DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် ဝါရီကောခူကုန်တင်ယာဉ်ရပ်နားစခန်းကို လွိုင်ကော်သစ်ဆိပ်သို့ ပြောင်းရွေ့
DVB
·
December 4, 2020
လွိုင်ကော် ဝါရီကောခူကုန်တင်ယာဉ်ရပ်နားစခန်းကို လွိုင်ကော်သစ်ဆိပ်သို့ ပြောင်းရွေ့
1 / 8
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ အထက(ခွဲ)ကျောင်းဝင်းမှာ  ဖွင့်လှစ်ထားတဲ့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို လွိုင်ကော်သစ်ဆိပ်ဆီကို  ဒီဇင်ဘာ ၃ ရက် ညနေပိုင်းကစတင်  ရွှေ့ပြောင်းလိုက်ပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှာကို စိုးရိမ်လို့ ဒေသခံပြည်သူတွက ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ရွေ့ပြောင်းပေးဖို့ အောက်တိုဘာ ၂၈ ရက်က ကြေညာချက်ထုတ်ပြန်တောင်းဆိုပြီးတဲ့နောက် ပြည်နယ်အစိုးရက အခုလို ရှေ့ပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဝါရီကောကူ ကျေးရွာ ဥက္ကဋ္ဌ ဦးလှငူက “ဒီရွာသားတယောက်မှ ဘာမှမဖြစ်ပဲ အခုလိုမျိုးအခြေအနေ ကောင်းတဲ့အတိုင်းအတာမှာရှိနေ သေးတဲ့အချိန်မှာ သူတို့က ပြောင်းပေးမယ်ဆိုတဲ့အခါကျတော့လည်း ကျနော်တို့ ဝမ်းသာတာပေါ့နော်။ ရွာအတွက်လည်း အရမ်းဝမ်းသာတယ်။ ” လို့ ပြောပါတယ်။

ကုန်တင်ယာဉ်ရပ်နားစခန်းသစ်ကို  မြန်မာ့သစ်လုပ်ငန်းသစ်ထုတ်ရေးဌာန လွိုင်ကော်သစ် ဆိပ်မှာ  ပြောင်းရွေ့နိုင်ဖို့  နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လူဦးရေ ၁၅၀ နေထိုင်နိုင်မယ့် ကုန်တင်ယာဉ်ရပ်နားစခန်းသစ်မှာ  ကားသမားတွေနဲ့ ယာဉ်နောက်လိုက်တွေ အနားယူဖို့ ရုံ ၃ ရုံနဲ့ သူတို့ အတွက်ကျန်းမာရေးစစ်ဆေးဖို့ တရုံအပြင်၊ အုပ်ချုပ်ရေးအဖွဲ့အတွက် အဆောက်အအုံ ၁ ခု စုစုပေါင်း အဆောက်အအုံ ၅ ခုကို တည်ဆောက်ထားပါတယ်။

လွိုင်ကော်- မန္တလေးကုန်တင်ယာဉ်မောင်းသမားတစ်ဦးကတော့ နေရာသစ်ဖွင့်ကာစဖြစ်လို့ အခြေအနေ မသိရသေးကြောင်းနဲ့  ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ  tastkit နဲ့ စစ်ဆေးမှုကို မခံခိုင်တော့ဘူးလို့ ပြောပါတယ်။

“ ကျနော်ကတော့ ဝါရီကောခူမှာဆိုရင် အနည်းဆုံး ၂ ရက်နေပြီးရင် ပြန်ထွက်တယ်။ ဖြစ်နိုရင်တော့ ကျနော် ကွာရန်တင်းဝင်ချင်တာများတယ်။ ကျနော် နှခေါင်းထိုးတာလည်း မခံနိုင်တော့ဘူး။ ဘယ်ဘက်ဆိုရင်  ကျနော်မခံနိုင်တော့ဘူး။ ကျနော်မန္တလေးမှာလည်းထိုးတယ်။ လမ်းတွေမှာလည်းထိုးတယ်။ လွိုင်ကော်မှာဆိုရင်အများဆုံးပဲ။  ”

ဒါ့အပြင်  သူ့အနေနဲ့ ကိုဗစ်စဖြစ်ကတည်းက ကားဝင်းမှာပဲနေထိုင်ခဲ့ပြီး ပြန်ထွက်တာ ၇ လလောက်ရှိပြီဖြစ်ကြောင်းနဲ့ မိသားစုနဲ့မတွေ့ရသလို ရွာပြန်လို့လည်း မရတဲ့အနေအထားမှာ ဖြစ်နေတယ်လို့လည်းပြောပါတယ်။

ဝါရီကောခူ အထက(ခွဲ)ကျောင်းဝင်းမှာ  ဖွင့်လှစ်ထားတဲ့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်း ဟာ ဝါရီကောခူနဲ့ ပီကင်းကောခူ ကျေးရွာ နှစ်ရွာအကြားမှာ ရှိပြီးရွာခံ လက်လုပ်လက်စား တောင်သူတွေ ယာဉ်ကြောပိတ်ဆို့တာ၊ အဟန့်အတားဖြစ်စေတာနဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ များပြားတဲ့အတွက် ကပ်ရောဂါကူးစက်ခံရမှာကို အလွန်စိုးရိမ်နေရတဲ့အတွက် ရွှေ့ပြောင်းပေးဖို့ ဒေသခံတွေက ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အခုလို ကားဝင်းရွေ့ပြောင်းပေးလိုက်ပြီဖြစ်ပေမယ့် ကျောင်းဝင်းအတွင်းမှာနေစဉ်က ကျောင်းအားကစားကွင်းပျက်စီးတာတွေ၊ အဆောက်အအုံနဲ့ သစ်ပင်ပန်းပင်ပျက်စီးတာတွေနဲ့ အမှိုက်သရိုက်တွေများလာတာနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရကို ပြင်ဆင်ပေးနိုင်ဖို့ တင်ပြသွားမယ်လို့  ဝါရီကောခူဥက္ကဋ္ဌ  ဦးလှငူက ပြောပါတယ်။

“ပျက်စီးသွားတာတွေအများကြီးရှိတယ်လေ။ ကျနော်တို့ စာသင်ကျောင်းမှာ အားကစားကွင်း ၂ ကွင်း၊ အဲနှစ်ကွင်းလည်း ပျက်စီးတယ်။ ပြီးတော့ စည်းမဲ့ကမ်းမဲ့ပေါ့ အမှိုက်တွေ ကျောင်းပတ်ပတ်လည်မှာ အများကြီး သွားတောင်မသွားရဲတော့ဘူး။ အဲမှာကျောင်းက တော်တော်လေး အမှိုက်ပုံကြီးဖြစ်သွားတယ်ပေါ့နော်။ ”

ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ကယားပြည်နယ်မှာ ပြည်နယ် ပြင်ပပြေးဆွဲနေတဲ့ အဝေးပြေး ခရီးသည်တင်ယာဉ်တွေကို ယာယီရပ်နားထားပြီး ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် ကုန်တင်ယာဉ်ရပ်နားစခန်းကို အရင်က လွိုင်ကော်မြို့ အထက(၆)ကျောင်းမှာ ဖွင့်လှစ်ခဲ့ပေမဲ့ အောက်တိုဘာ ၉ ရက်နေ့ကစပြီး ရှမ်းကယားနယ်စပ် လွိုင်ကော်မြို့အဝင် ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းအတွင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာပါ။

အဲဒီမှာလည်း ဒေသခံတွေရဲ့ကန့်ကွက်မှုကြောင့် ဒီကုန်တင်ယာဉ်ရပ်နားစခန်းကို အခု လွိုင်ကော်သစ်ဆိပ်မှာပြောင်းရွေ့ လိုက်တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013