DVB Logo
Home
မြန်မာသတင်း
ရေသာခိုအချောင်လိုက်ရင် ဆင်းရဲမှုသံသရာလည်နေဦးမည်ဟု သမ္မတပြော
DVB
·
August 20, 2013
ရေသာခိုအချောင်လိုက်ရင် ဆင်းရဲမှုသံသရာလည်နေဦးမည်ဟု သမ္မတပြော
Donate to DVB

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်နေမယ်ဆိုရင် ဆင်းရဲမွဲတေမှု သံသရာလည်နေဦးမယ်လို့ ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၁၉ ရက်နေ့က နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ချုပ် ခန်းမမှာ ကျင်းပတဲ့  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးအခမ်းအနားမှာ သမ္မတဦးသိန်းစိန်က ပြောကြားသွားတာပါ။

သမ္မတက  လူတဦးချင်းစီ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ကြမယ်ဆိုရင် တိုင်းပြည် အမြန်ဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အကြောင်း၊  ပဒေသာပင်ကတော့ ပေါက်လာစရာ အကြောင်းမရှိဘဲ  ကိုယ့်အားကိုယ်ကိုး အလုပ်လုပ်ကြမှ ဝမ်းဝ၊ ခါးလှကြမှာ ဖြစ်တဲ့အကြောင်းနဲ့ အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်စားနေကြရင်တော့  တနေ့မှာ ဆင်းရဲမွဲတေမှုနဲ့ပဲ ပြန်ပြီးသံသရာလည်နေကြရဦးမယ်လို့ ဆိုပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့  ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်တဲ့အနေနဲ့ နေပြည်တော်ကောင်စီ မြို့နယ် ၈ မြို့နယ်က သမဝါယမအသင်း တွေကိုလည်း  မြို့နယ်အလိုက် ချေးငွေ ကျပ်သိန်းပေါင်း ၇၂၀၆ ဒဿမ ၇ နဲ့ ထွန်စက်၊ ရေစက်၊ မီးစက်၊ အပ်ချုပ်စက် စတဲ့ ပစ္စည်းတွေအပါအ၀င် ငွေကျပ် သိန်းပေါင်း ၁၂၅၈၂ ဒဿမ ၄၅ သိန်းကို  သမဝါယမဝန်ကြီးဌာန အစီအစဉ်နဲ့  ချေးမယ်လို့လည်း သမ္မတက ကြေညာသွားပါတယ်။

မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမြင့်ကတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတခုတည်းနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်မှာမဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ဆင်းရဲမွဲတေမှုကို တွက်ချက်တဲ့အခါ ကြက်တွေ၊ ၀က်တွေ၊ ဘဲတွေ ပေးရုံနဲ့ မရဘူး။ ဆင်းရဲမွဲတေမှု ဖြစ်ရတဲ့ စာရင်း၊ ဆင်းရဲမွဲတေတယ်လို့ လူတယောက်ကို သတ်မှတ်ဖို့အတွက် အနည်းဆုံး သူက တရက်ကို နှစ်ဒေါ်လာအောက်ကို ရောက်တဲ့လူက ဘယ်လောက်၊ နှစ်ဒေါ်လာအောက်ကနေ နှစ်ဒေါ်လာအထက်ကို ဒီလောက်ရသွားပြီ ဒါတွေပါမယ်။ တယ်လီဖုန်း ဘယ်လောက် ကိုင်နိုင်သလဲ၊ သူ့မှာ ဆိုင်ကယ်ရှိသလား၊ ကားရှိသလား၊ ဆင်းရဲမွဲတေမှုကို တိုင်းတာတဲ့ အချက်တွေ အချက်တွေများကြီးရှိတယ်။ ကျေးလက် ဖွံ့ဖြိုးရေးတခုတည်းနဲ့ စောစောက ပြောတဲ့ ကြက်တွေ၊ ၀က်တွေ စိုက်ပျိုးရေးတွေ ဒီတခုတည်း တိုးတက်ရုံနဲ့ ဒီ ၁၆ ရာခိုင်နှုန်း (ဆင်းရဲမွဲတေမှုနှုန်း) ဟာ မကျဘူး။ ကဏ္ဍပေါင်းစုံတွက်ပြီးတော့ နိုင်ငံတနိုင်ငံက ကျတာဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတကြီးကသော်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးတွေက သော်လည်းကောင်း ပြည်သူတရပ်လုံး ပါဝင်လာဖို့ လိုသလို စာရင်းတွေ မှန်ကန်ဖို့ လိုတယ်။”

စီးပွားရေးပညာရှင်လည်းဖြစ် သမ္မတရဲ့စီးပွားရေးအကြံပေး အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းသက်ကတော့ တိုင်းပြည်ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိလို့ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ နိုင်ငံ ဆင်းရဲနွမ်းပါးမှု အခု ၂၆ ကနေ ၁၆ ရောက်အောင် လျှော့မယ်ဆိုတဲ့ ပန်းတိုင် လူတိုင်းက လက်ခံရင် လုပ်လို့ရတာပဲ။ တခြားနိုင်ငံတွေ ဒီလိုပဲ ရွှေ့သွားတာပဲ။ ကိုယ့်အလှည့်ရွှေ့အောင် အားပေးချင်တယ်။ နောက်ကျနေတယ်၊ နောက်ကျတာ အားငယ်စရာမရှိဘူး။ ဆရာတို့ ဒီထက်မက သူများထက် ရှင်သန်နိုင်တယ်။ အာရှကျား ဆရာတို့ပဲ ရှိတော့တယ်။ စဉ်စားကြည့် လူဦးရေက သန်း ၆၀၊ နည်းတဲ့လူဦးရေ မဟုတ်ဘူး။ သယံဇာတ ပစ္စည်း အပြည့်အ၀ရှိတယ်။ တည်နေရာလည်းကြည့်၊ အိန္ဒိယ တရုတ်နဲ့ အလယ်တည့်တည့်မှာကျတယ်။ ကိုယ်မှာ ဘာမှ အားငယ်စရာ စိုးရိမ်စရာ မရှိဘူး။ ကိုယ်မှာ အခွင့်အရေးတွေချည်းပဲ။ အခွင့်အရေးတွေယူဖို့ဟာ ရှိတိုင်းလည်းမရဘူး၊ ယူတတ်မှရတယ်။”

မြန်မာအစိုးရဟာ နိုင်ငံတ၀ှမ်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်   ၂၀၁၃ -၁၄ ဘဏ္ဍာနှစ်မှာ  သုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၇၇ သန်းခွဲလောက်နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၇၅ ဘီလီယံကိုလည်း ချပေးထားတယ်လို့ မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့်က ဩဂုတ် ၁၇ ရက်က မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ်တဲ့ အစိုးရဲ့ အန်ဂျီအို အိုင်အန်ဂျီအိုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားသွားပါတယ်။

ဒီစီမံကိန်းတွေထဲမှာ  ရေ၊ မီးရှိရေး၊ ကျန်းမာရေး နဲ့ ရေလောင်းအိမ်သာ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကျေးရွာတွေအတွက် အလုပ်အကိုင်တွေ ရရှိရေးလုပ်ငန်း တွေပါဝင်ပြီး ရန်ပုံငွေအဖြစ် ရှမ်းပြည်နယ်က ကျပ်ငွေ ၁၇ ဘီလီယံကျာ် သုံးစွဲဖို့ အများဆုံးရရှိပါတယ်။ စစ်ကိုင်းတိုင်းက ၉ ဘီလီယံကျပ်နီးပါး၊  ပဲခူးတိုင်းက ၆ ဘီလီယံခွဲကျော်၊ ရန်ကုန်တိုင်းက ၆ ဘီလီယံကျာ်နဲ့ ကျန်ပြည်နယ်တိုင်းတွေက ကျပ်ငွေ ၃ ဘီလီယံကျာ် အသီးသီး  ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013