DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပို့ကုန်သစ် ပဲဇီးကွက်ကို တရုတ်နိုင်ငံဘက်က အဝယ်လိုက်နေပြီး ဈေးကောင်းရနေ 
DVB
·
December 4, 2020
မြန်မာ့ပို့ကုန်သစ် ပဲဇီးကွက်ကို တရုတ်နိုင်ငံဘက်က အဝယ်လိုက်နေပြီး ဈေးကောင်းရနေ 
Donate to DVB

မန္တလေးပဲဈေးကွက်မှာ ဒီလပိုင်းအတွင်း ပဲဇီးကွက် ဈေးနှုန်းဟာ  သုံးတင်းဝင် တစ်အိတ်ကို  ကျပ် ၈၅,၀၀၀  အထိဈေးနှုန်းအမြင့်ဆုံးရောက်ရှိနေတယ်လို့ မန္တလေး ပဲပွဲရုံတွေကနေ သိရပါတယ်။

ပဲဇီးကွက် ဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ လောက်တုန်းက သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၆၀,၀၀၀ ဈေးရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၈၅,၀၀၀ အထိ မြင့်တက်လာတာဖြစ်ပါတယ်။

ပဲဇီးကွက်ဟာ အရင်ကပြည်တွင်းစားသုံးမှုများတဲ့ပဲလည်းဖြစ်တဲ့အပြင် တရုတ်နိုင်ငံကလည်း မြန်မာဈေးကွက်အတွင်းရှိသလောက် ၀ယ်ယူနေတာကြောင့် အခုလို ဈေးမြင့်တက်လာတာပါ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က စတင်ပြီး တရုတ်ပြည်ကို ပဲဇီးကွက် စမ်းသပ်တင်ပို့ရာက ကြိုက်နှစ်သက်မှု ပိုမိုလာခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို ၀ယ်ယူလာတာဖြစ်တယ်လို့ မန္တလေးမြို့ စိုးဝင်းမြင့် ပဲပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပါတယ်။

“ကျနော်တို့ ပဲဇီးကွက်အနေနဲ့ကတော့ တောင်သူတွေအနေနဲ့ အပိုဝင်ငွေလည်းရရှိတယ်။ စိုက်ပျိုးရတာလည်း လွယ်ကူနေတဲ့အတွက် ဒီနှစ်အနေနဲ့က မိုးလေ၀သကလည်းသင့်တင့်တဲ့အတွက် အထွက်နှုန်းလည်းအသင့်အတင့်ရှိတယ်။ တရုတ်ပြည်စားသုံးသူတွေအနေနဲ့ကတော့ စမ်းသပ်စားရင်းစားရင်းနဲ့ မြန်မာ့ ပဲဇီးကွက် ပို့ကုန်ကို လက်ခံလာတဲ့အနေအထားဟာ နံပါတ် ၁ အချက်အနေနဲ့ ကျနော်တို့က ဓာတု ကင်းလွတ်တဲ့ပစ္စည်းဖြစ်တယ်။ နောက်  စားသုံးတဲ့နေရာမှာ အရသာက ထူးကဲတဲ့ အရသာရှိနေတဲ့ အတွက် တစ်နှစ်ထက်တစ်နှစ် အခုလို အခြေအနေမျိုး ရောက်ရှိလာခြင်းဖြစ်ပါတယ်။”

ပဲဇီးကွက်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေက အထွက်များပြီး တစ်ဧကကို တင်း ၃၀လောက် အထိ အထွက်နှုန်းရှိပါတယ်။ ပဲဇီးကွက်စိုက်ပျိုးသူတွေအနေနဲ့ အခုနှစ်မှာ စိုက်ပျိုးသူ များပြားလာပြီးတော့ တစ်နှစ်မှာ တစ်ရာသီပဲ ထွက်ရှိတဲ့ သီးနှံဖြစ်တာကြောင့် အခုအချိန်မှာ ဈေးကွက်အတွင်း လက်ကျန်နည်းပါးလာတယ်လို့သိရပါတယ်။

ပဲဇီးကွက်ကို မြန်မာလူမျိုးတွေစားသုံးသလိုပဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး တရုတ်ပြည် ဈေးကွက်ကို မြန်မာကုန်သည်တွေကနေ စတင်စမ်းသပ်ပို့ဆောင်ရင်း တရုတ်စားသုံးသူတွေ အနေနဲ့ကလည်း ကြိုက်နှစ်သက်တဲ့အတွက် တစ်နှစ်ထက် တစ်နှစ် ၀ယ်ယူမှုတွေက တိုးချဲ့များပြားလာပြီး  ပဲဇီးကွက်ဟာ  ပြည်ပပို့ကုန် ဈေးကွက်ဝင်တန်းဝင်လာတာဖြစ်ပါတယ်။

ပဲဇီးကွက်ဟာ ပိုးကျတာ နည်းပါးတာကြောင့် စိုက်ပျိုးရလွယ်ကူသလို တောင်သူတွေ အနေနဲ့လည်း ၀င်ငွေ တိုးလာမှာဖြစ်တဲ့အတွက် ပြည်ပ ပို့ကုန်တရပ်အနေနဲ့ နောင်နှစ်တွေမှာလည်း အလားအလာ ကောင်းနိုင်တာကြောင့် တိုးချဲ့စိုက်ပျိုးသင့်တယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013