DVB Logo
Home
မြန်မာသတင်း
ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများ လျော်ကြေးပေးရန် ပြင်ဆင်
DVB
·
August 20, 2013
ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများ လျော်ကြေးပေးရန် ပြင်ဆင်
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သဘာဝဓာတ်ငွေ့စီမံကိန်းတွေကြောင့် ပျက်စီးသွားတဲ့ လယ်မြေတွေအတွက် လျော်ကြေးပြန်ပေးဖို့ မြေယာ တိုင်းထွာရေးလုပ်ငန်းတွေ စတင် ဆောင်ရွက်နေပါတယ်။

ကျောက်ဖြူမြို့နယ်ထဲမှာရှိတဲ့ လိပ်ခမော်၊ ကပ်သပြေ၊ သပြုတောင်၊ ကြက်တိန် စတဲ့ ကျေးရွာတွေက ရွာသားတွေပိုင် ပျက်စီးသွားတဲ့ လယ်မြေတွေကို တရုတ် CNPC ကုမ္ပဏီက လျော်ကြေးပေးဖို့အတွက် ခုရက်ပိုင်းအတွင်း အစိုးရ တာဝန်ရှိသူတွေက ကွင်းဆင်းတိုင်းတာမှုတွေ ပြုလုပ်နေကြတာပါ။

[caption id="attachment_28181" align="alignright" width="300" caption="သဘာဝဓာတ်ငွေ့ပိုက်လိုင်း (ဓာတ်ပုံ- ရိုက်တာ)"][/caption]

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့က ကျောက်ဖြူမြို့မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ဒေသခံ ပြည်သူ တွေ့ဆုံပွဲလုပ်ပြီးနောက် ခုလို အကောင်အထည်ဖော်တာလို့ ရခိုင်လူမှုကွန်ရက်အဖွဲ့က ဦးထွန်းလွင်က ပြောပါတယ်။

“ရွာသားတွေက ဒီလျော်ကြေး မရတဲ့မြေတွေနဲ့ ပတ်သက်လို့ ၀န်ကြီးရှေ့မှာပဲ တောင်းဆိုကြတယ်။ အဲဒီလိုတောင်းဆိုတော့ ၀န်ကြီးက ကော်မတီတခုဖွဲ့တယ်။ ကျေးရွာအာဏာပိုင်တွေနဲ့ အရပ်ဘက်အဖွဲ့ကလည်း ပါတယ်၊ မြေစာရင်းက ပါတယ်၊ အဲဒီအဖွဲ့ ဖွဲ့ပြီးမှ ပိုက်လိုင်းတလျှောက်က ဆုံးရှုံးတဲ့မြေတွေကို တိုင်းကြတယ်၊ ပြီးရင် အဲဒီအတွက် ပြန်ပြီးတော့ လျော်ကြေးပေးမယ်ဆိုပြီးတော့ ဒီရက်အတွင်းမှာပဲ စီစဉ်နေကြတယ်။”

ကွင်းဆင်းတိုင်းတာမှု အခြေအနေအတိအကျ မသိရသေးပေမယ့် အရင်က လူမှု ကွန်ရက်အဖွဲ့နဲ့ ရွာသားတွေ ပူးပေါင်းစာရင်းကောက်ယူချက်အရတော့  ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ရွှံ့နွံနဲ့ သဲတွေ ဖုံးလွှမ်းသွားတဲ့ ရွာသား ၇၄ ဦးပိုင် မြေယာပေါင်း ၅၆ ဧကရှိ တယ်လို့ ဆိုပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ အသုံးပြုတဲ့ စက်ယန္တရားတွေ သွားလာမှု၊ ပိုက်လိုင်းမြှုပ်တဲ့ လမ်းကြောင်းတလျှောက် မြေစာတွေ ပုံထားရာကနေ မိုးရွာတဲ့အခါမှာ  ရွှံ့နွံနဲ့သဲတွေ ဖုံးပြီး လယ်မြေတွေ ပျက်စီးခဲ့ရတာပါ။

နစ်နာတဲ့ ရွာသားတွေကို လျော်ကြေးငွေတွေ ဘယ်လိုပြန်ပေးမလဲဆိုတာ မသိပေမယ့်  ပြီးခဲ့တဲ့ ၃လ က တရုတ်  စီအန်ပီစီ ကုမ္ပဏီဆီကနေ မဒေးကျွန်းဒေသခံတွေ ရခဲ့တဲ့ လျော်ကြေးကတော့ ရွာသားတဦးကို အနည်းဆုံး ကျပ် ၆ ထောင်ကနေ အများဆုံး ၃ သိန်းထိသာ ရရှိခဲ့တဲ့အတွက် ရွာသားတွေက မကျေနပ်ကြဘူးလို့ မဒေးကျွန်းဒေသခံ ဦးထွန်းကြည်က ပြောပါတယ်။

“ပိုက်ဆံ ၁ သိန်း၊ ၂ သိန်းပေးရုံလာက်နဲ့ ဒီလယ်တွေက ပြန်ပြီး ကောင်းလာမှမဟုတ်ဘူး။ အဲဒီပိုက်ဆံ အင်မတန်နည်းတဲ့ အတိုင်းအတာရှိနေတယ်။ အမှန်တကယ် ဒီလယ်ကွက်တွေကို ပြန်ဖော်ပေး၊ ပြန်မဖော်ပေးရင်လည်း အလုပ်လုပ်လို့မရတဲ့အတူတူ နှစ် ၃၀ စာဖြစ်ဖြစ်၊ ၁၀ နှစ်စာဖြစ်ဖြစ် တွက်ချက်ပြီးတော့ လျော်ကြေးပေးရင် ပိုကောင်းမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

လျော်ကြေးငွေပေးရာမှာလည်း တရားဥပဒေအရ မြေပိုင်ဆိုင်မှု အထောက်အထား၊ အခွန်ပြေစာတွေ ရှိရမယ်လို့ ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးသာလူချေက ပြောခဲ့တဲ့ အတွက် ဘိုးဘွားစဉ်ဆက် လယ်လုပ်ကိုင်ပေမယ့် အထောက်အထားမရှိတဲ့ လယ်သမားတွေနဲ့ တရွာလုံးရဲ့ စားကျက်မြေတွေအတွက် နစ်နာနေရတယ်လို့ ဆိုပါတယ်။

မြန်မာ၊  တရုတ်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံထားတဲ့  သဘာဝဓာတ်ငွေ့တွေကို ရခိုင်ပြည်နယ် ကျောက်ဖြူကနေ စတင်ကာ ရခိုင်၊ ရှမ်းပြည်နယ်၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးတွေကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဇူလိုင် ၂၈ ရက်က စပို့လွှတ်နေတာ ဖြစ်ပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းပြီးရင်  ကျောက်ဖြူဒေသအတွက် လျှပ်စစ်မီးပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ဒေသခံရွာသားတွေဟာ   ဂက်စ်ပိုက်လိုင်းကြောင့် သူတို့လယ်မြေဆုံးရှုံးတဲ့အပြင် လျှပ်စစ်မီးလည်းမရတဲ့အဖြစ်နဲ့ ကြုံတွေ့နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013