DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပနိုင်မှု ၉၅ ရာခိုင်နှုန်းကျော်၊ ဆန္ဒမဲပေးမှု ၇၁ ရာခိုင်နှုန်းကျော်ရှိဟု ကော်မရှင် ကြေညာ
DVB
·
December 1, 2020
ရွေးကောက်ပွဲကျင်းပနိုင်မှု ၉၅ ရာခိုင်နှုန်းကျော်၊ ဆန္ဒမဲပေးမှု ၇၁ ရာခိုင်နှုန်းကျော်ရှိဟု ကော်မရှင် ကြေညာ
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်စလုံးအတွက် ရွေးကောက်ပွဲကျင်းပနိုင်မှု အခြေအနေ  ၉၅ ရာခိုင်နှုန်းကျော်ရှိပြီး  ဆန္ဒမဲပေးမှုကလည်း  ၇၁ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ 

လွှတ်တော်အသီးသီးရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားတွေနဲ့  ရာခိုင်နှုန်းတွေကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ  ၃၀  ရက်စွဲနဲ့  ထုတ်ပြန်ကြေညာလိုက်တာပါ။

ရွေးကောက်ပွဲကျင်းပမှု အခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာရာမှာ ပြည်သူ့လွှတ်တော်အတွက  ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ် ၃၃၀ အနက်မှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၃၁၅ နယ်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၅ ဒသမ ၄၅ ရာခိုင်နှုန်း ရှိတယ်လို့ဆိုပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ မဲဆန္ဒနယ် ၁၆၈ နယ်အနက် ၁၆၁ နယ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ၉၅ ဒသမ ၈၃ ရာခိုင်နှုန်းရှိပါတယ်။  တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၇၃  နယ်အနက် ၆၄၁  နယ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ၉၅ ဒသမ ၂၅ ရာခိုင်နှုန်း ရှိတယ်လို့ဆိုပါတယ်။

ဆန္ဒမဲပေးမှုအခြေအနေကတော့ ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာမှာ ဆန္ဒမဲပေးသူ ဦးရေ ၂၇,၅၁၂,၈၅၅ ဦး ရှိပြီး ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ အမျိုးသားလွှတ်တော်အတွက်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာမှာ ဆန္ဒမဲပေးသူ ဦးရေ ၂၇,၄၉၅,၅၅၅ ဦး ရှိပြီး ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၁ ဒသမ ၈၄  ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။  တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်အတွက်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၂,၈၆၆,၇၄၁  ဦးရှိရာမှာ ဆန္ဒမဲပေးသူ ဦးရေ ၃၀,၄၅၉,၁၁၃ ဦး ရှိပြီး ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၁ ဒသမ ၀၆ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။

ခိုင်လုံဆန္ဒမဲရရှိမှုအခြေအနေကတော့ ပြည်သူ့လွှတ်တော်မှာ  ဆန္ဒမဲပေးသူ ဦးရေ ၂၇,၅၁၂,၈၅၅ ဦး၊ ဆန္ဒမဲ အရေအတွက် ၂၆,၆၆၉,၆၃၆ မဲ၊ ရာခိုင်နှုန်း ၉၆ ဒသမ ၉၄ ရာခိုင်နှုန်းရှိပါတယ်။ အမျိုးသားလွှတ်တော်မှာတော့  ဆန္ဒမဲပေးသူ ဦးရေ ၂၇,၄၉၅,၅၅၅ ဦး၊ ဆန္ဒမဲ အရေအတွက် ၂၆,၇၃၀,၁၅၈ မဲ၊ ရာခိုင်နှုန်း ၉၇ ဒသမ ၂၂ ရာခိုင်နှုန်းရှိပါတယ်။  တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်မှာ ဆန္ဒမဲပေးသူ ဦးရေ ၃၀,၄၅၉,၁၁၃  ဦး၊ ရရှိသည့်ခိုင်လုံသောဆန္ဒမဲ အရေအတွက် ၂၉,၇၀၄,၁၅၇ မဲ၊  ခိုင်လုံမဲရရှိမှု ရာခိုင်နှုန်း ၉၇ ဒသမ ၅၂ ရာခိုင်နှုန်းရှိပါတယ်။

ပယ်မဲ ပျောက်မဲအခြေအနေကတော့ ပြည်သူ့လွှတ်တော်မှာ ၈၄၃,၂၁၉  မဲ ၊ ရာခိုင်နှုန်းအားဖြင့် ၃  ဒသမ ၀၆  ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်မှာ ၇၆၅,၃၉၇ မဲ၊ ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၇၈ ရာခိုင်နှုန်း၊ တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်မှာ ၇၅၄,၉၅၆ မဲ ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၄၈ ရာခိုင်နှုန်းရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင်မှု အခြေအနေကတော့ ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ဦးရေ ၁,၅၆၅ ဦးရှိရာမှာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁,၄၉၇ ဦး၊ တသီးပုဂ္ဂလ ၆၈ ဦးရှိပါတယ်။

 အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ဦးရေ ၇၇၉ ဦးရှိရာမှာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၇၅၂  ဦး၊ တသီးပုဂ္ဂလ ၂၇ ဦးရှိပါတယ်။ တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းပေါင်း ၃,၁၉၅ ဦး၊ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၁၃၀ ဦး၊ တသီးပုဂ္ဂလ ၁၆၅  ဦးရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ခံရမှု အခြေအနေမှာတော့  ပြည်သူ့လွှတ်တော်မှာ နိုင်ငံရေးပါတီကိုယ်စားပြုယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၃၁၅ ဦး ရွေးကောက်ခံရပြီး  တစ်သီးပုဂ္ဂလတွေ ရွေးချယ်မခံရပါဘူး။ အမျိုးသားလွှတ်တော်မှာ နိုင်ငံရေးပါတီ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၁၆၁ ဦး ရွေးကောက်ခံရပြီး  တစ်သီးပုဂ္ဂလတွေ ရွေးချယ်မခံရပါဘူး။ 

တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာ အပါအဝင် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၆၃၇ ဦးရွေးကောက်တင်မြှောက်ခံရပြီး  တစ်သီးပုဂ္ဂလ ၄ ဦး ရွေးကောက်ခံခဲ့ရပါတယ်။ 

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ပြည်ထောင်စုတစ်ဝန်းလုံးမှာ တစ်ပြိုင်တည်း ကျင်းပခဲ့တာဖြစ်ပြီး ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၃၁၅ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၁ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ခုအပါအဝင်) ၆၄၁ နယ်တို့မှာ လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ကော်မရှင်ထုတ်ပြန်ချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၉၂၀ အနိုင်ရပြီး အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ ၇၁ နေရာ အနိုင်ရခဲ့ပါတယ်။

အဆိုပါရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ခုအချိန်အထိ လက်မခံသေးဘဲ  ကန့်ကွက်မှုတွေ တရားစွဲမှုတွေပြုလုပ်နေသလို တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင်ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ တောင်းဆိုမှုတွေလည်း လုပ်နေပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန် လုပ်ဆောင်နေတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့  ကြံ့ခိုင်ရေးပါတီအပါအဝင် မဟာမိတ်  ၁၉ ပါတီက နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးဖို့ တောင်းဆိုထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ဥပဒေနဲ့ ညီညွတ်စေရေးနဲ့ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိစေရေးအတွက် နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်သလို ကြပ်မတ် ထိန်းကျောင်းပေးသင့်တယ်လို့  တပ်မတော်က  နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးမှုအခြေအနေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆက်လက် ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၆ (ခ) အရ ရွေးကောက်ပွဲကျင်းပပြီးတဲ့နေ့ကနေ  ၄၅ ရက်အတွင်း အစီရင်ခံစာ ထုတ်ပြန်မယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013