DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို တရားဝင်မှုမပေးဘဲ အရေးယူနိုင်ရန် ကြိုးစားနေဟု အမေရိကန် ဆီးနိတ်အမတ် ပြော
သုတချမ်းသာ
·
April 17, 2026
အမေရိကန် အထက်လွှတ်တော်အမတ် ခရစ်ဗန်ဟော်လန်။ (Photo: US Senate)
အမေရိကန် အထက်လွှတ်တော်အမတ် ခရစ်ဗန်ဟော်လန်။ (Photo: US Senate)
Donate to DVB

မြန်မာအာဏာသိမ်း စစ်အုပ်စုကို တရားဝင်မှုမပေးဘဲ အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်အထက်လွှတ်တော်အမတ်က ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို နိုင်ငံတကာ အသိုက်အဝန်းနဲ့ အမေရိကန်ပြည်ထောင်စုတို့က တရားဝင်မှုမပေးရေး၊ စစ်တပ်ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေး စတာတွေအတွက် အမေရိကန် အထက်လွှတ်တော်အမတ်တွေက ဥပဒေရေးရာ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ဧပြီ ၁၅ ရက်က ဝါရှင်တန်ဒီစီ အထက်လွှတ်တော်ရုံးမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအပြီး အမေရိကန်နိုင်ငံအတွက် အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အထက်လွှတ်တော်အမတ် ခရစ်ဗန်ဟော်လန်က စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ဆပ်ကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ ခရစ်ဗန်ဟော်လန်က “အတုအယောင်ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ် အပြောင်းအလဲတခု မဟုတ်ပါဘူး။ သူတို့ရဲ့အာဏာကို ပြန်စုစည်းဖို့ အားထုတ်မှုသာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ တရားဝင်မှု သတ်မှတ်ချက်ကို ပြန်ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဖက်တွေဟာ ဒီစစ်အုပ်စုကို တရားဝင်မှုမပေးဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့လိုပါတယ်။ ဒီလူတွေကို တာဝန်ခံမှု တာဝန်ယူမှုရှိအောင် နိုင်ငံတကာက ဆောင်ရွက်နေတာတွေကို အမေရိကန်ပြည်ထောင်စုက မဖြစ်မနေ ဆက်လက်ကူညီပံ့ပိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး၊ ဘာသာရေး အကျဉ်းသားတွေအားလုံးကို စစ်အာဏာရှင်က ပြန်လွှတ်ပေးအောင် တွန်းအားပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ဆက်ပေးဖို့ သေချာစေရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်အထက်လွှတ်တော်မှာ ပြဋ္ဌာန်းဖို့ Brave Burma Act ဥပဒေကြမ်းကို ပြင်ဆင်ရာမှာ ပါဝင်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

“ဒီဥပဒေဟာ စစ်အာဏာရှင်ကို နှိမ်နင်းဖို့အတွက် သူတို့ရဲ့ ငွေကြေးဆိုင်ရာကွန်ရက်တွေကို ထိန်းချုပ်ပိတ်ဆို့တဲ့ နည်းလမ်းကို သုံးမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ တိုက်ရိုက်တုံ့ပြန်မှု ဖြစ်ပါတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ ထရမ့်ပ်အစိုးရအဖွဲ့ထဲက ကျနော့်ရဲ့မိတ်ဆွေတွေနဲ့လည်း ချိတ်ဆက်နေပါတယ်။ ဒီမိုကရေစီအရေးအတွက် ဖိအားတွေပိုသုံးဖို့၊ တာဝန်ခံမှုရှိစေဖို့၊ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်မပြုဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းရှိစေဖို့ ဖြစ်ပါတယ်။  မြန်မာ့ဒီမိုကရေစီအရေးကို ဦးစားပေးအနေနဲ့ ဆောင်ရွက်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးဆီသွားမဲ့ လမ်းဘက်ကနေ အမေရိကန်ပြည်ထောင်စုက မဖြစ်မနေ ရပ်ခံပေးဖို့ ဖြစ်ပါတယ်။”

ဧပြီ ၁၅ ရက်နေ့ အထက်လွှတ်တော်ရုံး ရှင်းလင်းပွဲမှာ စစ်ကောင်စီကို အရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာ့အရေးဆောင်ရွက်သူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေဟာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ဘက်ပေါင်းစုံကနေ ချဉ်းကပ်ပြီး အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို သတင်းအချက်အလက်တွေနဲ့ တိုက်တွန်းချက်တွေ ပေးပို့ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာကျေးရွာတွေကို ဖျက်ဆီးတာ၊ အကြမ်းဖက် သတ်ဖြတ်တာတွေကြောင့် ရိုဟင်ဂျာလူမျိုး ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့အတွက် စစ်အာဏာရှင် ခေါင်းဆောင်ကို နိုင်ငံတကာ တရားရုံးတွေက အရေးယူဖို့ ရှိနေပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) မှ ဦးထွန်းခင်က “မြန်မာစစ်တပ်က သူတို့ရှင်သန်မှုအတွက် ဆက်လက်တိုက်ခိုက်နေမှာ ဖြစ်ပါတယ်။ အတုအယောင်ရွေးကောက်ပွဲနဲ့ အတုအယောင် အပြောင်းအလဲဟာ သူတို့ရှင်သန်ဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်ကို ရှင်သန်ခွင့်ပေးခဲ့တဲ့ အတိတ်ကအမှားကို ထပ်ပြီးမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ အတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး လုပ်ငန်းတွေကို ထောက်ပံ့ပေးပါ၊ အလားတူပဲ မြန်မာတနိုင်ငံလုံးက ပြည်သူတွေဟာ စစ်တပ်ရဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ကြုံတွေ့နေရတာပါ” လို့ ပြောပါတယ်။

နိုင်ငံတကာရောက် မြန်မာတွေဟာ စစ်ကောင်စီရဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေကို အရေးယူနိုင်ဖို့ ရောက်ရှိရာနိုင်ငံတွေရဲ့ အစိုးရနဲ့ လွှတ်တော်တွေဆီကို သတင်းစကားတွေ စဉ်ဆက်မပြတ် ပေးပို့နေကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာလည်း အစိုးရနဲ့ လွှတ်တော်က ရိုဟင်ဂျာအရေးကို အာရုံစိုက်နေပြီး အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေကို အရေးယူဖို့ အစိုးရကို တိုက်တွန်းနေပါတယ်။

New Myanmar ကမ်ပိန်းရဲ့ အမှုဆောင်ဒါရိုက်တာ ဆိုင်းမွန် ဘစ်လင်းနက်စ်က “ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မကြာခင်က အင်ဒိုနီးရှားမှာ မြန်မာစစ်တပ်ကို အမှုထပ်စွဲလိုက်တာဟာ တကယ့်ကို ကျေနပ်စရာပါပဲ။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် ရိုဟင်ဂျာ အမျိုးသမီး အဖွဲ့အစည်းက မင်းအောင်လှိုင်ကို စွဲလိုက်တဲ့အမှု ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ ဆောင်ရွက်ချက်တွေဟာ အကျိုးသက်ရောက်မှု ကောင်းကောင်းရှိနေပြီး မြန်မာစစ်တပ်ကို နိုင်ငံတကာ တရားရုံးတွေဆီ ပို့နိုင်ဖို့ ဆက်ပြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အထက်လွှတ်တော်ရုံးမှာ ကျင်းပခဲ့တဲ့ ဒီရှင်းလင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၊ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အွန်လိုင်းကနေတဆင့် ပါဝင်ခဲ့ကြပါတယ်။

အမေရိကန်အစိုးရနဲ့ လွှတ်တော်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ ထိတွေ့ဆက်ဆံဖို့လည်း NUG  ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013