DVB Logo
Home
မြန်မာသတင်း
ကိုဗစ်စည်းကမ်းမလိုက်နာသဖြင့် နိုင်ငံကြီးများ မနိုင်မနင်းဖြစ်နေမှုကို အလေးထားပြောပြီး ပညာပေးရန် တိုက်တွန်း
DVB
·
November 29, 2020
ကိုဗစ်စည်းကမ်းမလိုက်နာသဖြင့် နိုင်ငံကြီးများ မနိုင်မနင်းဖြစ်နေမှုကို အလေးထားပြောပြီး ပညာပေးရန် တိုက်တွန်း
Donate to DVB

နိုင်ငံကြီးတွေမှာတောင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေ မလိုက်နာကြတာကြောင့် ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ မနိုင်မနင်းဖြစ်နေတာကို အထူးအလေးထားပြောပြီး ပညာပေးဖို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

မနေ့က Videoconferencing စနစ်နဲ့ လုပ်ခဲ့တဲ့ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှု အခြေအနေ၊ တပြည်လုံးအတိုင်းအတာနဲ့ ရောဂါဖြစ်ပွားတာများတဲ့ မြို့နယ်တွေမှာ လုပ်နေတဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက် အသေးစိတ်တင်ပြဆွေးနွေးတဲ့ အစည်းအဝေးမှာ ပြောခဲ့တာပါ။

ဒီစီမံချက်ကိုလုပ်ရာမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတာကို ထိန်းချုပ်ဖို့ အရေးအကြီးဆုံးအချက်ဟာ ပြည်သူတယောက်ချင်းစီက ရောဂါကာကွယ်ရေးနည်းလမ်းတွေကို အလေးထားလိုက်နာဖို့ ဖြစ်တယ်ဆိုတာကို ပြည်သူတွေ သိရှိရေး ပညာပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီလို ပညာပေးရာမှာ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံကြီးတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေ မလိုက်နာကြတာကြောင့် ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ မနိုင်မနင်း ဖြစ်နေတာ၊ ကိုဗစ်ရောဂါဟာ မြန်မြန် ကူးစက်နိုင်တယ်ဆိုတဲ့အချက်၊ ရောဂါလက္ခဏာ တစုံတရာမပြသဘဲ ရောဂါရှိသူတွေရှိနေပြီး သူတို့ကနေ တခြားသူတွေဆီ မြန်မြန် ထပ်ပြီး ကူးစက်စေတယ်ဆိုတဲ့ အချက်၊ ဒီရောဂါဟာ ဘယ်သူမဆို ဖြစ်နိုင်ပြီး ရောဂါပြင်းထန်မှ ဆေးရုံလာပြရင် သေဆုံးနိုင်တယ်ဆိုတဲ့အချက်၊ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်တာ၊ တယောက်နဲ့ တယောက် ခပ်ခွာခွာနေတာနဲ့ တတ်နိုင်သမျှ အိမ်မှာနေထိုင်ပြီး ကိုဗစ် ကူးစက်တာကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတဲ့အချက်တို့ကို အထူးအလေးထား ပြောကြားကြရမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတက်ရောက်တဲ့ တိုင်းနဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ကုသရေး ဦးစီးဌာနမှူးတွေကလည်း ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ဝန်ပိနေတာ၊ ကိုယ်စိတ်ပင်ပန်းနေတာ၊ ပရဟိတစေတနာ့ ဝန်ထမ်းတွေ အရင်ကနဲ့ယှဉ်ရင် နည်းလာတာတို့ကို ပြောပြပါတယ်။

ပြီးတော့ အဝေးပြေးယာဉ်မောင်းတွေကို ကိုဗစ်-၁၉ စစ်ဆေးနေတာ၊ ရောဂါကင်းရှင်းကြောင်း ထောက်ခံစာအတုပြုလုပ်နေသူတွေကို အရေးယူထားတာ၊ အသွားအလာကန့်သတ်မှု စည်းကမ်းချိုးဖောက်သူတွေကို အရေးယူထားတာတွေကိုလည်း ပြောပါတယ်။

ဈေးတွေမှာ ရောင်းသူ ဝယ်သူတွေဟာ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးနဲ့ စည်ပင်သာယာရေး ဝန်ထမ်းတွေ ရှိနေချိန်မှာ ပါးစပ်၊ နှာခေါင်းစည်းနဲ့ မျက်နှာအကာတွေ ဝတ်ဆင်ပေမယ့် ကျန်အချိန်တွေမှာ လိုက်နာတာ အားနည်းတယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးကလည်း ရောဂါ ကူးစက်တာ အမြန်ဆုံး ကျဆင်းသွားစေဖို့ ဝန်ကြီးဌာနအနေနဲ့ လုပ်သင့်တာတွေကို အတတ်နိုင်ဆုံး လုပ်နေပြီး ပြည်သူတွေပါဝင်ဖို့ အဓိကထားမှ အောင်မြင်မယ်လို့ ပြောပါတယ်။

ဈေးတွေမှာ ပါးစပ်၊ နှာခေါင်းစည်းနဲ့ မျက်နှာအကာတွေ မတပ်ရင် ရောင်းခွင့်မပြုဖို့၊ ဝယ်သူတွေ မတပ်ရင်လည်း ဈေးထဲကို ဝင်ခွင့်မပြုဖို့၊ ပါးစပ်၊ နှာခေါင်းစည်းနဲ့ မျက်နှာအကာတွေမတပ်ထားသူတွေဆီက မဝယ်ဖို့ အသိပညာပေးရမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်း မလိုက်နာသူတွေကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေမှာ လုပ်အားပေးပါဝင်စေတာဟာ ကောင်းမွန်ပြီး မလိုက်နာသူတွေကို သင့်တော်တဲ့ အရေးယူတာတွေ လုပ်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းစေလိုတယ်လို့လည်း ပြောပါတယ်။

ပြီးတော့ ဈေးကြီးတွေမှာ ပါးစပ်၊ နှာခေါင်းစည်းနဲ့ မျက်နှာအကာတွေကို သက်သာတဲ့နှုန်းထားနဲ့ ရောင်းတဲ့ဆိုင်တွေ ဖွင့်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းစေလိုတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013