
ရခိုင်ပြည်နယ်ကို အခုတပတ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား တယောက်သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လမ်းတံတား၊ လျှပ်စစ်ဓာတ်အားခွဲရုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧပြီ ၁၉ ရက်မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ကျောက်တော်၊ ပလက်ဝ၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို စစ်ကောင်စီက ဧပြီ ၁၆ ကနေ ၁၉ ရက်အထိ ဂျက်ဖိုက်တာ၊ Y-12 တွေနဲ့ အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဧပြီ ၁၉ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်ကျေးရွာရှိ နတလ ကျောင်း၊ ပုဏ္ဏားကျွန်းမြို့ရှိ ရွာဟောင်းရပ်ကွက်နဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို မနက် ၁၀ နာရီကနေ ၁၀ နာရီခွဲလောက်အထိ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၇ ကြိမ်တိုင်တိုင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပုဏ္ဏားကျွန်းမြို့ လျှပ်စစ်ဓာတ်အားခွဲရုံနဲ့ ရွာဟောင်းရပ်ကွက်ရှိ နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားကာ ပြည်သူတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာကို ဧပြီ ၁၉ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ပြောထားပါတယ်။
မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၉ ရက် မနက် ၁၀ နာရီနဲ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာတစီးနဲ့ ၂ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာ စာသင်နေကြတဲ့ စာသင်သား သံဃာ ၃ ပါးအပါဝင် ပြည်သူ ၁၃ ယောက် ဒဏ်ရာရရှိရရှိခဲ့တယ်လို့ AA က ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ ကလေးငယ် ၂ ယောက်၊ အမျိုးသမီး ၂ ယောက် ပါဝင်ကြပြီး သံဃာတပါးလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းနဲ့ အနီးပတ်ဝန်းကျင်က အိမ်အချို့ မီးလောင်ပျက်စီးသွားကာ နွား ၅ ကောင်၊ ဆိတ် ၁ ကောင် သေဆုံးပြီး နွားတကောင် ဒဏ်ရာရရှိသွားတယ်လို့ AA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အခုအပတ်အတွင်းမှာ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်ရှိ အရပ်သားတွေ နေထိုင်ကြတဲ့ နေရာအချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၅ စီး၊ Y-12 ၂ စီးတို့နဲ့ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်က မြို့ရွာတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ်ဟာ အလွန်စိုးရိမ်စရာ ကောင်းလာတယ်လို့ ပုဏ္ဏားကျွန်း စစ်ဘေးရှောင် အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်ဘက်မှာ အခုနောက်ပိုင်း ဗုံးကြဲလာတာက လေယာဉ်တွေ အုပ်စုလိုက်သုံးပြီး နာရီနဲ့ချီ ဗုံးကြဲတိုက်ခိုက်လာတာတွေ တွေ့ရတယ်။ အရင်လို တခါကြဲပြီးသွားရင် ပြီးသွားတာမျိုးမဟုတ်၊ နောက်ထပ်လည်း အကြိမ်ကြိမ်လာကြဲတာမျိုးတွေ လုပ်လာတယ်။ အတော်လေးကို ကြောက်စရာ ကောင်းလာပြီးတော့ ဘယ်နေ့ ဘယ်ရက် သေကြရမလဲဆိုပြီး တွေးကြောက်နေရတဲ့ အခြေအနေ ဖြစ်နေပြီ။ အိမ်တိုင်းမှာ ကတုတ်ကျင်းတွေ တူးပြီး နေကြရတဲ့ အနေအထားဖြစ်နေပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းက မြို့၊ ရွာတွေကို နေ့တိုင်း လေကြောင်း ကင်းထောက်တာနဲ့ လေကြောင်း တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ ဆက်တိုက် မြင့်တက်လာနေပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ရခိုင်ပြည်သူတွေ အနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။











