DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် ငါးဖမ်းလှေ ၇ စီး မီးရှို့ခံရ
DVB
·
August 16, 2013
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ငါးဖမ်းလှေတွေ မီးတင်ရှို့မှု ဖြစ်ပွားခဲ့တယ်လို့ ခရို်င်အဆင့် အုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင်းမှာ အခုလ ၁၃ ရက်နေ့ ညပိုင်းက ငါးဖမ်းလှေ ၇ စီးကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ တရားခံတွေ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတုန်းပဲလို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒါကတော့ သံတွဲမြို့နယ် အနောက်မြောက်ဖက် ၆မိုင်လောက် အကွာမှာ ဖြစ်ပါတယ်။ မြို့တောင်အုပ်စု။ လှေကတော့ အားလုံး ၇ စီးပါ။ တဲကတလုံး၊ အဲဒါ စုံစမ်းဆဲပါခင်ဗျာ။ တရားခံမရသေးပါဘူး။”

ဒီမီးရှို့မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ သံတွဲမြို့က ဒေသခံတွေကို မေးမြန်းကြည့်တဲ့အခါ အဲဒီငါးဖမ်းလှေတွေဟာ သီတင်းကျွတ်ကနေ တန်ခူးကာလအထိသာ အလုပ်လုပ်တဲ့ အတောင်လေးဆယ်လောက် ရှည်လျားတဲ့ ငါးဖမ်းလှေကြီးတွေဖြစ်ပြီး နားနေချိန်မှာ မီးရှို့ခံရတာလို့ ပြောပါတယ်။

ထွက်ပြေးလာတဲ့ ကလေးတွေ အပြောအရ မီးရှို့မယ့်သူတွေက လောက်လေးခွတွေနဲ့ ပစ်ခတ်တဲ့အတွက် အစောင့်ကလေးတချို့ ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။

မီးရှို့ခံရတာ လှေဆယ်စီးအနက် တ၀က်လောက်က ပြန်ပြင်လို့ရပြီး ကျန်အစီးတွေကတော့ လုံးဝသုံးမရအောင် မီးလောင်သွားတယ်လို့ ပြောပြပါတယ်။

“ဦးမြ၀င်းဆိုတာက အရင်တုန်းက ငါးဖမ်းသင်္ဘောမှာ အရာရှိလုပ်ခဲ့တယ်ပေါ့။ သူက  ဗုဒ္ဓဘာသာပါ။ သူ့မှာ လှေလည်း ပါသွားတယ်၊ အိမ်လည်းပါသွားတယ်၊ နှစ်ထပ်အိမ်တလုံး။ သူ့မှာကျတော့ စက်နဲ့ ဂီယာနဲ့ဆိုတော့ ၁၈ လုံးလောက် ပန်ကာတွေ၊ ရှပ်တွေ၊ ငါးလှမ်းတဲ့ အစတွေ အရှို့ခံရတယ်။ နောက် ဦးစနေအောင်ဆိုတာ သူတို့မှာလည်း ပါသွားတယ်။ ဦးကျော်ဒင်မှာက ၂ စီးစလုံး ပါသွားပါတယ်။ အားလုံး လှေက ၁၀ စီးမှာ ၅ စီးကတော့ နည်းနည်းပါးပါး ပြန်ပြုပြင်လို့ ရပါတယ်။ ကျန်တဲ့ ၅ စီးကတော့ လုံးဝပြာပဲ။ တချို့ကျတော့ တပိုင်းပြတ်ကြီးပေါ့ဗျာ။ ဘာမှ ပြန်လုပ်လို့မရတော့ဘူး။”

သံတွဲမြို့ လူနေအိမ်ခြေတွေကို မီးရှို့မှုဖြစ်ပွားခဲ့လို့ ၆ လပိုင်း ၃၀ ရက်နေ့က ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့ဆို နှစ်လသက်တမ်း ပြည့်တာကြောင့် သက်တမ်းတိုးရေး မတိုးရေး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013