DVB Logo
Home
မြန်မာသတင်း
ဝပ်ဆိုင်မွန်း မြန်မာကျောင်းထိုင်သစ် ခန့်အပ်တာဝန်ပေး
DVB
·
August 20, 2013
ဝပ်ဆိုင်မွန်း မြန်မာကျောင်းထိုင်သစ် ခန့်အပ်တာဝန်ပေး
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်းရဲ့ ၁၁ ဆက်မြောက် ကျောင်းထိုင်ဆရာတော် အသစ်တပါးကို နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေရှေ့မှောက်မှာ တရားဝင် ခန့်အပ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သံဃမဟာနာယကဆရာတော် ဗန်းမော်ဆရာတော်ဘုရားကြီး ကိုယ်တိုင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်း မြန်မာကျောင်းကို ကြွချီလာပြီး နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေရှေ့မှောက်မှာ ကျောင်းထိုင်ဆရာတော်အဖြစ် ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည ကို ခန့်အပ်ခဲ့တာပါ။

ကျောင်းထိုင်ဆရာတော်သစ်ရဲ့ ထေရုပ္ပတိကိုတော့ ဒေါက်တာအရှင်ဓမ္မပီယက ဖတ်ကြားခဲ့ပါတယ်။

[caption id="attachment_42714" align="alignright" width="300" caption="ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍည"][/caption]

“ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်း ကျောင်းတိုက်မှ မြန်မာကျောင်းတိုင်ဆရာတော် အစဉ်မပြတ် တည်ရှိနိုင်ရေးအတွက် မြန်မာနိုင်ငံတော် သံဃာမဟာနယက အဖွဲ့ ၄၇ ပါး စုံအစည်းအဝေး၌ ၀ပ်ဆိုင်မွန်း မြန်မာကျောင်းထိုင်ဆရာတော်အသစ် တင်မြှောက် ခေါ်ယူခဲ့ကြပါသည်။ ယခုအခါ ဆရာတော်သည် ချင်းမိုင် ၀ပ်ဆိုင်မွန်းကျောင်း၌ ကျောင်းထိုင် ဆရာတော်အဖြစ်ကို ခံယူပြီး ထိုင်းနိုင်ငံ ပြည်သူပြည်သားများ၊ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာပြည်သူပြည်သားများဟာ သာသာနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိကြားစေခြင်း။”

နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးတွေက ရွေးချယ်ခန့်အပ်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်အသစ်ဟာ သက်တော် ၆၇ နှစ်၊ ၀ါတော် ၄၇ ၀ါဖြစ်ပြီး ထိုင်းသံဃာတွေကို ထိုင်းဘာသာနဲ့ သင်ကြားပြသဖူးသူ ဖြစ်ပါတယ်။ ထိုင်းနိုင်က တရားဝင်သတ်မှတ်ထားတဲ့ အဘိဓမ္မာ (၇) ကျမ်းအနက် ကျမ်း (၆) ကျမ်းကို သံဃာတော်နဲ့သီလရှင်တွေကို ထိုင်းဘာသာနဲ့ ပို့ချပေးခဲ့သူဖြစ်ပါတယ်။

နှစ်ပေါင်းသုံးဆယ်ကျော် သာသနာပြုလုပ်ငန်းတွေကြောင့် အစိုးရက  သာသနာပြုဘွဲ့နဲ့ ဒီပွဲကို ဗန်းမော်ဆရာတော်ဘုရားကြီးနဲ့အတူ ပီနန်ဆရာတော်နဲ့ ထိုင်း-မြန်မာသံဃာတော်တွေ၊ ထိုင်းဝန်ကြီးချုပ်ရုံးဒုဝန်ကြီး၊ နှစ်နိုင်ငံ သာသနာရေးဌာနက ပုဂ္ဂိုလ်အသီးတွေ ရှေ့မှောက်မှာ အသိအမှတ်ပြု ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

၆၅ နှစ်လောက် ၀ပ်ဆိုင်မွန်းဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်သွားတဲ့ ဆရာတော် ဘဒ္ဒန္တ ဦးအာသဘ ပျံလွန်တော်မူသွားတဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းမှာ ကျောင်းထိုင်နေရာကို ထိုင်းသံဃာတော် တပါး အစားထိုးခန့်အပ်ဖို့ ထိုင်းသာသနာရေး ဦးစီးဌာနဲ့ ထိုင်းသံဃာတော်တွေက စီစဉ်ခဲ့ပါသေးတယ်။

ဒါပေမယ့် မြန်မာသံဃာတော်ကိုပဲ ကျောင်းထိုင်ဆရာတော်ခန့်ဖို့ ချင်းမိုင်ရောက် မြန်မာတွေက ၀ိုင်းဝန်းဆန္ဒပြခဲ့ကြတာကြောင့် မြန်မာသံရုံးက ၀င်ရောက်ဖြေရှင်းပါတယ်။ သမ္မတဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ကို ပန်ကြားရာက မနှစ်ဇူလိုင်မှာ မြန်မာကျောင်းထိုင်အဖြစ် ဆက်လက်ထားရှိဖို့ ဖြစ်လာတာပါ။

အခမ်းအနားမှာ မြန်မာသံအမတ် ဦးတင်ဝင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းရောက် မြန်မာသံရုံးနဲ့ ၀ပ်ဆိုင်မွန်းကျောင်းက သံဃာတွေ၊ ချင်းမိုင်က မြန်မာတွေ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ချင်းမိုင် ၀ပ်ဆိုင်မွန်းကျောင်းသာမကပဲ ကျန်မြန်မာကျောင်းတွေမှာလည်း မြန်မာကျောင်းထိုင်ဘုန်းတော်ကြီးတွေ ခန့်အပ်ရေးကိစ္စကို ဆက်လက်လုပ်ဆောင်သွားဖို့ သူက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

ချင်းမိုင်ခရိုင်က ထိုင်းသံဃနာယကဥက္ကဋ္ဌက ထိုင်းသံဃာတော်တွေအနေနဲ့ အဖြစ်စေချင်ဆုံးဆန္ဒကတော့ ၀ပ်ဆိုင်မွန်းကျောင်းမှာ သာသနာရေးကိစ္စသက်သက်ကိုသာ ဆောင်ရွက်ဖို့၊ ကျန်ကိစ္စတွေကို မဆောင်ရွက်ဖို့ ဖြစ်စေချင်တယ်လို့ မိန့်ကြားခဲ့ပါတယ်။

ဒီဆရာတော်ရဲ့ ပန်ကြားချက်ကို မြန်မာသံအမတ် ဦးတင်ဝင်းက သာသနာရေးကိစ္စသက်သက်သာ ဆောင်ရွက်မှာဖြစ်ပါတယ်လို့ အစိုးရကိုယ်စား ပြောကြားပါတယ်။

“ကျနော်တို့ ထိုင်းနိုင်ငံ မြန်မာကျောင်းအနေနဲ့ ဆရာတော်ကြီး မိန့်ကြားသွားတဲ့ အတိုင်းပါပဲ သာသနာရေး သက်သက်ကိုသာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုလို ခွင့်ပြုပြီးတဲ့ အချိန် ထိုင်းနိုင်ငံ ဒီချင်းမိုင်ဒေသကို မြန်မာနိုင်ငံက လာရောက်ကြတဲ့ ဘုရားဖူးပြည်သူတွေ၊ လာရောက်အလုပ်လုပ်ကြတဲ့ အလုပ်သမား မြန်မာနိုင်ငံသားတွေအတွက် အခုလို မြန်မာကျောင်းတကျောင်း ရှိတဲ့ အတွက် သာသနာရေး ဆိုင်ရာများကို ဆောင်ရွက်တဲ့နေရာမှာ အင်မတန်မှ မွန်မြတ်ပြီးတော့မှ အင်မတန်မှ သန့်ရှင်တဲ့ သာသနာရေး ဆိုင်ရာများ ဆောင်ရွက်ခွင့်ရတဲ့အတွက် အင်မတန် ကုသိုလ်ကြီးမာပါကြောင်း၊ ကျေးဇူတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။”

ဒီကျောင်းထိုင်ခန့်အပ်ပွဲကို တက်ရောက်လာတဲ့ ထိုင်းဒုတိယ၀န်ကြီးတဦးကတော့   မြန်မာဘက်ခြမ်းမှာလည်း ထိုင်းဘုန်းကြီးကျောင်း တည်ဆောက်ဖို့ အဆိုပြုခဲ့ပြီး  ဒီအပေါ် မြန်မာသံအမတ်ဦးတင်ဝင်းက အထက်ကို တင်ပြပေးမယ်လို့ ဖြေဆိုခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံအခြေပြု မြန်မာရှေးဟောင်းကျောင်းတွေ မဆုံးရှုံးစေရေး အားပေးဖို့ နည်းလမ်းရှာထိန်းသိန်းရေး၊ မြန်မာကျောင်းထိုင်ဆရာတော် ခန့်အပ်လွှာနဲ့အတူ အဆင်ပြေစေရေး၊ ချင်းမိုင်က ၀ပ်ဆိုင်မွန်းကျောင်းကို နမူနာယူပြီး ကျန်ရှိနေသေးတဲ့ မြန်မာကျောင်းတွေအားလုံး မြန်မာသံဃာတော်တွေ အုပ်ချုပ်မှုအောက်ရောက်ရှိရေး လိုအပ်တာတွေ ထိုင်းအခြေစိုက် မြန်မာသံရုံးက ဆောင်ရွက်နေပါတယ်။
ဆက်လက်ပြီး မဲစရီးယန်းခရိုင်က မန္တလေးကျောင်းနဲ့ မဲဆောက်တောရ ကျောင်းတို့ကို မြန်မာသံဃာတော်အုပ်ချုပ်မှုအောက်ပြန်ရရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် လန်းပန်းခရိုင်က ၀ပ်ထမအိုး ကျောင်းကိစ္စတွေကိုလည်း ဆက်လက်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
ဝပ်ဆိုင်မွန်းကျောင်းဟာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် ချင်းမိုင်ကို သိမ်းပိုက်စဉ်က တည်ထားကိုးကွယ်ခဲ့တဲ့ ကျောင်းဖြစ်ပြီး နှစ်ပေါင်း ၄၅၄ နှစ်ကျော်ခန့် မြန်မာဗိသုကာလက်ရာတွေ တည်ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013