DVB Logo
Home
မြန်မာသတင်း
ရာသီဥတုဖောက်ပြန်မှုကြောင့် ဆန်စပါးထွက်ရှိမှု ထိခိုက်
DVB
·
August 19, 2013
ရာသီဥတုဖောက်ပြန်မှုကြောင့် ဆန်စပါးထွက်ရှိမှု ထိခိုက်
Donate to DVB

မကြာသေးခင် သီတင်းပတ်တွေတုန်းက ရေကြီးမိုးခေါင်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွကြောင့် စပါးစိုက် ဧကသောင်းနဲ့ ချီပြီး နစ်နာ ဆုံးရှုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက မိုးသည်းထန်ပြီး ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ဘက်မှာ စိုက်ဧက ၅ သောင်းလောက် ရေမြုပ်ပြီး ရေပြန်ကျတာကြောင့် ဧက ၂ သောင်းလောက် ဆုံးရှုံးနစ်နာခဲ့တယ်လို့ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ကျန်တဲ့မြို့နယ်တချို့မှာတော့ ဧက ၁ ထောင်နဲ့ ၅ ထောင်ကြား ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်ဘက်မှာလည်း ဧက ၅ ထောင်လောက် ပျက်စီးဆုံးရှုံးခဲ့သလို မွန်ပြည်နယ်မှာလည်း ဧက ၁ ထောင်ကျော်လောက် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရေကြီးလို့ ပျက်စီးခဲ့တဲ့ လယ်ယာမြေတွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစပါးတင်းပေါင်း ၈ ထောင်နဲ့ ယူရီးယားဓာတ်မြေဩဇာတွေကို ၆ လကြာပြန်ပေးစနစ်နဲ့ အသင်းက ဖြန့်ဝေပေးလိုက်ပြီလို့ ပြောပါတယ်။

မကြာသေးခင်က အညာဘက်မှာ မိုးခေါင်ပြီး အောက်ဘက်မှာ ရေကြီးတဲ့ ရာသီဥတု ဖောက်ပြန်မှုနဲ့ စိုက်ပျိုးစရိတ်ချေးငွေ မရရှိမှုတို့ကြောင့် စိုက်ပျိုးမြေဧက နည်းပါးမှုဟာ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ဂရုပြုရမယ့် အနေအထားကို ရောက်နေတယ်လို့ ဒေါက်တာစိုးထွန်းက တွက်ဆပါတယ်။

“ဒီနှစ်ကတော့ ကျနော်တို့ သတိထားရမယ့်နှစ်ဖြစ်တယ်။ ရာသီဥတု ဖောက်ပြန်တဲ့ဟာလည်း ရှိတယ်၊ နောက်တခါ အထက်အညာမှာ မိုးခေါင်တယ်။ အောက်ဘက်မှာ ရေကြီးတယ်။ နောက်ဒီနှစ်ကလည်း စိုက်ပျိုးချေးငွေတွေ မရတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ စာရင်းမှာဆိုရင် ကျနော်တို့ စိုက်ဧက ၁၆ သန်း လျာထားတဲ့အထဲမှာ ၇ သန်းကျော်ပဲ စိုက်နိုင်တာ တွေ့ရတယ်။ တချို့ဒေသမှာတော့ စိုက်ဧက ချေးငွေ မရတော့ မစိုက်နိုင်တဲ့ အနေအထားတွေ ရှိတယ်။ ကျနော်တို့ လာမယ့် ရာသီအတွက်တော့ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံဖို့အတွက်ကို ဂရုပြုရမယ့် အနေအထားမျိုး ရှိတယ်။”

မြန်မာနိုင်ငံဟာ မနှစ်က ဆန်တန်ချိန် ၁၄ သိန်း ပြည်ပတင်ပို့နိုင်ခဲ့ပြီး ဒီနှစ် ဆန်တန်ချိန် ၂ သန်းကနေ ၃ သန်းထိ တင်ပို့နိုင်ဖို့ လျာထားကြောင်း လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများအသင်းက တာဝန်ရှိသူ ဒေါက်တာမျိုးအောင်ကျော်ကတော့ ရာသီဥတုဖောက်ပြန်မှုကြောင့် ဆန်ထွက်နည်းနိုင်ပေမယ့် စားနပ်ရိက္ခာ ဖူလုံမှု ထိခိုက်နိုင်လောက်အောင် မစိုးရိမ်ရပါဘူးလို့ ပြောပါတယ်။

“ကိုယ့်ရဲ့ လုံခြုံရေးအတွက် မထိခိုက်ဘူးဆိုပေမယ့် ကျနော်တို့ ပိုလျှံဖို့အတွက်ကတော့ အများကြီးတော့ မပိုနိုင်သေးဘူး။ လုပ်စရာ  နည်းပညာပိုင်းတွေက အများကြီး လိုသေးတယ်။ ဖြည့်သွင်းရမယ့်အရာတွေနဲ့ လယ်သမားတွေ ထည့်နိုင်တဲ့ အတိုင်းအတာ နည်းပညာတွေ၊ အခုဟာက အစိုးရထောက်ခံချက်က တော်တော်လေးကောင်းလာတယ်၊ ဒါပေမယ့် လိုသေးတယ်၊ အခု အစိုးရရဲ့ ထောက်ပံ့မှုတွေ၊ နောက် အစိုးရပိုင်းဆိုင်ရာနဲ့ အဖွဲ့အစည်းတွေက အာရုံစိုက်ရမှာကတော့ လူနည်းစု မဖြစ်ဖို့ပဲ အရေးကြီးတယ်၊ ကျနော်တို့ အများစု လယ်သမားတွေ အတွက်ကို ပိုအာရုံစိုက်ဖို့လိုတယ်။”

စပါးထွက်တိုးအောင် စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီရရှိမှု၊ သွင်းအားစု၊ စက်ကိရိယာ၊ နည်းပညာတွေ ပိုမိုဖြည့်တင်းဖို့ လိုနေတယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013