DVB Logo
Home
ကျန်းမာရေး
ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား
DVB
·
November 30, 2020
ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ရုရှနိုင်ငံက ကမ္ဘာ့ပထမဆုံးကိုဗစ်ရောဂါကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးလည်း ကိုဗစ်ကြောင့်ဒုက္ခရောက်နေချိန်ဖြစ်လို့ ဝမ်းသာအားရနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကိုဗစ်ကဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်တာကြောင့် ထိရောက်တဲ့ကာကွယ်ဆေးထိုးထားနိုင်ရင် ရောဂါကိုလုံးဝအမြစ်ပြတ်ချေမှုန်းနိုင်တော့မယ်ဆိုပြီး မျှော်လင့်ခဲ့ကြပေမဲ့ ရုရှကာကွယ်ဆေးနဲ့ပတ်သက်ရင် မရေရာတဲ့ကိစ္စတွေ တွေ့ရှိရပါတယ်။

ကာကွယ်ဆေးအသစ်တစ်ခုတီထွင်ထုတ်လုပ်ဖို့ဆိုတာ အချိန်အရမ်းပေးရပါတယ်။ အနည်းဆုံးက ၈ နှစ်ကနေ ၁၅ နှစ်/နှစ် ၂၀ အထိ လူပေါင်းများစွာကို အဆင့်ဆင့်စမ်းသပ်ပြီး စိတ်ချရပြီဆိုမှ အမြောက်အမြားထုတ်လုပ် သုံးစွဲနိုင်တာဖြစ်ပါတယ်။

ဒါတောင်ကာကွယ်ဆေးသုံးစွဲနေသူတွေမှာ အန္တရာယ်ဖြစ်နိုင်တဲ့သံသယလက္ခဏာတွေ တွေ့လာရရင် သုံးစွဲမှုကို ချက်ချင်းရပ်တန့်ပစ်ရပါသေးတယ်။ ကာကွယ်ဆေးထုတ်လုပ်တဲ့ပြိုင်ပွဲကို ပန်းဝင်ချင်ဇောနဲ့  အမြန်ထုတ်ကြွားလိုက်ရတဲ့ ရုရှကာကွယ်ဆေး အကြောင်းကိုသေချာလေ့လာကြည့်ရင် သံသယဖြစ်စရာအချက်တွေတွေ့ရမှာပါ။ ဘာတွေလဲဆိုရင်

တိကျတဲ့သုတေသနပြုလုပ်မှုများ၊ ရလဒ်များ


ကိုဗစ်ကာကွယ်ဆေးကိုတရားဝင်ဖြန့်ချိဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေက ဆေးပညာအဖွဲ့အစည်းတွေ၊ FDA အဖွဲ့တွေအပြင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးအဖွဲ့အစည်းကြီးတွေပေါင်းစည်းထားတဲ့ COVAX အဖွဲ့မှာ အမှန်တကယ် ထိရောက်မှုရှိကြောင်း၊ သုံးစွဲနိုင်ကြောင်းမှတ်ကျောက်တင်အစစ်ဆေးခံရဖို့လိုပါတယ်။

Sputnik V လို့နာမည်ပေး ထားတဲ့အခုရုရှရဲ့ကိုဗစ်ကာကွယ်ဆေးကတော့ ရုရှကျန်းမာရေးဝန်ကြီးဌာနမှာပဲ မှတ်ပုံတင်ထားတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကပါ ဒီနေ့အထိ အသိအမှတ်ပြုထားခြင်းမရှိပါဘူး။ စစ်ဆေးဖို့လိုအပ်တဲ့ သုတေသနအချက်အလက် တွေအများကြီးလိုအပ်နေသေးပြီး တိကျကွဲပြားတဲ့ ရလဒ်တွေလည်း မတွေ့ရှိရဘူးလို့ ဆေးသိပ္ပံသုတေသန ဂျာနယ် The Lancet ကဆိုထားပါတယ်။

အသေးစိတ်စမ်းသပ်စစ်ဆေးမှုများ


ကာကွယ်ဆေးထုတ်လုပ်မှုတိုင်းမှာ Phase 1, 2, 3 ဆိုပြီး အဆင့် (၃) ဆင့်ကိုတစ်ဆင့်ချင်းစီ သေချာစစ်ဆေး ဖို့လိုပါတယ်။ တစ်ဆင့်ချင်းစီမှာစိတ်ချယုံကြည်ရတဲ့ရလဒ်တွေရမှ နောက်တစ်ဆင့်ကိုထပ်စမ်းသပ်ပါတယ်။ နောက်ဆုံး အဆင့် (၃) မှာလူထောင်သောင်းချီပြီး အကြီးအကျယ်စစ်ဆေးမှုပြုလုပ်ပါတယ်။ စမ်းသပ်မှု ရလဒ်တွေကိုကြည့်ပြီး စိတ်ချရပြီဆိုမှ တရားဝင်မှတ်ပုံတင်ပြီးထုတ်လုပ်ရမှာပါ။

ရုရှကာကွယ်ဆေးကို ကိုဗစ်ကာကွယ်ဆေးအဖြစ် ကြေငြာခဲ့တုန်းကနောက်ဆုံးအဆင့်မှာတောင် မစမ်းသပ်ရသေးပါဘူး။ အခုချိန်ထိလည်း နောက်ဆုံး အဆင့်မှာစမ်းသပ်ဆဲပဲ ရှိပါသေးတယ်။ ပြီးအောင်တောင်မစမ်းရသေးဘဲ အောင်မြင်တယ်လို့ကြေညာလိုက်တာက ကာကွယ်ဆေးအထိုးခံမယ့်သူတွေအတွက် တအားအန္တရာယ်များပါတယ်။

ဘေးထွက်ဆိုးကျိုးများ


ကာကွယ်ဆေးတိုင်းဘေးထွက်ဆိုးကျိုးအနည်းနဲ့အများရှိပါတယ်။ ဆေးထိုးပြီးပြီးချင်းခံစားရမယ့် ဖျားနာခြင်း၊ ကိုက်လက်ကိုက်ခဲခြင်းကနေ ဆေးထိုးပြီးလတွေနှစ်တွေကြာတော့မှခံစားရနိုင်တဲ့ ပိုပြီးဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်ကိုပါ ထည့်စဉ်းစားရပါမယ်။ ရေရှည်ဆိုးကျိုးတွေကိုတော့ လတ်တလောလေ့လာဖို့ မလွယ်ကူပေမဲ့ ထိုးပြီးပြီးချင်းဖြစ်ပေါ်လာမဲ့ကျန်းမာရေးအန္တရာယ်တွေကို ရှင်းရှင်းလင်းလင်းထုတ်ပြန် သင့်ပါတယ်။ ရုရှရဲ့ကိုဗစ်ကာကွယ်ဆေးမှာ ဒီလိုရှင်းရှင်းလင်းလင်းတာမျိုးမတွေ့ရသေးပါဘူး။

ဒီအချက် (၃) ချက်ပေါ်မူတည်ပြီးကောက်ချက်ချနိုင်တာကတော့ ရုရှရဲ့ကိုဗစ်ကာကွယ်ဆေးက ဒီထက်ပိုပြီး ရှင်းလင်းပြတ်သားတဲ့သုတေသနနဲ့ ထုတ်ပြန်မှုတွေပြုလုပ်ဖို့လိုအပ်နေသေးသလို တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့စစ်ဆေးမှုကိုလည်းခံယူဖို့လိုအပ်နေသေးတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့ မဖြစ်နိုင်သေးဘူးလို့ဆိုရပါမယ်။

အရေးကြီးဆုံးအချက်က ကာကွယ်ဆေးအသစ်တစ်ခုထုတ်လုပ်မယ်ဆို လောလို့လုံးဝမရပါဘူး။ ကိုဗစ်ကြောင့် လူသေဆုံးမှုတွေရှိနေတာမှန်ပေမဲ့ တကယ်အလုပ်မဖြစ်တဲ့ကာကွယ်ဆေးကို သုံးစွဲမိလိုက်ရင် ရောဂါလည်း မကာကွယ်နိုင်သလို တခြားဘေးထွက်ဆိုးကျိုးတွေပါကြုံရနိုင်တဲ့အတွက် ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်ဖို့ နှစ်တွေအကြာကြီးရင်းနှီးရတာဖြစ်ပါတယ်။ လူအများကြီးနဲ့စမ်းသပ်ဖို့လိုပြီးစိတ်ချရတဲ့ ရလဒ်တွေထွက်မှလည်း အောင်မြင်တဲ့ကာကွယ်ဆေးလို့ဆိုရမှာပါ။ ဆေးအမြန်ရချင်ဇောနဲ့ ပြီးစလွယ်တွေလုပ်လိုက်ရင် နောက်ပိုင်းပြဿနာတွေအများကြီးတက်သွားနိုင်ပါတယ်။

ဒီလိုပြောလိုက်လို့ ကိုဗစ်ကာကွယ်ဆေးရဖို့မဖြစ်နိုင်တော့ဘူးလားလို့မေးစရာရှိပါတယ်။ ဒီလိုတော့လည်း မဟုတ်ပါဘူး။လက်ရှိအချိန်ထိ အဆင့် (၃)အထိ ရောက်နေတဲ့စမ်းသပ်ဆဲ ကိုဗစ်ကာကွယ်ဆေး ၁၀ မျိုးရှိပါတယ်။ ဒီထဲက အချို့ဆေးတွေကို လူထောင်သောင်းချီပြီး စမ်းသပ်နေပါပြီ။ ရလဒ်ကောင်းတဲ့ ဆေးတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် စိတ်ချရတဲ့ ကာကွယ်ဆေးရဖို့ တဖြည်းဖြည်းနီးစပ်လာပြီလို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေး အမြန်ရဖို့ထက် စိတ်ချရပြီးတကယ်ထိရောက်တဲ့ ကာကွယ်ဆေးဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

Dr. Htoo Tint


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013