DVB Logo
Home
အာရှဒေသ
အိန္ဒိယ မုဆိုးမများဘ၀ ပင်ပင်ပန်းပန်း ရုန်းကန်နေရဆဲ
DVB
·
August 19, 2013
အိန္ဒိယ မုဆိုးမများဘ၀ ပင်ပင်ပန်းပန်း ရုန်းကန်နေရဆဲ
Donate to DVB

အိန္ဒိယနိုင်ငံ ၀ရင်ဒ၀မ်မြို့ဟာ “မုဆိုးမများမြို့” အဖြစ် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ အဲဒီနေရာမှာ မုဆိုးမပေါင်း ၂ သောင်း ၀န်းကျင်လောက်ဟာ ဆင်းဆင်းရဲရဲ  အထီးကျန်ဘ၀ နဲ့ နေ နေကြရတာပါ။ အိန္ဒိယ တရားရုံးချုပ်ဟာ မကြာခင်သေးခင်ကပဲ မုဆိုးမတွေရဲ့ လူနေမှု အဆင့်အတန်းကို တိုးတက်အောင် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ အခြေအနေ တိုးတက်မှု ဘာမှ မရှိသေးပါဘူး။

လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက ခွေးအိမ်ကလေးနဲ့ တူပြီး ခွေးတကောင် နေဖို့တောင် မသင့်တော်တဲ့ အခန်းလေးမှာ နေထိုင်တဲ့ အသက် ၈၃ နှစ်အရွယ် မုဆိုးမ မီရာ ရာနီက

“ကျမ ဘာလုပ် နိုင်မှာလဲရှင်၊ ကျမကို ကြည့်ရှုစောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိပါဘူး။ ကျမမှာ မိသားစုလည်း မရှိပါဘူးရှင်။ ကျမ သိတာတခုကတော့ ဒီနေရာမှာ ကျမကို စောင့်ရှောက်မယ့်သူက ခရစ်ရှနား ဘုရားသခင်ပါပဲရှင်” လို့ ပြောပါတယ်။

သူ့ယောက်ျား သေဆုံးပြီး နောက်ပိုင်းမှာ  ကလေးတွေကလည်း သူ့ကို စွန့်ပစ်ထားခဲ့ပါတယ်။ သူက ကယ်တင်မှုကို ရှာဖွေဖို့ ဗဟို ဘုရားဖူးမြို့ဖြစ်တဲ့ ၀ရင်ဒ၀မ် မြို့ကို လာခဲ့ပါတယ်။ အဲဒီမှာ ဘုရားကျောင်း ၅ ထောင်ကျော်ရှိပြီး ဟိန္ဒူ ဘုရားသခင် ဖြစ်တဲ့ ခရစ်ရှနား မွေးဖွားတဲ့ နေရာလို့ ယုံကြည်ထားကြပါတယ်။ ဒီနေရာက သူတို့မိသားစုတွေရဲ့ စွန့်ပစ်တာကို ခံရတဲ့ ဟိန္ဒူ ဇာတ်မြင့် မုဆိုးမတွေ တည်းခိုခန်းတွေ၊ ဂေဟာတွေ ဒါမှမဟုတ် လူတွေပြွတ်သိပ်နေတဲ့ ရပ်ကွက်တွေမှာ လာရောက် နေထိုင်ကြတဲ့ နေရာဖြစ်ပါတယ်။

ငယ်သူတွေ၊ ကြီးသူတွေ အမျိုးမျိုးရှိကြတဲ့ ဒီမုဆိုးမတွေဟာ သူတို့အတွက် စားသောက်စရာ ဒါမှမဟုတ် ပိုက်ဆံ အနည်းအပါးရဖို့ ဘုရားကျောင်းတွေမှာ ဘုရားဂုဏ်တော်သီချင်းတွေကို ဆိုပြီး သူတို့ရဲ့ နေ့ရက်တွေကို ကုန်ဆုံးစေကြပါတယ်။

အသက် ၉၁ နှစ် ရှိပြီဖြစ်တဲ့ ဂန်ဂါဒါဆီဟာ နိပေါလ် သက်ကြီးရွယ်အို မုဆိုးမ ၄၀ နေထိုင်တဲ့ ခြံဝင်း တခုတည်းမှာ နေထိုင်ပါတယ်။ အဲဒါက လေ၀င် လေထွက် မရှိတဲ့ မီးဖိုချောင်လေး ပါပြီး မီးမှိန်မှိန်လေး ထွန်းထားတဲ့ အခန်းလေး တခန်းပါ။

ဂန်ဂါဒါဆီက “ခရစ်ရှနား ဘုရားသခင် …ကျမ ဘာမှ သတိမရတော့ပါဘူး။ ဒီကို ကျမလာခဲ့တာ ကြာလှပါပြီ။ ၂၅ နှစ် ၂၆နှစ် လောက် ဒါမှမဟုတ် ဒီထက်တောင် ကြာချင် ကြာနိုင်ပါတယ်။ ကျမမှာ သမီးတယောက် ရှိပါတယ်။ သူ့ နာမည်က…....”

သူက သူ့သမီးရဲ့ နံမည်ကို သတိမရတော့ပါဘူး။ သူ့သမီး ဟာရီ ဒါဆီ ကလည်း မုဆိုးမ တယောက်ပါပဲ။

ဟာရီဒါဆီက “ဒီကနေ့အချိန်မှာတော့ ကလေးတွေက သူတို့အသက်မွေးမှုနဲ့ သူတို့ အလုပ်ရှုပ်နေကြပါတယ်။ အိမ်မှာပြန်ပြီး တယောက်တည်းနေတာထက် စာရင်တော့ ဒီမှာနေရတာက ပိုကောင်းပါတယ်ရှင်။ ဘုရားသခင်ရဲ့ အိမ်က ကျမရဲ့အိမ်ထက် အများကြီး ပိုကောင်းပါတယ်။ ကျမမှာ အစ်ကိုတွေ၊ မောင်တွေ မရှိပါဘူး။ သမီးလည်းမရှိပါဘူး။ ကျမ ဒီမှာ အမေ့ကို ပြုစုစောင့်ရှောက်ဖို့ နတာပါ။ ကျမသားက ကျမသေတဲ့အထိ ဒီမှာနေဖို့ ကျမကို ပြောပါတယ်” လို့ ဆိုပါတယ်။

ရှေးရိုးစွဲ ဟိန္ဒူမိသားစု အတော်များများမှာ မုဆိုးမတွေဟာ သူတို့ယောက်ျားတွေ သေဆုံးရတဲ့အတွက် အပြစ်တင် ခံရတတ်ကြပါတယ်။ ကံကြမ္မာဆိုးတခုလို အမြင်ခံရပြီး သူတို့ အတော်များများဟာ မိသားစုတွေရဲ့ စွန့်ပစ်တာ ခံကြရသလို လူ့အဖွဲ့အစည်းရဲ့ ပိတ်ပင်တားဆီးမှု ကို ခံကြရပါတယ်။

ဟာရီဒါဆီက တလမှာ အမေရိကန်ဒေါ်လာ ၃၀ ရဖို့ ဒေသဘုရားကျောင်းတခုမှာ ဘုရားဂုဏ်တော်သီချင်းကို သီဆိုရပါတယ်။

“မိုးက ကျမရဲ့ အခန်းလေးကို ဖျက်ဆီးပစ်လိုက်တာပေါ့။ ရေပိုက်ခေါင်း ပျက်နေရင် ကျမတို့ ရေရစရာ မရှိတော့ပါဘူး။ ကျမက အဲဒါကိုပြင်ဖို့ အမေရိကန်ဒေါ်လာ ၃၀ ပေးလိုက်ရတယ်လေ။  ကျမကအမေ့ကို နို့ဝယ်တိုက်ဖို့ ထားတဲ့ပိုက်ဆံကို ကုန်အောင် သုံးပစ်လိုက်ရတာပေါ့ရှင်။”

တချို့ ကူညီစောင့်ရှောက်ရေး အဖွဲ့တွေနဲ့ အန်ဂျီအိုတွေမှာ မုဆိုးမတွေကို အကူအညီပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ သူတို့က တချို့သူတွေကို ဘုရားကျောင်းတွေကို လာတဲ့ ဧည့်သည်တွေအတွက် ပန်းကုန်းတွေ သီပြီး ရောင်းတဲ့အလုပ်မျိုး လုပ်လို့ရအောင် ကျွမ်းကျင်မှု တွေကို သင်ကြားပေးကြပါတယ်။ ဒေသခံ လူသားချင်းစာနာထောက်ထားတတ်သူ ဘာဘာ ရင်မ်းဂျီ နဲ့ သူ့ရဲ့ အတ်ရှာရာပါထရာ ဖောင်ဒေးရှင်းကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး သူတို့အတွက် အခမဲ့ နေ့လယ်စာနဲ့ ဆေးတွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဘာဘာ ရင်မ်းဂျီက “၀ရင်ဒ၀မ် မှာ ခရစ်ရှန ဘုရားသခင်ရဲ့ ဧည့်သည်တွေဖြစ်တဲ့ မုဆိုးမ အများကြီး ရှိပါတယ်။ သူတို့ကို အလုပ်အကျွေးပြုဖို့က ကျနော့်တာဝန်ပါ။ ကျနော့်ရဲ့ ဧည့်သည်တွေ ပျော်တယ်ဆိုရင် ကျနော့်ရဲ့ ဘုရားသခင်က ကျေနပ် ၀မ်းသာမှာပါပဲဗျာ” လို့ ပြောပါတယ်။

အစိုးရက အဲဒီအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေကို သိတယ်လို့ ဆိုပါတယ်။ နောက် နိုင်ငံတော် အမျိုးသမီးရေးရာ ကော်မရှင်က ဥတာ ပရာဒက်ရှ်ပြည်နယ်အစိုးရကို အဲဒီမုဆိုးမတွေအတွက် လုံလောက်တဲ့ စားသောက်စရာနဲ့ သန့်ရှင်းစင်ကြယ်တဲ့ နေထိုင်မှု ပတ်ဝန်းကျင်ကို ပေးအပ်ဖို့ တွန်းအားပေး တိုက်တွန်းခဲ့ပါတယ်။

အဲဒီကော်မရှင်ကို ဦးဆောင်သူ မန်တာရှားမားက “သူတို့မှာ သင့်တော်တဲ့ ခိုလှုံစရာ နေရာတွေ မရှိပါဘူး။ တကယ်လို့ ရှိတယ်ဆိုရင်လည်း အဲဒါတွေက ညစ်ပတ်နေပြီး အညစ်အကြေး စွန့်ထုတ်ပစ်ဖို့ နေရာလည်း မရှိပါဘူး။ မုဆိုးမတွေက သူတို့အသက်ရှင် ရပ်တည်ရေးအတွက် တောင်းစားနေကြရပါတယ်။ ကျမတို့က သူတို့ အလုပ်လုပ်စရာရှိဖို့ အိမ်တွင်းစက်မှု လုပ်ငန်းလေးတွေကို ဖန်တီးတည်ဆောက်ပေးဖို့ သူတို့တွေ ဂုဏ်သိက္ခာရှိရှိ နေနိုင်ရအောင် ဂေဟာတွေကိုလည်း ဖန်တီးပေးဖို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယတရားရုံးချုပ်က မကြာခင်က မုဆိုးမတွေရဲ့ လူနေမှု အဆင့်အတန်းကို တိုးတက်အောင် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အစိုးရအဖွဲ့တဖွဲ့ ဖြစ်တဲ့  အမျိုးသား တရားရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က အဲဒီစွန့်ပစ်ခံ မုဆိုးမတွေကို မှတ်ပုံတင်ကတ် ထုတ်ပေးဖို့ ထောက်ခံတင်ပြပေးခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ ခုထိမပြောင်းလဲဘူးလို့ မုဆိုးမတဦး ဖြစ်တဲ့ မိုရီ ဒါဆီက ပြောပါတယ်။

“အိုင်ဒီ ကတ်နဲ့ ပင်စင်ကတ်ကို ကျမ မရသေးပါဘူး။ အစိုးရအရာရှိ တချို့က ကျမတို့ထဲက တချို့ဟာ ပင်စင်ငွေတွေ ရနေကြပြီလို့ ပြောပေမယ့် ကျမတို့ ဘာမှ မရသေးပါဘူးရှင်။ အရာရှိတွေ အများကြီး ရောက်လာပြီး ကျမတို့ကို ဓာတ်ပုံရိုက်ကြပါတယ်။ နောက် ပြန်သွားပြီး ဘာမှဖြစ်မလာပါဘူး။”

ဒီမုဆိုးမတွေဟာ သူတို့အသက်ရှင် ရပ်တည်နေနိုင်ဖို့ သူတို့ကို ကူညီထောက်ပံ့ဖို့ ဘုရားဂုဏ်တော်တွေကို ဘုရားကျောင်းတွေမှာ ဆက်ပြီး သီဆိုပေးနေကြဆဲဖြစ်ပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဂျက်စ်ဗင်ဒါ ဆေးဂေါလ်က အိန္ဒိယနိုင်ငံ ၀ရင်ဒ၀မ်က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013