DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် လူ့အခွင့်အရေးကိုယ်စားလှယ် ဆန္ဒပြ တားမြစ်ခံရ
DVB
·
August 20, 2013
မိတ္ထီလာတွင် လူ့အခွင့်အရေးကိုယ်စားလှယ် ဆန္ဒပြ တားမြစ်ခံရ
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာအကဲဖြတ်ဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မန္တလေးတိုင်း မိတ္ထီလာမြို့ကို သွားရောက်စဉ် ဒေသခံတွေရဲ့ ဆန္ဒပြမှုနဲ့ တားမြစ်မှုကို ခံခဲ့ရပါတယ်။

မစ္စတာ ကင်တားနားဟာ ဩဂုတ် ၁၉ ရက်နေ့က ရှမ်းပြည်နယ် နမ့်ဆန်၊ သီပေါနဲ့ မန္တလေးတိုင်း မေမြို့၊ မန္တလေးမြို့သွားရောက်ခဲ့ပြီး မိတ္ထီလာမြို့ကို ညဘက် ၁၀ နာရီကျော်မှာ ရောက်ရှိခဲ့တာပါ။

ဒေသခံတွေက ကင်တားနားကို အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ရာမှာ  လက်မခံခဲ့တဲ့အတွက် တားမြစ်ခဲ့တာလို့  အဲဒီနေရာကို ရောက်ရှိခဲ့တဲ့ ၈၈ မျိုးဆက်ဖွဲ့က ကိုထိန်မင်းခိုင်က ပြောပါတယ်။

“မိတ္ထီလာမြို့အလယ်က တံတားကြီးအပေါ်မှာ ရပ်ပြီး မစ္စတာ ကင်တားနား ၀င်အလာကို ဆန္ဒပြတယ်။ ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ပြီး ပြန်အထွက်မှာ အိတ်ဖွင့်ပေးစာ ပေးဖို့ ကျနော်တို့လုပ်ခဲ့တယ်။ အိတ်ဖွင့်ပေးစာ ပေးတာကို သူက လက်မခံတဲ့အတွက် ရှေ့ကနေပြီး ပိတ်ထားတာမျိုးရှိတယ်။ နောက်ပိုင်း သူလက်ခံသွားတယ်။ လက်မခံသေးတဲ့အချိန်လေးပဲ ခဏတဖြုတ် ပိတ်ထားတဲ့သဘောပါ၊ ပြန်အထွက်မခံဘူးပေါ့။”

မစ္စတာ ကင်တာနားကို ပေးတဲ့ အိတ်ဖွင့်ပေးစာမှာပါတဲ့ အကြောင်းအရာကို သူက အခုလို ပြောပါတယ်။

“မစ္စတာ ကင်တားနား တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာကို လုံးဝလက်မခံ၊ ကန့်ကွက်ပါတယ်ဆိုတာက အချက်နံပါတ် ၁၊ နောက် ဘန်ကီးမွန်းရဲ့ ခိုးဝင် ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးရမယ်ဆိုတဲ့ဟာကို ကန့်ကွက်တဲ့အကြောင်း၊ နောက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ခြွင်းချက်မရှိ လက်ခံထားပါတယ်ဆိုတဲ့အကြောင်း၊  နောက် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးစု လုံးဝမရှိဘူးဆိုတဲ့အကြောင်း၊  အဲဒါက အိမ်ရှင်ကို ထိပါးတဲ့ မည်သည့် ဧည့်သည်ကိုမဆို ကြိုဆိုဧည့်ခံလိမ့်မည်မဟုတ်ကြောင်၊ လူ့အခွင့်အရေးကို လေးစားပေမယ့် အမျိုးသားအခွင့်အရေးကို ဦးစားပေး ကာကွယ်သွားမယ်ဆိုတဲ့အကြောင်း၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းကို မူအားဖြင့် လက်ခံသော်လည်း တဖက်သတ်စော်ကားသည့် မည်သည့်ကိစ္စရပ်မျိုးကိုမဆို လက်ခံလိမ့်မည်မဟုတ်၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဒေသခံတွေ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဒေသသို့ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူအဖြစ် အစ္စလာမ်ဘာသာဝင် မစ္စတာ ကင်တားနားကို စေလွှတ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ရှုတ်ချတယ်ဆိုတဲ့အကြောင်း။”

မစ္စတာကင်တားနားဟာ  မိတ္ထီလာကို ရောက်ရှိချိန် နောက်ကျတဲ့အတွက် ပဋိပက္ခကြောင့် ဖွင့်ထားခဲ့တဲ့ ဒုက္ခသည်စခန်းတွဆီ မသွားနိုင်တော့ဘဲ မြို့ခံအုပ်ချုပ်ရေးအဖွဲ့နဲ့တွေ့ဆုံပြီး နေပြီတော်ကို ခရီးဆက်ခဲ့တယ်လို့ ဆိုပါတယ်။

ကင်တားနားဟာ မြန်မာပြည်ကနေ မထွက်ခင် ဩဂုတ် ၂၁ ရက်နေ့မှာ  သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာပြည် ခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို အစီရင်ခံစာ တင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013