DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်၌ ဆည်ရေခန်းခြောက်ပြီး နွေစပါးစိုက်ပျိုးလျာထားချက် လျော့နည်း
DVB
·
December 2, 2020
ကယားပြည်နယ်၌ ဆည်ရေခန်းခြောက်ပြီး နွေစပါးစိုက်ပျိုးလျာထားချက် လျော့နည်း
Donate to DVB

ကယားပြည်နယ်မှာ မိုးနည်းပြီး ဆည်ရေ အဝင်နည်းတဲ့အတွက် ပုံမှန်ရေပေးဝေနေကျ နွေစပါးစိုက်ခင်းတွေရဲ့ တဝက်လောက်သာ  ရေပေးနိုင်တော့မှာဖြစ်တဲ့အတွက် နွေစပါးလျာထားချက် အရင်နှစ်တွေကထက် ပိုလျော့နည်းသွားတယ်လို့ ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး  ဦးဝေလွင်က ပြောပါတယ်။

မိုးဗြဲဆည်ကို အသုံးပြုပြီး  နှစ်စဉ် နွေစပါး ဧက ၂၀၀၀ ကျော် စိုက်ပျိုးခဲ့ပေမယ့် အခုနှစ် ရေဝင်နည်းမှုကြောင့် နွေစပါး ဧက ၈၀၀ ခန့်သာလျာထားတယ်လို့ ဦးဝေလွင်က ပြောပါတယ်။

“ ဆည်တွေကို ရေဝင်နည်းတဲ့အတွက်ကြောင့်မို့လို့ ဒီနှစ်နွေစပါး လျာထားချက် အရင်နှစ်တွေထက် ပိုပြီးတော့ လျော့နည်းတာပေါ့။ အဓိက ဆည်ထဲရေဝင်နည်းလို့ပေါ့။ မိုးဗြဲဆည်ဆိုလို့ရှိရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂ နှစ်အတွင်းမှာကိုပဲ ဒီနှစ်က အနည်းဆုံး ရေဝင်အနည်းဆုံးနှစ်ဖြစ်သွားတယ်လေ။ ပုံမှန်အားဖြင့် နွေစပါးဆိုရင် မိုးဗြဲရေလောင်တမံက ဧက ၂၀၀၀ ကျော်စိုက်နိုင်မပေမယ့်  ဒီနှစ်က ၈၀၀ ပဲ ကျနော်တို့စိုက်ဖို့ လျာထားပါတယ်။ ”

အလားတူ ငွေတောင်ဆည်ကို အမှီပြုပြီး နှစ်စဉ်နွေစပါးဧက ၁၅၀၀ လေက် စိုက်ပျိုးခဲ့ပေမယ့် အခုနှစ်ရေ ခန်ခြောက်သွားတဲ့အတွက်လည်း နွေစပါး ဧက ၃၀၀ လောက်သာ  လျာထားတယ်လို့လည်း ပြောပါတယ်။

“ ငွေတောင်တံမံကလည်း ရေဝင်မနှစ်ကထက် တဝက်လောက်ပဲ ရှိတယ်လေ။ ရေဝင်က နည်းတယ်။ နည်းတဲ့အတွက်ကြောင့် မနှစ်က ၁၄၀၀ ကျော်စိုက်တယ်။ သူက နွေစပါးဆိုတော့ အောင်ရေ သေချာအောင် သူက လုပ်ရတာကိုး။ အောင်ရေအတွက် မိုးရေက မရနိုင်၊ ဆည်ရေကလည်း ပျိုးထောင်ရေ၊ စိုက်ရေ၊ ကြားရေ၊ အောင်ရေ ဆိုပြီးတော့ရှိတာကိုး၊ ရှိတဲ့အတွက်ကြောင့် အောင်ရေသေချာမှ စိုက်ဖို့ရာထားသင့်တယ်လို့ ကျနော်တို့ အဲလိုပဲ ဆုံးဖြတ်တယ်လေ။ အဲလိုဆုံးဖြတ်တဲ့အတွက်ကြောင့်မို့လို့ အောင်ရေသေချာဆုံးရနိုင်တဲ့ ဧကပေါ်မူတည်ပြီး လျာထားရတယ်။ အဲတော့ ငွေတောင်ရေလှောင်တံမံဆိုရင် ဧက ၃၀၀ လောက် ကျနော်တို့လျာထားတယ်ပေါ့။ ”

ဒါ့အပြင် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် မြောင်းရဲ့ အရင်းပိုင်းက စိုက်ခင်းတွေကိုသာ အဓိက ရွေးချယ်ထားပါတယ်။ မြောင်းတွေဟာ မြေသားလမ်းတွေဖြစ်တာကြောင့် နွေရာသီရေခန်းခြောက်နေချိန် မြောင်းအဖျားပိုင်းအထိ ပေးရင် ရေဆုံးရှုံးမှုများနိုင်တဲ့အတွက် ရေမဆုံးရှုံးရလေအောင် မြောင်းအရင်းပိုင်းကိုသာ ရွေးချယ်ရတာလို့လည်း ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အောင်ချမ်းသာကျေးရွာမှာနေထိုင်တဲ့ ဒေါ်ငါးမြာက အခုနှစ်မိုးစပါးစိုက်ပျိုးချိန်မှာ ရေကောင်းစွာ မရရှိခဲ့လို့ စပါးအထွက်နည်းခဲ့ရသလို အခုနွေစပါးကိုပါ မစိုက်ရရင်တော့ စားဝတ်နေရေးအတွက်များစွာ အခက်ကြုံရ နိုင်တယ်လို့ ပြောပါတယ်။

“အဒေါ်က ၁ ဒသ ၂၀ ဧကပဲ ရှိတယ်။ ပြီးခဲ့တဲ့နွေတုန်းက အဒေါ်စိုက်ရတယ်။ အခုမိုးကျတော့ သားနဲ့ချွေးမလုပ်မယ်ဆိုပြီး တော့ သူတို့ကရေလည်းအဆင်မပြေ ပေါင်းလည်းမလိုက်နိုင်တဲ့အခါကျတော့ လယ် ၁ ဧက ကျော်မှာ စပါး ၅ အိတ်ပဲရတယ်။ အခုနွေစပါးမစိုက်ရတော့ဘူးဆိုတော့ ဘယ်လိုလာမလဲမသိတော့ဘူးလေ။”

လယ် တစ်ဧကစိုက်တဲ့ ဒေါ်နိုးဘာထူးကလည်း “ လယ်စိုက်တာကြာပြီ ဒါပေမဲ့ သိပ်မရကြဘူးကော။ စားဖို့တော့ ဖူလုံတာပေါ့။ မရောင်းရဘူး။ နှစ်တိုင်းစိုက်ရမယ့် ဒီနှစ်တော့ ဘယ်လိုလာဦးမလဲမသိဘူး။”

ကယားပြည်နယ်အတွင်း နွေစပါးကို အဓိကအားဖြင့် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ် ၂ ခုသာ စိုက်ပျိုးကြတာဖြစ်ပြီး မိုးဗြဲနဲ့ ငွေတောင်ဆည်ရေကို အဓိက အမှီပြုစိုက်ပျိုးကြတာဖြစ်ပါတယ်။

နှစ်ပေါင်း ၂၂နှစ်အတွင်း ရေဝင်အနည်းဆုံးဖြစ်တဲ့ မိုးဗြဲဆည်ရေလှောင်တမံမှာလည်း နှစ်စဉ်မိုးစပါးစိုက်ဧက ၁၃၀၀၀ကနေ အခုနှစ် မိုးစပါးစိုက်ချိန်မှာ ဧက ၁၀၀၀၀ လောက်ပဲ ရေရရှိခဲ့တာဖြစ်ပြီး လာမယ်နွေရာသီမှာတော့ ဧက ၈၀၀ လောက်သာ စိုက်ပျိုးနိုင်တော့မယ်အနေအထား ဖြစ်နေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013