DVB Logo
Home
မြန်မာသတင်း
မန္တလေးက ဈေးများတွင် အလိုအလျောက် လက်ဆေး၊ အဖျားတိုင်းစနစ်ပြုလုပ်ရန် ဘဏ္ဍာငွေမလုံလောက် 
DVB
·
December 4, 2020
မန္တလေးက ဈေးများတွင် အလိုအလျောက် လက်ဆေး၊ အဖျားတိုင်းစနစ်ပြုလုပ်ရန် ဘဏ္ဍာငွေမလုံလောက် 
Donate to DVB

မန္တလေးစည်ပင်သာယာရေးအဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဈေးတွေမှာ ခေတ်မီကိရိယာတွေနဲ့ အဖျားတိုင်းတာ၊ Hand Gelနဲ့ အလိုအလျောက် လက်ဆေးတာတွေကို ဈေးအားလုံးမှာ ဆောင်ရွက်ဖို့ ဘဏ္ဍာငွေမလုံလောက်တဲ့အတွက် အလှူရှင်တွေ စည်းရုံးပြီး ဆက်လက်ဆောင်ရွက် သွားမယ်လို့ မန္တလေးမြို့တော်ဝန်က ပြောပါတယ်။

မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က “လက်ရှိမှာ  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ကွပ်ကဲမှုအောက် ဈေး ၄၃ ဈေး မှာ ကိုဗစ်-၁၉ ကူးစက်မှုမရှိအောင် အထောက်အကူဖြစ်စေဖို့ ဈေးတာဝန်ခံတွေ၊ ဈေးဝန်ထမ်းတွေ နဲ့ ပူးပေါင်းပြီး ဈေးအ၀င်အထွက်ပေါက်တွေမှာ ကိုယ်ပူချိန်တိုင်းကိရိယာတွေထားရှိတာ၊ လက်ဆေး ကန်တွေထားရှိတာ၊ ဆေးဆိုင်တွေမှာ Hand Gelတွေ ထားရှိစေတာတွေ ဆောင်ရွက်နေတယ်”လို့    မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဈေးသည်တွေအားလုံး ဈေးရောင်းချရာမှာ Mask တွေတပ်ဆင်တာ၊ Face Shieldတွေ တပ်တာနဲ့၊ တစ်ခါသုံးလက်အိတ်တွေ ၀တ်ဆင်တာကို  တိတိကျကျ လိုက်နာပြီးမှသာ ဈေးရောင်းချခွင့်ပြုထားတာဖြစ်ပါတယ်။

အလိုအလျောက် စနစ်တွေ ပါဝင်တဲ့ လက်ဆေးစနစ်တွေ တပ်ဆင်ခဲ့မယ်ဆိုရင်လည်း ဈေးသည်ဈေးဝယ်တွေအနေနဲ့ လက်ကို ဘယ်နားထားရမယ်မသိ ဖြစ်နိုင်တယ်လို့လည်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။

ပြည်သူတွေ အိမ်မှာ နေထိုင်နိုင်ရေး ပန်ကြားချက်နဲ့အညီ ဈေးတွေမှာ ဈေးဝယ်ယူဖို့ သွားရောက်ကြတဲ့အခါမှာ ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ဈေးရောင်းသူ ၀ယ်သူ တွေအတွက် အလိုအလျောက် နည်းစနစ်တွေ တပ်ဆင်ပေးသင့်တယ်လို့ မန္တလေး တိုင်းဒေသကြီးလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ရဲမြင့်က မေးခွန်းမေးမြန်းခဲ့ပါတယ်။

အဖျားတိုင်းခြင်းတွေ လက်ဆေးခြင်းတွေကြောင့် ဈေးအ၀င်၀တွေမှာ လူတန်းရှည် ဖြစ်ပေါ် စေနိုင်တဲ့အတွက် တပြိုင်တည်း စစ်ဆေးပေးနိုင်တဲ့ အလိုအလျောက်စနစ်တွေ ခေတ်မီနည်းစနစ် တွေ ကျင့်သုံးမယ်ဆိုရင် လူတန်းရှည် မဖြစ်ပေါ်နိုင်ပဲ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ မေးမြန်းဖြေကြားချက်တွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အစည်းအဝေးတတိယနေ့ကိုတော့ ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီမှာ  ဆက်လက်ကျင်းပပါတယ်။

သတင်း - ခိုင်ဇာနည်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013