DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှေ့နေများအသင်း မှတ်ပုံတင်ခွင့်လျှောက်
DVB
·
August 16, 2013
Donate to DVB

မြန်မာနိုင်ငံ ရှေ့နေများအသင်းကို မှတ်ပုံတင်ခွင့်ပြုဖို့ ပြည်ထဲရေးဝန်ကြီးဌာနမှာ ဩဂုတ်လ ၉ ရက်နေ့က တရားဝင် လျှောက်ခဲ့တယ်လို့ အသင်းရဲ့ ဒုတိယဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်၊

မြန်မာနိုင်ငံမှာ ၁၉၅၃ ခုနှစ်က တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရှေ့နေအသင်းချုပ် အမည်နဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ဖူးပြီး တော်လှန်ရေးကောင်စီ အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရတာကြောင့် အသင်းကို ပြန်လည်ထူထောင်တာလို့ ဦးကိုနီက ရှင်းပြပါတယ်။

လျှောက်လွှာမှာ  ဦးခွန်ဝင်းလှိုင်က ဥက္ကဋ္ဌ၊ ဦးကိုနီက ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးက ဦးကိုကိုတို့အပါအ၀င် အလုပ်အမှုဆောင် ၁၅ ဦးစာရင်း တင်သွင်းခဲ့ပါတယ်။

ရန်ကုန်မြို့က ရှေ့နေတွေနဲ့ အစပျိုးလုပ်ဆောင်တာဖြစ်ပေမယ့် တိုင်းနဲ့ပြည်နယ်အသီးသီးက ရှေ့နေတွေကိုလည်း စုစည်းပြီး ခြောက်လနဲ့တနှစ်အတွင်း ညီလာခံတရပ်ခေါ်ယူကျင်းပမယ်လို့ ပြောပါတယ်။

ညီလာခံကနေ ဒီမိုကရေစီနည်းကျ ဗဟိုအလုပ်အမှုဆောင်တွေ ပြန်လည်ရွေးချယ်မှာဖြစ်သလို တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ရှေ့နေအဖွဲ့ကြီးတဖွဲ့ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တယ်လို့ ဦးကိုနီက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်ရှေ့နေအသင်းက အသင်းဝင်ရှေ့နေ ၆၀၀၀ လောက်ဟာလည်း မြန်မာနိုင်ငံ ရှေ့နေအသင်းမှာ ပါဝင်လာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း အနယ်နယ်အရပ်ရပ်က ရေ့နေ ၆၀၀ လောက်က အသင်းဝင်ဖို့ ဆက်သွယ်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှေ့နေများအသင်း ထူထောင်ရတဲ့ ရည်ရွယ်ချက်ကို ဦးကိုနီက “ကျနော်တို့က တနိုင်ငံလုံးမှာရှိတဲ့ ရှေ့နေတွေကို စုစည်းချင်တာ ပါပါတယ်။ ပြီးလို့ရှိရင် ကျနော်တို့က တရားဥပဒေစိုးမိုးရေးကိစ္စကို ထိထိရောက်ရောက်ဆောင်ရွက်ချင်ပါတယ်။ လိုအပ်တဲ့ တရားဥပဒေပိုင်းဆိုင်ရာ အကြံဥာဏ်တွေနဲ့ သဘောထားတွေကို တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ သဘောထားမျိုးကို လွှတ်တော်တို့ အစိုးရအဖွဲ့တို့ကို လိုအပ်သလို တင်ပြသွားဖို့ရှိပါတယ်။ နောက်ပြီးတော့ ဗမာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ ရှေ့နေတွေရဲ့စွမ်းရည် မြှင့်တင်ရေး (Capacity building) ကိစ္စတွေကိုလည်း ကျနော်တို့လုပ်မယ်၊ အဲသလိုလုပ်တဲ့အခါမှာ နိုင်ငံခြားတိုင်ပြည်တွေမှာရှိတဲ့ Bar Associations (ရှေ့နေအသင်း) တွေနဲ့ ဆက်သွယ်ပြီးတော့မှ နိုင်ငံခြားတိုင်းပြည်တွေက အတွေ့အကြုံတွေ ဖလှယ်တာမျိုးတွေ လုပ်ဖို့ရှိပါတယ်။ တော်တော်လေးကို ရည်ရွယ်ချက်မြင့်မြင့်မားမားနဲ့လုပ်တာပါ။ နှစ်ပေါင်းငါးဆယ်ကျော် ကျနော်တို့ရှေ့နေတွေကို နှိမ်ချခံရတဲ့အတွက် ကျနော်တို့ရဲ့ပုံရိပ်က မကောင်းဘူးဖြစ်နေတယ်။ ဒါကို ကျနော်တို့က ပြန်မြှင့်တင်ပြီးတော့မှ၊ ရှေ့နေတွေဟာ နိုင်ငံ့အရေးမှာ ဦးဆောင်မှု ကဏ္ဍမှာ ရှိတယ်ဆိုတာကို ပြန်ပြီးတော့ ပုံဖော်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့လေ” လို့ ပြောပါတယ်။

အသင်းဟာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်ငန်းအနေနဲ့ဆောင်ရွက်မှာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးမှာ အလွန်အမင်းအရေပါနေတဲ့ တရားရုံးတွေရဲ့အခန်းကဏ္ဍက အားရစရာမရှိတာကို ထောက်ပြအကြံပြုမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ  မြန်မာနိုင်ငံရှေ့နေများကွန်ရက်နဲ့ မြန်မာနိုင်ငံရှေ့နေများအသင်းဟာ ပုံစံမတူတာတွေရှိပေမယ့် တဖွဲ့ကကျင်းပတဲ့အစည်းအဝေးကို တဖွဲ့ကတက်ရောက်နေတာကို ထောက်ပြပြီး ရှေ့နေတွေ သဘောထားကွဲပြားနေတယ်ဆိုတာ မဟုတ်ပါဘူးလို့ ကွန်ရက်ဝင်တဦးလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ရှင်းပြပါတယ်။

လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်းအေးချမ်းရေး ကော်မတီရှိနေပြီး အဲဒီကော်မတီက ဒီလ ၁၂ ရက်နေ့တုန်းက ပြည်သူ့လွှတ်တော်မှာ အစီရင်ခံစာတင်သွင်းခဲ့ပြီး တရားစီရင်ရေးစနစ်မှာ ပြင်ဆင်သင့်တာတွေကို ထောက်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013