DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် သံတွဲတွင် ရေလွှမ်း
DVB
·
August 21, 2013
ရခိုင်ပြည်နယ် သံတွဲတွင် ရေလွှမ်း
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ချောင်းရေလျှံတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရေလျှံကုန်ပြီး ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ကူညီနေတယ်လို့ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းက ပြောပါတယ်။

[caption id="attachment_42757" align="alignright" width="300" caption="ဓာတ်ပုံ - NPE"][/caption]

“ရေကြီးတယ်ဆိုတာမှန်တယ်။ ရေကြီးတယ်ဆိုတာလည်း ပင်လယ်ရေတက်နေတဲ့အချိန်၊ မိုးများပြီး တောင်ကျရေကလည်း ကျနေတဲ့အချိန်လေးမှာ တရက်နှစ်ရက် အခိုက်အတန့်ဖြစ်တယ်။ ကယ်ဆယ်ရေးစခန်းက ၆ ခု ဖွင့်ပါတယ်။ နောက် ရေကျသွားတော့ လေးခုပဲ ကျန်ပါတော့တယ်။”

ရေပြန်ကျတယ်ဆိုပေမယ့် ဒီကနေ့ ရေထရက်မှာ ရေနည်းနည်း ပြန်တက်လာတယ်လို့ သူ ဖြည့်စွက်ပြောဆိုပါတယ်။

သံတွဲမြို့မှာ ဩဂုတ် ၁၉ ရက် မနက်ပိုင်းကတည်း သံတွဲချောင်းနဲ့နီးတဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ နေ့ခင်း ၂ နာရီလောက်ကတည်းက ရေတက်လာတာဖြစ်ပြီး ချောင်းနဲ့ လှမ်းတဲ့ သံတွဲမြို့ပေါ် အမြင့်ပိုင်းရပ်ကွက်နေ ဈေးဆိုင်ပိုင်ရှင်တဦးက ပစ္စည်းသိမ်းနေရင်း ရေတက်လာတာ မြန်ဆန်ပုံကို ခုလို ပြောပါတယ်။

“ညနေ ၅ နာရီလောက်မှာ ရေက ဝေါကနဲ ၀င်လာတာ။ ၀င်လာပြီးတာနဲ့ ချက်ချင်းမြင့်တက်လာတာနဲ့ ရေများလာတဲ့အခါကျတော့ တချို့တလေပစ္စည်းတွေ အကုန်အောက်မှာ ထားပစ်ခဲ့တော့ ပစ္စည်းဆုံးရှုံးတာပေါ့နော်။ ၇ နာရီ၊ ၈ နာရီလောက်မှာ ကျမတို့ထက် နည်းနည်းမြင့်တဲ့ မြို့နယ်ခန်းမရှေ့လမ်းဘက်တွေ အားလုံးမြုပ်သွားတယ်။ တနင်္လာနေ့ ၈ နာရီကျော်ကျော်လောက်က တမြို့လုံးမြုပ်တယ်။ မနေ့က ၃ နာရီ၊ ၄ နာရီလောက်မှာ ရေကျသွားတယ်။”

ရေက သုံးပေခွဲလောက်ထိ သူတို့အိမ်အောက်ကို ရောက်လာပြီး ခုတော့ ပြန်ကျသွားပေမယ့် အမှတ် (၁) နဲ့ အမှတ် (၂) ရပ်ကွက်တွေမှာတော့ ရေတင်ကျန်ရှိနေတုန်းပဲလို့ ဆိုပါတယ်။ရေတက်မှုကြောင့် ပစ္စည်းတချို့ ရေနစ်ပျက်စီးတာရှိပေမယ့် လူအသေအပျောက် မရှိဘူးလို့ ပြောပါတယ်။

သံတွဲမြို့မှာ အလားတူ ရေကြီးဖူးတဲ့ ၂၀၀၄ ခုနှစ်တုန်းကတော့ သူတို့နေအိမ်အောက်ထပ်မှာ ၅ ပေလောက်ထိ တက်ခဲ့ဖူးပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ အိမ်ခေါင်မိုးမြုပ်ခဲ့ဖူးတယ်လို ဆိုပါတယ်။

အစိုးရက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်နေသလို နိုင်ငံရေးပါတီတချို့နဲ့ လူမှုရေးအသင်းအဖွဲ့တွေကလည်း ရေဘေးသင့်သူတွေကို ရိက္ခာခြောက်တွေ တပိုင်တနိုင် လိုက်လံကူညီနေပါတယ်။

အန်အယ်လ်ဒီပါတီ ခရိုင်အတွင်းရေးမှူး ဦးဝင်းနိုင်က “ကယ်ဆယ်ရေးစခန်းကတော့ ကြက်ခြေနီက နေရာ ၃ ခုဖွင့်ထားပါတယ်။ ကျနော်တို့ကတော့ ဒါ အရပ်ဘက်ကိစ္စဆိုတော့ ကျနော်တို့ကိုယ်တိုင်ပဲ ၁ ရပ်ကွက်၊ ၂ ရပ်ကွက်တွေမှာ လှေနဲ့လိုက်ပြီး ရိက္ခာဖြန့်ရတယ်ပေါ့” လို့ ပြောပါတယ်။” လက်ရှိ ရေဘေးသင့်သူ ၄ ထောင်လောက် ရှိနေတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

သံတွဲမြို့ခံတဦးက ရေလွှမ်းမှုဟာ မိုးများမှု၊ တောင်ကျရေတွေကြောင့်ဖြစ်သလို ကျလာတဲ့ ရေကို ချောင်းလက်တက်တွေ ခွဲမပေးတာ၊ တောင်ကျရေကို ထိန်းသိမ်းထားမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေ ပျက်စီးတာတွေကြောင့် သံတွဲချောင်းတခုတည်းကနေ သယ်ယူလာရာကနေ ချောင်းက တိမ်ကောပြီး မြို့တွေထဲကို ရေ၀င်ရောက်လာတာလို့ သုံးသပ်ပြောဆိုပါတယ်။

အနီးဝန်းကျင်က ဂွချောင်း၊ ကျိန်တလီချောင်း၊ ပုစွန်သေချောင်းတွေလို ချောင်းလက်တက်တွေကို ခွဲထုတ်ပေးမယ်ဆိုရင်တော့ သံတွဲမြို့ပေါ်ရေတက်တာကို ကာကွယ်နိုင်မယ်လို့ သူက ပြောပါတယ်။

သံတွဲမြို့မှာ ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၁ ခုနှစ်တွေမှာ မြို့တွင်းရေနစ်မြုပ်ခဲ့ပြီး ကျန်နှစ်တိုင်းလိုလိုမှာ မိုးများပြီဆိုရင် ချောင်းကမ်းနားနီးတဲ့နေရာတွေမှာ ရေနစ်မြုပ်တာ ထုံးစံဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013