DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ ယခုနှစ်ကုန်ထိ တိုးမြှင့်ပိတ်ပင်
DVB
·
December 1, 2020
အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ ယခုနှစ်ကုန်ထိ တိုးမြှင့်ပိတ်ပင်
Donate to DVB

မြန်မာနိုင်ငံမှာ လတ်တလော ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကြောင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်တွေကို အခုနှစ်ကုန်ထိ ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့် ပိတ်ပင်လိုက်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ နိုဝင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်ကို ကိုးကားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က အသိပေး ကြေညာထားခဲ့တာပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်း အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေ ယာဉ်တွေ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်တွေကို အခုနှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် အပြည် ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်တွေ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းကာလကို ထပ်ပြီးတော့ တိုးမြှင့်ဖို့ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီ က သဘောတူ ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ ကန့်သတ်ကာလအတွင်း အရေးပါတဲ့ ကယ်ဆယ်ရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်တွေ ပြေးဆွဲပျံသန်းမှု တွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်လက်ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် လ ၂၃ ရက်မှာ တွေ့ရှိခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်တွေကိုတော့ မတ်လ ၂၉ ရက်နေ့ကတည်းက ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတွေကို တာ ဝန်ယူဆောင်ရွက်ပေးနေတဲ့ Yangon Aerodrome Company Limited (YACL)ရဲ့ ထုတ် ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း ခရီးသည် ၁ ဒသမ ၇ သန်းကျော်သာ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၃၀ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၉၀,၇၁၃ ယောက်၊ သေဆုံးသူ ၁,၉၄၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၇၀,၁၅၆ ယောက်နဲ့ အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံး မှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

လတ်တလောမှာလည်း အစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထပ်တိုးမလာစေဖို့ မကြာမီရောက်လာတော့မယ့် ပွင့်လင်းရာသီပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ခရီးသွားလာတာတွေ၊ လူစူလူဝေးပြုလုပ်တာတွေ မလုပ်ကြဖို့၊ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ပန်ကြားထားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်း ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013