DVB Logo
Home
မြန်မာသတင်း
သစ်ထုတ်လုပ်ခြင်း လုံး၀ရပ်တန့်ရန် ရေးမြို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများ တောင်းဆို
DVB
·
November 30, 2020
သစ်ထုတ်လုပ်ခြင်း လုံး၀ရပ်တန့်ရန် ရေးမြို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများ တောင်းဆို
Donate to DVB

ရေးမြို့နယ်မှာ သစ်ထုတ်တာတွေ လုံးဝရပ်တန့်ဖို့နဲ့ သဘာဝသယံဇာတအရင်းအမြစ်ကနေ ဒေသခံတွေ ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးဖို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

အစိုးရသက်တမ်းအတွင်း သဘာဝပတ်ဝန်းကျင်အရေး သိသာတဲ့ ပြောင်းလဲမှုတွေ လုပ်နိုင်တာခဲ့တာကို မတွေ့ခဲ့ရဘဲ လက်ရှိ အရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဆောင်ရွက်ပေးဖို့ ရေးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်တာပါ။

တရားမဝင်သစ်ထုတ်လုပ်မှုတွေ ရှိနေဆဲဖြစ်ပြီး ကမ်းခြေပေါများတဲ့ ရေးမြို့နယ်အတွင်း  သဘာဝကပေးတဲ့ အရင်းအမြစ်တွေကတဆင့် ဒေသခံပြည်သူတွေအ ကျိုးရှိအောင် ဆောင်ရွက်ပေးဖို့ Green Bike အဖွဲ့ဝင် ကိုဘုန်းမြတ်ဟန်က ပြောပါတယ်။

“ပထမအချက်က သစ်ထုတ်တာတွေကို လုံးဝရပ်ပေးဖို့၊ ရပ်တန်းကရပ်ပေးဖို့ တောင်းဆိုချင်တယ်၊ ဒုတိယအချက်အနေနဲ့ ရှိနေတဲ့ ကမ်းခြေကနေ ငွေရှာလို့ရတယ်၊ လူမှုအခြေပြုခရီးသွားလုပ်ငန်း၊ တဖက်နိုင်ငံမှာလုပ်နေသလိုပေါ့။ ဟိုတယ်ဇုန်ကြီးတွေ ဆောက်တာမျိုးမဟုတ်ဘဲနဲ့ နယ်ခံတွေအတွက် အကျိုးရှိအောင် ဘယ်လိုလုပ်ပေးမလဲ၊ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေက ဒါတွေကို ဘယ်လိုဖန်တီးပေးမလဲ၊ လုပ်ပေးနိုင်ဖို့ မျှော်လင့်တယ်။ သဘာဝပတ်ဝန်းကျင်အရေး ဖြစ်လာရင် တိကျတဲ့ သတင်းထုတ်ပြန်မှု လိုအပ်တယ်၊ ရေတက်နိုင်တယ်၊ မုန်တိုင်းရှိနိုင်တဲ့ ဒါကို အစိုးရအနေနဲ့ တိတိကျကျ သတင်းထုတ်ပြန်ပေးဖို့လိုအပ်တယ်။ နောက်ဆုံးတခုက သဘာဝပတ်ဝန်းကျင် အခြေပြုလုပ်ငန်းတွေကနေ ဘတ်ဂျက်ရလာရင် ဒီဘတ်ဂျက်ကို ပြည်ထောင်စုအဆင့်ကနေ တစ်နိုင်ငံလုံးကို ခွဲဝေသုံးမလား၊ ကိုယ်စားလှယ်တွေအနေနဲ့ ကျနော်တို့မြို့က ရလာတဲ့ဘတ်ဂျက်ကို ကျနော်တို့ ဒေသအကျိုးအတွက် အကောင်းဆုံးအသုံးချပေးနိုင်ဖို့ တောင်းဆိုချင်တယ်။”

ပြည်တွင်း ပြည်ပခ ရီးသွားတွေ လာရောက်လည်ပတ်မှုများပြားခဲ့တဲ့ ရေးမြို့နယ်အတွင်း ကဗျာဝကမ်းခြေအပါအဝင် ကျောင်းရွာချောင်း ရေချိုးအပန်းဖြေစခန်း စတာတွေအတွက် ဒေသတွင်းအစိုးရအနေနဲ့ အဆင့်မြှင့်တင်ပေးနိုင်မှုမရှိခြင်း နဲ့ သစ်ခိုးထုတ်မှုတွေကို ထိရောက်စွာ တားမြစ်ပေးနိုင်မှုမျိုးတွေလည်း မလုပ်ပေးနိုင်ခဲ့ဘူးလို့ သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားနေသူတွေက ဆိုပါတယ်။

လာမယ့်အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်တဲ့နေရာမှာ သုတေသန အခြေပြု မူဝါဒတွေကို ဆောင်ရွက်ပေးစေချင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်လာနိုင်တဲ့ စီမံကိန်းတွေရှိလာပါက အရွေးချယ်ခံကိုယ်စားလှယ်တွေအနေနဲ့ ဒေသခံတွေနဲ့အတူ အပြည့်အဝရပ်တည်ပေးဖို့လည်း ဖာလိန်ဒေသ သဘာဝဝန်းကျင်အရေးလှုပ်ရှားနေသူတွေက ဆိုပါတယ်။

အံဒင်ကျေးရွာနေ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ အံဒင်လူငယ်အဖွဲ့မှ မင်းဖိုးဇော်က “နောက်တက်လာမယ့် အစိုးရသစ်ကို အကြံပြုချင်တာက သဘာဝဝန်းကျင်နဲ့ပတ်သက်ပြီးတော့ သုတေသနတွေကို အခြေပြုမူဝါဒတွေ လုပ်စေချင်တယ်၊ ဒေသခံတွေရဲ့အသံကို အသိအမှတ်ပြုစေချင်တယ်။ ဒေသခံတွေနဲ့အတူ ဒေသခံတွေဘက်က အပြည့်အဝရပ်တည်ပေးဖို့ အကြံပေးချင်တယ်၊ ဒေသခံတွေရဲ့အသံတွေကို ယူဆောင်ပြီးတော့ အဆိုတွေ မေးခွန်းတွေ တင်သွင်းဆွေးနွေးသင့်တယ်လို့ မြင်တယ်၊ ဒေသခံတွေနဲအတူ အပြည့်အဝ ရပ်တည်ပေးဖို့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။

ရေးမြို့နယ်ဟာ မွန်ပြည်နယ်အတွင်း အကျယ်ဝန်းဆုံးမြို့နယ်တစ်ခုဖြစ်ပြီး ရှိရင်းစွဲသဘာဝအတိုင်း တည်ရှိနေတဲ့ တောတောင်တွေနဲ့ မွန်ပြည်နယ်အတွင်း ကမ်းခြေအပေါများဆုံးဖြစ်ကာ ကိုဗစ်မတိုင်ခင်က အခါကြီးရက်ကြီးတွေမှာ လူပေါင်းထောင်ချီ လာရောက်လည်ပတ်လေ့ရှိတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013