DVB Logo
Home
မြန်မာသတင်း
ကျောင်းသားလူငယ်များ မူးယစ်ဆေးသုံးစွဲမှု ပိုမိုများပြားလာ
DVB
·
December 2, 2020
ကျောင်းသားလူငယ်များ မူးယစ်ဆေးသုံးစွဲမှု ပိုမိုများပြားလာ
Donate to DVB

မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ များပြားလာပြီး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေအထိ မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာ ဖြစ်ပေါ်နေတယ်လို့ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ စစ်တမ်းတွေ ကောက်ယူနေတဲ့ တိုးတက်သောမွန်လူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူကပြောပါတယ်။

တိုးတက်သော မွန်လူငယ် အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌ မိကောင်းစံပယ်က “ကိုဗစ်မတိုင်ခင် ကျောင်းဖွင့်တဲ့ကာလတုန်းကဆိုရင် ကျောင်းပြင်ပလူငယ်တွေ တင်သုံးစွဲတာ မဟုတ်ဘဲနဲ့ ကျောင်းနေ ကလေးအရွယ်တွေပါသုံးစွဲလို့ ဖမ်းချုပ်ပြီး အမှုရင်ဆိုင်နေရတာတွေကို ကြည့်ခြင်းအားဖြင့် မူးယစ်ဆေးဝါးက အရမ်းကိုဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်တယ်။ ဘာကြောင့် မူလတန်းကလေးတွေကနေစပြီး သုံးတတ်တာလဲဆိုရင် သူတို့က မူလတန်းကလေးတွေကို အသုံးချပြီး ကျောင်းဝန်းထဲကိုရောင်းတဲ့ ပုံစံမျိုးလုပ်တာပေါ့နော်။ ပထမပိုင်းမှာတော့ ကလေးကို စမ်းသုံးခိုင်းတဲ့ချည်းကပ်တဲ့ပုံစံမျိုးတွေ ရှိလာတာပေါ့နော်။” လို့ DVB debate အစီအစဉ်မှာ ပြောပါတယ်။

မွန်ပြည်နယ်မှာ အသုံးများတဲ့မူးယစ်ဆေးဝါးကတော့ WY လို့ ခေါ်တဲ့ မက်သဖက်တမင်ကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့မူးယစ်ဆေးပြားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ဘိန်းစာရွက်လို့ ခေါ်တဲ့ အရွက်တွေကိုလည်း သုံးစွဲကြတယ်လို့ ဆိုပါတယ်။

“WY ကို အလှူတွေရှင်ပြုတွေမှာတောင် ဧည့်ခံတယ်ဆိုတဲ့ပုံစံမျိုး တွေ့လာရတယ်။ အခုဆိုရင် WY သုံးစွဲမှုဟာ ခိုးသုံးရတဲ့အနေအထားတောင်မဟုတ်တော့ဘူး။ Public မှာ သုံးလို့ရတဲ့ ပုံစံမျိုး ဖြစ်လာတာပေါ့နော်။ ဒါကိုတချို့လူကြီးတွေကလည်းလက်ခံသလိုဖြစ်နေတဲ့ အခြေအနေပါ။” လို့ မိကောင်းစံပယ်က ပြောပါတယ်။

မွန်ပြည်နယ်အပြင် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ မြင့်တက်လာ နေတယ်လို့ မူးယစ်ဆေးဝါးအရေးစောင့်ကြည့်နေတဲ့အဖွဲ့တွေထံက သိရပါတယ်။ 

နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တို့မှာ ပြုလုပ်ခဲ့တဲ့ ၁၄ ကြိမ်မြောက် အာဆီယံဝန်ကြီး အဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အစည်းအဝေးမှာ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် က ၂၀၁၉-၂၀ နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးနိုင်တာဟာ အရင်နှစ်တွေထက် ၆ ဆ ကျော်ပိုလာတယ်လို့ ပြောပါတယ်။ 

အစိုးရက မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ အသစ်ကို ၂၀၁၈ ဖေဖော်ဝါရီလမှာ ချမှတ်ခဲ့ပြီး  မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ဦးစားပေး လုပ်ဆောင်ပါတယ်။ ပြည်သူတွေ အနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေထံ တိုက်ရိုက် တိုင်ကြားနိုင်သလို၊ နိုင်ငံတော်သမ္မတ ရုံး မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီး မူးယစ်ဆေးဝါး ဖမ်းဆီးမှု သတင်းတွေကို ပုံမှန် ထုတ်ပြန်ပေးပါတယ်။

၂၀၁၉ ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လက်ကြီး သမားတွေကို ဖမ်းဆီးရမိဖို့ အတွက် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်စွာနဲ့ သတင်းပေးကြဖို့၊ ပမာဏကြီးစွာနဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိနိုင်ဖို့ သတင်းရရှိမှု နည်းပါးနေသေးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်းဆိုင်ရာ ထောက်ခံဆွေးနွေးခြင်းအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာ နန်းပန်းအိခမ်းကတော့ “မူးယစ်ဆေးဝါးပြဿနာကို ချက်ခြင်းအမြစ်မဖြတ်နိုင်ဘူးဆိုရင် နောက်ဆက်တွဲ အန္တရာယ်တွေ လျော့ချရေးမူဝါဒတွေကို လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။” လို့ ပြောပါတယ်။

  WY စိတ်ကြွရူးသွပ်ဆေးပြားကို အနည်းငယ်မျှသုံးစွဲမိရုံနဲ့ ကိုယ်ခန္ဓာတက်ကြွမှုကို ဖြစ်စေတာ၊ စိတ်ဓာတ်တက်ကျတာ၊ အစာစားချင်စိတ် ကျဆင်းတာ၊ အသက်ရှု မြန်လာပြီး ခန္တာကိုယ်အပူချိန် တိုးတာ၊ နှလုံးခုန်မမှန်တာ၊ အော့အန်တာ၊ သေဆုံးတွေ ဖြစ်တတ်တယ်လို့ ဆေးပညာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဓာတ်ပုံ- DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013