DVB Logo
Home
Lead Story
လူထုဒေါ်အမာ ၁၀၅ နှစ် မွေးနေ့ကဗျာများ 
DVB
·
November 29, 2020
လူထုဒေါ်အမာ ၁၀၅ နှစ် မွေးနေ့ကဗျာများ 
1 / 5
Donate to DVB

“လူထုဒေါ်အမာ ၁၀၅”

"နှစ်ဆယ့်ကိုး" မှာ၊ "နိုဝင်ဘာ" ဝယ်

အမာ အမေ၊ မွေးခဲ့ပေတာ

တရာ ကျော်ဖြစ်၊ ငါးနှစ် ပေါက်လာ

သည်နေ့မှာကွယ်၊ မမေ့ဖွယ်မို့

ဒေါင်းတို့မိခင်၊ စာဆိုရှင် ဟု

လူထုဒေါ်အမာ၊ ပြခဲ့ရာလမ်း

ကလောင်ထမ်းလို့ လျှောက်ကြစို့။ 

(မောင်တူး)

စာရေးဆရာမကြီး လူထုဒေါ်အမာကို မန္တလေးမြို့၊ လက်ဆည်ကန် ဂုန္တာန်ရပ်မှာ ဦးထင်၊ ဒေါ်စုတို့က ၁၉၁၅ နိုဝင်ဘာ ၂၉ ရက် ဖွားမြင်ခဲ့တယ်။ နာမည်ရင်းက အမာ ဖြစ်တယ်။ သူ့ကို မွေးဖွားခဲ့တာ ဒီနေ့ဆို ၁၀၅ နှစ်ပြည့်ပြီပေါ့။ သူဟာ သမိုင်း၊ အနုပညာ၊ ဘာသာရေး၊ နိုင်ငံရေး၊ တော်လှန်ရေးဆိုင်ရာ စာရေးဆရာ၊ သတင်းစာနဲ့ ဂျာနယ်အယ်ဒီတာ၊ ဆောင်းပါးရှင်၊ သတင်းစာ ခေါင်း ကြီးရေးသူ ဖြစ်တယ်။ စာပေနဲ့ယုံကြည်ချက်အတွက် နိုင်ငံရေးအကျဉ်းသူလည်း ဖြစ်ခဲ့သလို ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်၊ မ.ဆ.လ န.ဝ.တ န.အ.ဖ စစ်အစိုးရခေတ်တွေကို တော်လှန်ဖြတ်ကျော်ခဲ့သူ ရွှေဒေါင်းတောင် ကလောင်ရှင် ဖြစ်တယ်။ လူထုဒေါ်အမာဟာ အသက် ၉၃ နှစ်အရွယ် ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်မှာ ကွယ်လွန်သွားခဲ့တယ်။

“လူထုဒေါ်အမာ ဆိုတာ”

မြန်မာနိုင်ငံမှာ ပေါ်ထွန်းဖူးသမျှ

အမျိုးသမီးတွေထဲမှာ

အကြီးမားဆုံးလို့ဆိုရင် လွန်ရာကျမှာမို့ လို့ - - -

မဆိုချင်တောင် အကြီးမားဆုံးတွေထဲမှာ

တဦးလို့ ဆိုရလိမ့်မယ်။

သူ့အကြောင်းကို

သူများတွေအကြောင်းရေးသလို

စာအုပ်ကြီးတအုပ်

ပြုစုရေးသားရမှာဖြစ်တယ်။ ။

(မောင်သာနိုး)

လူထုဒေါ်အမာရဲ့ ပထမဆုံးစာအုပ်ကို ၁၉၃၈ ခုက မောရစ်ကောလစ်ရဲ့ Trials In Burma ကို ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’ အမည်နဲ့ တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ အမာ နာမည်နဲ့ ဘာသာပြန်ထုတ်ဝေခဲ့တယ်။ နောက်ထပ် သူရဲ့စာအုပ်တွေက “စန္ဒမာလာ” (၁၉၄ဝ)၊ “ပြည်သူချစ်သော အနုပညာသည်များ” (၁၉၆၄)၊ “ဘဝချင်းမတူသည့် တရုတ်ပြည်” (၁၉၆၆)၊ “အောင်ဗလ ဖိုးစိန် စိန်ကတုံး” (၁၉၆၇) ၊ “ရွှေရိုး ဦးဘကလေး” (၁၉၆၉)၊ “ရွှေမန်းတင်မောင်” (၁၉၇ဝ)၊ “အငြိမ့်” (၁၉၇၃)၊ “ရွှေဒေါင်းတောင် ဆောင်းပါးများ” (၁၉၇၅)၊ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း” (၁၉၇၆)၊ “အာဖရိကဝတ္ထုတိုများ” (၁၉၈၉)၊ ”မန္တလေးသူ မန္တလေးသားများ” (၁၉၉၁)၊ “ထိုင်းဝတ္ထုတိုများ” (၁၉၉၂)၊ “ထိုင်းဝတ္ထုတိုများ (၂)” (၁၉၉၃)၊ “ရတနာပုံမန္တလေး ကျွန်မတို့မန္တလေး” (၁၉၉၃)၊ “သာသနာ့တန်ဆောင် ဆရာတော်ကြီးများ” (၁၉၉၄)၊ “ကျွန်မတို့ ငယ်ငယ်က” (၁၉၉၄)၊ “အမေ့ရှေးစကား” (၁၉၉၇) စသဖြင့် အုပ် ၅၀ လောက် ရှိတယ်။ ၁၉၆၄ ခုနှစ်က ‘ပြည်သူ ချစ်သော အနုပညာရှင်များ’ စာအုပ်နဲ့ စာပေဗိမာန် မြန်မာ့ ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ စာပေ ပထမဆုကို ရခဲ့ပါတယ်။

 

“အမေ့မီးတိုင် မငြိမ်းနိုင်”     

မရေမရာ အပူခေတ်မှာ

အမေမာ လူဖြစ်ခဲ့ရ

ဝေဒနာ ယူပစ်ဖို့

စေတနာ ဖြူဖြူသစ်ခဲ့ပေါ့

ပြေရွာကို သူချစ်ခဲ့တယ်လေ။

အရှည်ခရီးရဲ့ မိုင်အမှောင် တထောင်တကုဋေမှာ

အမေ ပုတီးနဲ့ ကလောင်ကိုင်နိုင်ပါစေ။

လူ့ရပ်ရွာက သူ့စာဖတ်တွေကို

ကရုဏာဓာတ် ရေစင်ဖျန်းပြီး

ရွှေရင်လန်းစေခဲ့တဲ့ တို့အမေ။

သူ့မီးတိုင် တို့ရင်တွင်း

အမြဲလင်း လင်းလို့နေ။

အမေမာဆိုတဲ့ အမာမေမေ

မာစေသာစေ ဆယ်ကမ္ဘာမြေ

ဘယ်အခါမသေ

ဘယ်အခါမျှမသေ တကယ်ထာဝရအမေ။ ။ 

(တင်မိုး) (အမေလူထုဒေါ်အမာ ၈၇ နှစ်ပြည့် မွေးနေ့သို့)

၆ - ၁၀- ၂၀၀၂ ဗုဒ္ဓဟူး နံနက်ခင်း တိုကျို



 

 

လူထုဒေါ်မာဟာ ၁၉၂ဝ ပြည့်နှစ်က မန္တလေး ဒေါ်စောအုံ အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းထိ သင်ခဲ့တယ်။ အေဘီအမ်ကျောင်းမှာ ၁၉၂၃-၁၉၃၁ ဆက်တက်ပြီး ဆယ်တန်းကို မန္တလေး ဗဟိုအမျိုးသားကျောင်းက ၁၉၃၃ မှာ အောင်တယ်။ မန္တလေး ဥပစာကောလိပ် (၁၉၃၃-၁၉၃၅)၊ ရန်ကုန်တက္ကသိုလ် (၁၉၃၆-၁၉၃၇) တို့မှာ တက်တယ်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်ကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့တယ်။

 

 

 

 

“မန္တလာမြေကလူထုအမေ”

အဓမ္မကိုမုန်း

အမှန်တရားကိုထုံး

ကဒေါင်း

ခွပ်ဒေါင်းနှင်းဆီနီ

စပယ်ဖြူ

သံမဏိ

ဖယောင်း

လရောင်

နေမင်း

ဒီအကြောင်းရင်းရဲ့

မြေကြီးနဲ့ကောင်းကင်ကြား

အမျိုးသမီး

လူသားပမာ

အမေလူထုဒေါ်အမာ။ ။ 

ရဲငြိမ်း

(၁၂-၄ -၂၀၀၈) ကွယ်လွန်သူ လူထု အမေမာ အတွက်

သမိုင်းဝင် အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့မှာ ဝတ္ထု၊ ဆောင်းပါးတွေ ရေးခဲ့တယ်။ ကြီးပွားရေးဦးလှနဲ့ စတင်သိကျွမ်းခဲ့ပြီး၊ ကြီးပွားရေးမဂ္ဂဇင်းမှာ ကလောင်အမည် ခင်လဝင်း၊ မြမဉ္စူ တို့နဲ့ ရေးသားခဲ့တယ်။ တခြားကလောင်ခွဲတွေက ဇမ္ဗူဒီပါအောင်ထွန်း၊ ဖခင်အောင်နိုင်၊ ဖိုးသာအောင်၊ အမာ၊ အမာ (တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ)၊ အင်းလျား ကျောင်းဆောင်သူတစ်ဦးတို့ ဖြစ်ကြတယ်။ ၁၉၃၉ နိုဝင်ဘာလ ၁၃ ဦးလှနဲ့ လက်ထပ်ပြီး သားသမီး ၅ ဦး ကိုစိုးဝင်း (ရဲဘော်ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း (စာရေးဆရာ ညီပုလေး) တို့ ထွန်းကားခဲ့တယ်။ ကိုစိုးဝင်းနဲ့ ဖိုးသံချောင်းတို့ဟာ လက်နက်ကိုင်တော်လှန်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)နဲ့ သွားပူးပေါင်းခဲ့ကြတယ်။ ကိုစိုးဝင်းဟာ ဗကပရဲ့ ဖြုတ် ထုတ် သတ်မှာ ပါသွားခဲ့တယ်။ မိသားစု သေကွဲ ရှင်ကွဲ အကွဲကွဲအပြားပြား ဖြစ်ခဲ့ပေမဲ့ လောကဓံ ကြံ့ကြံ့ခံ နောက်ဆုံးချိန်ထိ နိုင်ငံရေး၊ လူမှုရေးအရ လူထုဘက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ စာရေးဆရာမကြီးပါ။

“အမေမာ ဘယ်တော့မှမသေ”

နှစ်ပေါင်း ၉၃ နှစ် အတွင်းမှာ

သာခဲ့တဲ့လ လင်းခဲ့နေ

ကြွေသွားပြီတဲ့လား။

တကယ်တော့

ကြွေသွားတဲ့ ခန္ဓာကိုယ်

ပန်းတပွင့်နောက်မှာ

မသေတဲ့စာပေ ရှင်သန်နေပေါ့။

ဖောက်ပြန်တဲ့စာပေအားလုံး

သေဆုံးပျောက်ကွယ်သွားစမြဲ

သို့ပေမဲ့ လူထုစာပေ

မသေဘူးဟေ့ မသေဘူး

အမေ့စာပေ မသေ

အမေဟာ ကျမတို့အသည်းနှလုံးထဲ

စွဲမြဲရှင်သန်နေ

တရဲရဲ လင်းပနေ

အမေမာ ဘယ်တော့မှ မသေ။ ။ 

(ဇင်ဇင်) မေလ ၂ ရက် ၂၀၁၈

လူထုဒေါ်အမာဟာ ၁၉၄၅ ဇူလိုင် လူထုဂျာနယ် စထုတ်တော့ လက်ထောက် အယ်ဒီတာပါ။ ၁၉၄၆ ဧပြီ ၁၉ လူထုသတင်းစာ စထုတ်တော့ အယ်ဒီတာ အဖွဲ့ဝင်ဖြစ်ပြီး ‘ဖခင် အောင်နိုင်’ ကလောင်ခွဲနဲ့ ‘နိုင်ငံရေး ဆွေးနွေးခန်း’ ပင်တိုင်ဆောင်းပါးကို ရေးခဲ့တယ်။

၁၉၄၉ — လူထုသတင်းစာပုံနှိပ်တိုက်ကို စစ်တပ်က ဒိုင်းနမိုက် ဖောက်ခွဲတယ်။ 

၁၉၅ဝ နိုဝင်ဘာ ၁ — ပိတ်ထားတဲ့ လူထုသတင်းစာ ပြန်ထုတ်ပြီး ဦးလှနဲ့အတူ သတင်းစာလုပ်ငန်းတွေများကို ဇောက်ချလုပ် လူထုဒေါ်အမာ အမည်တွင်လာခဲ့တယ်။

“လူထုမိခင်”

ဗဟိန်း အောင်ဆန်း၊ ရင်ဘောင်တန်းခဲ့

“ငြိမ်းချမ်း” သမီး၊ “လှ” ဇနီး။

ခင်ပွန်းထောင်ကျ၊ သားထောင်ကျလည်း

လုံးဝမပျော့၊ အားမလျှော့။

ခင်ပွန်းလည်းဆုံး၊ သားလည်းဆုံးခဲ့

လုံးဝမပျော့၊ မာန်မလျော့။

ကိုယ်တိုင်ထောင်ကျ၊ နှိပ်ကွပ်ကြလည်း

မခ “စစ်” အောက်၊ ဒူးမထောက်။

ဖက်ဆစ်ဆန့်ကျင်၊ စစ်ဆန့်ကျင်တဲ့

သည်လင် သည်သား၊ သည်မိသားစု

စွန့်လွှတ်မှုဖြင့်၊ လူထုအားမာန်တံခွန်ထူ။

ဖက်ဆစ်စစ်သား၊ စစ်ဗိုလ်များကို

သားမတော်သူ၊ လူကျော်မိခင်

ချိုးဖြူမိခင်၊ ဒေါင်းမိခင်ကို

ဦးတင်ကဗျာ၊ ပူဇော်ပါအံ့

မေမာ ငြိမ်းချမ်းပါစေသော်။ ။

ပြည်ရွာ ကိန်းခန်းသာစေသော်။ ။ 

(မောင်စွမ်းရည်)

၂၀၀၆ အောက်တိုဘာ ၂၇

လူထုဒေါ်အမာဟာ ၁၉၅၃ မှာ လူထုဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံရတော့ လူထုသတင်းစာ ခေါင်းကြီးတွေကို တာဝန်ခံရေးခဲ့တယ်။

၁၉၅၉ မတ် ၁၂ ရက်မှာ လူထု သတင်းစာ ချိပ်ပိတ်ခံရတယ်။ ၁၉၆ဝ မေ ၁ဝ ရက်မှာ လူထုသတင်းစာ ပြန်ထွက်တယ်။ 

၆၂ ဖေဖော်ဝါရီ ၃ အေရိုဖလုတ်လေကြောင်းဖွင့်ပွဲကို သတင်းစာကိုယ်စားလှယ်အဖြစ် အဖိတ်ခံရပြီး မော်စကိုသွားတယ်။ အပြန် ဂျာမနီ၊ ချက်နဲ့ တရုတ်နိုင်ငံတွေ လည်ပတ်တယ်။ ဒီခရီးစဉ်ကို ‘ဆိုရှယ်လစ်တိုင်းပြည်များသို့’ စာအုပ် ရေးသားခဲ့တယ်။

“အမေ့မေတ္တာ ကမ္ဘာအဆုံး”

ရွှေငွေလိုက

ဝယ်လို့ရ၏။ ။

ပညာလိုက

သင်ယူရ၏။ ။

ဂုဏ်သိမ်လိုက

ဖန်တီးရ၏။

အမေ့ မေတ္တာ

ကမ္ဘာအဆုံး

သီကုံးမရ။

ဘဝကိုလည်း ဝေစေ၏။ ။

အလှကိုလည်း ဝေစေ၏။ ။

အမျှကိုလည်း ဝေစေ၏။ ။

အမေရေ

မသေပါနဲ့ဦး . . .

တန်ဆောင်မုန်းနဲ့ တောင်ပြုန်းပွဲ

လှည်းကလေးနဲ့ သွားရအောင်

ငယ်စဉ်ကျေး တေးတဘောင်

မှောင်ခြင်း လင်းခြင်း

ခြင်းနှစ်ခြင်း

ရုန်းရင်း ကန်ရင်း

ပျော်ရွင်ခြင်းနှင့်

စာရင်းလက်ကျန် ရှင်းပါနော့ - အမေ။ ။

မောင်ပေါက်စည် (မန်းတက္ကသိုလ်)

၁၉၆၇ ဇူလိုင် ၇ မှာ လူထုအမေ့ရဲ့ လူထုသတင်းစာ အပိတ်ခဲ့ရတယ်။ ၁၉၇၈ ဩဂုတ် ၂၁ ခင်ပွန်းသည် လူထုဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့အတူ ထိန်းသိမ်းခံခဲ့ရတယ်။ ထိန်းသိမ်းခံ ၁ နှစ်၊ ၁ လ၊ ၁ ရက်ကြာ ၁၉၇၉ ဩဂုတ် ၂၂ ပြန်လွတ်ခဲ့တယ်။ ၁၉၈၂ ဩဂုတ် ၇ ခင်ပွန်း လူထုဦးလှ ကွယ်လွန်ခဲ့တယ်။ ၁၉၈၅ နိုဝင်ဘာ ၂၉ အမေမာရဲ့ အသက် ၇ဝ ပြည့် မွေးနေ့ကစပြီး အမရပူရ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပခဲ့ကြတယ်။ ဒီပွဲကို နိုင်ငံအနှံ့ စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ လူထုဒေါ်အမာရဲ့ စာချစ်သူ တူ၊ သား၊ မြေးတွေ တက်ရောက်ခဲ့ကြလေ့ရှိတယ်။

လူထုဒေါ်အမာဟာ စာပေ သတင်းစာလုပ်ငန်းတွေအပြင် ဘာသာရေးနဲ့ ပရဟိတလည်း လုပ်ခဲ့တယ်။

နဒီမြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုက နာရေးကား လှူပြီး၊ တောင်စလင်းဆရာတော် ဦးတိက္ခက ကျောင်းမှာ ပေ ၂၀၀ မြေကွက်ကို အသုံးပြုခွင့်ပေးလို့ ၁၉၉၈ မေ ၇ ရက်မှာ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကို မန္တလေးမှာ အမေက အသင်းနာယကအဖြစ် ဦးဆောင်ဖွဲ့ခဲ့တယ်။ နာရေးကူညီမှုအပိုင်း အသားကျတဲ့အခါ ကျန်းမာရေးကူညီမှုတွေ ၂ဝဝဝ ခု ဧပြီ ၄ ရက်ကစ ကူပေးခဲ့တယ်။

“နားစွင့်ထားရတဲ့အသံရှင်”

( ၁ )

မမှန်တဲ့ရပ်တည်ချက်

တသက်မှာ

တစက်မှမရှိ။

( ၂ )

ခေတ်တိုင်းခေတ်တိုင်းမှာ

မမြင်သာတဲ့ကောင်းမှု

မကြားနိုင်တဲ့ အသံမဟုတ်။

( ၃ )

ပြည်သူအပေါင်း၊ ထောင်သောင်းမက

သေကြေကြတဲ့၊ ကာလမျိုးမှာ

“နီရိုး”အသွင်၊ အာဏာရှင်က

ဝင်္ကန္တ*ပွဲ၊ ဆင်ယင်နွှဲသော် ‌

“ဒေါ်ဒေါ်” ဘာများ ပြောမည်နည်း။ ။ 

(ရဲဘော်စိုးချစ်)

၁၀- ၅-၂၀၀၈  ဝင်္ကန္တ*= ဆန္ဒခံယူပွဲ

အခုလို စာဖွဲ့လို့တဖုံ၊ ကဗျာတွေနဲ့တနည်း ဂုဏ်ပြုချီးမွမ်း မှတ်တမ်းတင်ထားရတဲ့ စာနယ်ဇင်းဆရာမကြီး၊ စာရေးဆရာမကြီး လူထု ဒေါ်အမာရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့ဟာ အခု ၂၀၂၀ နိုဝင်ဘာ ၂၉ ရက် ဖြစ်ပါတယ်။ 

သူဟာ ရေဒီယို အင်တာဗျူးတချို့၊ တီဗွီ အင်တာဗျူးတချို့လည်း ထားရစ်ခဲ့ပါတယ်။ သူ့ရဲ့ လုံးချင်း စာအုပ်တွေနဲ့ သတင်းစာ မဂ္ဂဇင်း ဆောင်းပါးတွေလည်း အမြောက်အမြား အမွေထားခဲ့ပါသေးတယ်။ 

ဒါကြောင့်  သူ့ရဲ့မွေးနေ့ရက်မှာ သူ့ရဲ့စာပေတွေ၊ သူ့ရဲ့ မှာကြားချက်တွေကို ဖတ်ရှုကြရင်း နှောင်းလူ သား မြေး မြစ်တွေ ပညာ၊ သတိ၊ အသိ၊ ဗဟုသုတ တိုးပွားနိုင်ကြပါစေဗျာ။ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013