးရနိုင်တာက လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာဖြစ်ပြီး ဒါကလည်း တကြိမ်တည်း အကုန်ရမှာ မဟုတ်ဘူးလို့ ဝန်ကြီးက ဆိုပါတယ်။

ဒါကြောင့် ထပ်လိုမယ့်ပမာဏကို ဝယ်နိုင်ဖို့ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြုနေတဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က သက်ဆိုင်ရာ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတွေနဲ့ တိုက်ရိုက်ဖုန်းနဲ့ ဆက်သွယ်နေတယ်လို့ ပြောပါတယ်။

ပြီးတော့ ဒီဆေးဝယ်ဖို့ နိုင်ငံတော်ဘဏ္ဍာငွေ၊ ကမ္ဘာ့ဘဏ်ချေးငွေတို့နဲ့ ဝယ်ယူဖို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဆီက လမ်းညွှန်ချက်တွေလည်း ရထားပြီလို့ ပြောပါတယ်။

ဒီ ကိုဗစ်-၁၉ ကာကွယ်ဆေးတချို့ဟာ ကမ္ဘာမှာ အရင်က တခါမှ မသုံးဖူးသေးတဲ့ပုံစံနဲ့ ထုတ်ထားတာဖြစ်လို့ သတင်းထောက်လှမ်းပြီး အမြဲသုံးသပ်မှာ ဖြစ်သလို လက်တွေ့မှာ အချိန်ကာလ ဘယ်လောက်ကြာကြာ ကာကွယ်နိုင်တယ်ဆိုတာကိုလည်း လေ့လာရမယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ကာကွယ်ဆေးရတဲ့အပေါ်မူတည်ပြီး ကိုဗစ်လူနာတွေ ကိုင်တွယ်ကုသနေရတဲ့၊ ကွင်းဆင်းနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးလုပ်သားတွေ၊ မရှိမဖြစ် အရေးကြီးတဲ့ ကဏ္ဍတွေက ဝန်ထမ်းတွေ၊ ရောဂါဖြစ်ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးထိုးနှံအုပ်စုမှာ ထည့်ဖို့၊ ရောဂါဖြစ်ပွား၊ သေဆုံးတာများတဲ့ တိုင်းနဲ့ ပြည်နယ်ကို ရွေးမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ပြီးတော့ ပုဂ္ဂလိက ကဏ္ဍကလည်း ဝယ်ယူထိုးနှံနိုင်ရေးကို ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013