
ရုရှားနိုင်ငံ မြို့တော် မော်စကိုက ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေအရှိဆုံးသူတွေကို ဒီဇင်ဘာ ၄ ရက်မှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေပါတယ်။
သြဂုတ်လမှာ မှတ်ပုံတင်ခဲ့တဲ့ စပွန်းနစ် ၅ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးနေတာပါ။
စပွန်းနစ် ၅ ဟာ ၉၅ ရာခိုင်နှုန်း အစွမ်းထက်ပြီး ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဘူးလို့ ကာကွယ်ဆေးထုတ်သူတွေက ဆိုပေမယ့် အဲဒီကာကွယ်ဆေးဟာ အစုလိုက်စမ်းသပ်နေဆဲ ဖြစ်ပါတယ်။
သီတင်းပတ်ကုန်ရက်အတွင်း နှစ်ကြိမ်ထိုး စပွန်းနစ် ၅ ကာကွယ်ဆေး ရဲ့ ပထမအကြိမ် ထိုးနှံခံဖို့ လူပေါင်းထောင်ချီ စာရင်းပေးထားပါတယ်။
ဒါပေမဲ့ ရုရှားအနေနဲ့ ကာကွယ်ဆေးလုံးရေ ဘယ်လောက်ထုတ်လုပ်မလဲဆိုတာ သေချာမသိရသေးပါဘူး။
ထုတ်လုပ်သူတွေက ဒီနှစ်ကုန်မှာ ကာကွယ်ဆေး လုံးရေ နှစ်သန်း ထုတ်လုပ်ဖို့ပဲ မျှော်လင့်ထားတာပါ။
မော်စကိုမြို့တော်ဝန် ဆာဂျီ ဆိုဘာယန်နင်ကတော့ လူဦးရေ ၁၃ သန်း ရှိရာ မော်စကိုမြို့က ဆရာ၊ ဆရာမ၊ ကျန်းမာရေး ဝန်ထမ်းနဲ့ လူမှုရေးဝန်ထမ်းတွေကို ထိုးနှံပေးနေတယ်လို့ ပြောပါတယ်။










