DVB Logo
Home
သတင်းတို
စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်
DVB
·
August 19, 2013
စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်
Donate to DVB

စာရေးဆရာကြီး ဒဂုန်တာရာ အသက် (၉၅) နှစ်ဟာ ဒီနေ့ မွန်းလွဲပိုင်း  ၁ နာရီ ၁၅ မိနစ်က ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဆရာကြီးရဲ့တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီက “ဆေးရုံက ဆင်းလာတယ်။ အိမ်ရောက်တော့ ၁ နာရီ ၁၅ မိနစ်မှာ ဆုံးသွားတယ်။ ဆေးရုံတင်ထားတာ ၁၁ ရက်ပေါ့။ ဘာမှဖြစ်လို့ တင်ထားတာတော့ မဟုတ်ဘူး။ ကျမ ကိုရီးယားသွားတော့ ဦးလေးကို အနားပေးတဲ့အနေနဲ့ အိမ်ကကလေးတွေလည်း မလုပ်တတ်လို့ ကျမတင်ခဲ့တာ။ ဆေးရုံကနေ ၉ နာရီခွဲလောက် ပြန်ခေါ်လာတာ။ အိမ်ရောက်မှ ဘာမှ မမျှော်လင့်ဘဲ အေးအေးဆေးဆေးပဲ။ ကျမတို့လက်ထဲမှာပဲ အစားကျွေးပြီးတဲ့ အချိန်လေးမှာပဲ။”

ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သွားတဲ့အပေါ် သတင်းစာဆရာကြီး ဦးဝင်းတင်က ““သူဟာ ရုန်းကန်ပြီးတော့ အမြဲတမ်း လှုပ်ရှားနေတဲ့ အင်ဂျင်စက်ကြီးလို့ပဲ ကျနော် တင်းစားပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ စာပေမှာဆိုရင်လည်း အနုအလှ တရားလေးတွေအတွက် နာမည်ကြီးတဲ့ ကဗျာ ဆရာ၊ နောက်တခါ ၀တ္ထုတွေ ဘာတွေ ဆိုလို့ရှိရင်လည်း အလွန်စိတ်ကူးယဉ်အောင် ပြောနိုင်တဲ့ စာပေကို ရေးခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဆိုရင်လည်း အကြမ်းမဖက်တဲ့နည်း လက်နက်ကိုင် မဟုတ်တဲ့ဟာတွေ ဒါတွေ ရှေ့ရှုခဲ့တယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာတာတောင်မှ သူက ရန်သူမရှိ မိတ်ဆွေသာရှိဆိုတဲ့ လုပ်ငန်းတွေကို ဦးတည်တဲ့လူဆိုတော့ သူရဲ့ ဘ၀ကို အကျဉ်းချုပ်ပြီး ပြောရရင်တော့ အင်ဂျင်ကြီးတခုလို၊ စက်ယန္တရားကြီးတခုလို အမြဲတမ်း ရုန်းကန်လှုပ်ရှားနေတဲ့ စက်ယန္တရားကြီးပဲဖြစ်တယ်။ အဲဒီစက်ယန္တရားကြီးဟာ ဆက်လက်ပြီးတော့ ခုတ်မောင်း ရှင်သန်ပြီးတော့ ကျနော်တို့ကို နည်းအမျိုးမျိုးသော အလင်းရောင်းတွေ ဆက်ပြီးတော့ ပေးသွားလိမ်မယ်လို့ ကျနော်ယူဆပါတယ်၊ သူ့ဘ၀ကို အကျဉ်းချုပ်ပြီးတော့ ပြောရရင်တော့ ဒဂုန်တာရာရဲ့ ဘ၀ဆိုတာ အစဉ်အမြဲ ရုန်းကန်လှုပ်ရှားနေတဲ့ အင်ဂျင်စက်ကြီးဖြစ်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ဆရာကြီး ဒဂုန်တာရာကို ကျိုက်လတ်မြို့နယ် ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) မှာ အဘ ဦးဘအုန်း၊ အမိ ဒေါ်ဖွားရှင်တို့က ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အမည်ရင်းမှာ ဦးဌေးမြိုင်ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်က ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင်ကျောင်းမှာ ပညာသင်ကြားခဲ့ပြီးနောက် ကျိုက်လတ် အမျိုးသားကျောင်း ၁၉၂၇ - ၃၆၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွေမှာ ပညာ ဆက်လက် သင်ကြားခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ ဆယ်တန်း အောင်မြင်ခဲ့ပြီး ၁၉၃၇ - ၄ဝ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။

ဆရာကြီး ဒဂုန် တာရာဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း ဥက္ကဋ္ဌ တာဝန်တွေကို ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် ဆရာ ဒဂုန် တာရာဟာ တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းမှာ မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့ပြီးနောက် ဒဂုန်တာရာ အမည် ခံယူပါတယ်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာမှာ တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသလို စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင်ထုတ်ဝေပြီး အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ဆရာကြီးဟာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန် စတဲ့ ကလောင် အမည် အမျိုးမျိုးနဲ့  စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးတွေကို ရေးသားခဲ့ပါတယ်။

စပယ်ဦးဖြင့် စာပေ ဗိမာန်ဝတ္ထုတို ပေါင်းချုပ်ဆုကို ၁၉၆၁ ခုနှစ်မှာ ရရှိခဲ့ပြီး ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆုကိုလည်း ရရှိခဲ့ပါတယ်။

ဆရာကြီး ဒဂုန်တာရာဟာ ကြာပန်းရေစင်၊ ကြာရိပ်ပန်းနု၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ်၊ စန္ဒရား ဆရာ သို့မဟုတ် မဟာအချစ်၊ စိမ်းမြဧရာ၊ တို့ခတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ၊ ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ၊ မူးယစ်ဝေသော နွေဦးညများ၊ မေ၊ ရုပ်ပုံလွှာ၊ လရောင် ရွှန်းမြသော ညတညအပါအ၀င် စာအုပ် ၂၀ ကျော်ကို ရေးသားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013