DVB Logo
Home
မြန်မာသတင်း
လွတ်လပ်သည့် နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်တခုဖြစ်လာရန် စတင်
DVB
·
August 15, 2013
လွတ်လပ်သည့် နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်တခုဖြစ်လာရန် စတင်
Donate to DVB

ပြည်တွင်းမှာလွတ်လပ်တဲ့ နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်တခုအနေနဲ့ ပေါ်ပေါက်လာဖို့ ကနဦးအနေနဲ့ ဘဏ်တွေအကြားမှာ  နိုင်ငံခြားငွေကြေးဈေးကွက် သတင်းအချက်အလက် ဖြန့်ဝေမှုကို စတင်ဆောင်ရွက်နေပါတယ်။

လက်ရှိပြည်တွင်းမှာ ရောင်းဝယ်နေတဲ့ နိုင်ငံခြားငွေကြေးရောင်းဝယ်မှုပုံစံကတော့ ဗဟိုဘဏ်က ကြီးကြပ်ပြီး နေ့စဉ်ငွေလွဲနှုန်းတွေကို သတ်မှတ်ကာ ထိန်းချုပ်နှုန်းရှင်စနစ် နဲ့ရောင်းဝယ်နေတာပါ။

ဒါကြောင့် ဒီစနစ်ကနေ လွတ်လပ်တဲ့နှုန်းရှင်စနစ်အနေနဲ့ ပြောင်းလဲဖို့ ဗဟိုဘဏ်အနေနဲ့ အခုလိုတဆင့်ချင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ဒီအတိုင်းပဲ ပျိုးထောင်သွားရတာပဲ။ အခုက ဒီမှာ နိုင်ငံခြားငွေကြေးဈးကွက် မရှိသေးဘူး။ နိုင်ငံခြားငွေကြေးဈေးကွက် ရှိအောင်လို့ ဘဏ်အချင်းချင်း လွှဲပြောင်းသောစနစ် (interbank market) ကို ပျိုးထောင်ရမယ်။ ဒါက သွားတဲ့ ဦးတည်ချက်လမ်းကြောင်းကတော့ ကောင်းတယ်၊ ဒါပေမယ့် interbank market ကတော့ ဘဏ်အချင်းချင်း  ဈေးကွက်တရပ်ကို ဖန်တီးပေးတာကိုး။ အဲဒါတွေကတော့ အရေးအကြီးဆုံးပေါ့။ ဒါတွေက ဘဏ်တွေ အင်အား များလာပြီဆိုတော့ တယောက်နဲ့တယောက် ဈေးကွက်တခုကို ဖန်တီးချင်တယ်။ အဲဒီဈေးကွက်ပြီးမှ သူက နိုင်ငံခြားသုံးငွေ ဈေးကွက်ကို တခါပြောင်း၊ အဲဒါပြီးမှ money market ကိုပြန်သွား။ money market ပြီးမှ နိုင်ငံခြားငွေကြေးဈေးကွက် ကိုလာ၊ တဆင့်ပြီးတဆင့်၊  interbank market မရှိရင် money market  ကူးပြောင်းလို့မရဘူး။ ဒေါ်လာဈေးကွက်က ဈေးကွက်တွေကို ဖန်တီးပေးတာ။ မြန်မာပြည်က ဘာမှမရှိတဲ့ သုညကနေ စလာတာကိုး။”

အခုစတင်လိုက်တဲ့ နိုင်ငံခြားငွေကြေး ဈေးကွက်ကတော့ ဘဏ်တွေအကြား တန်းတူညီမျှစွာယှဉ်ပြိုင်နိုင်ခွင့် ရရှိဖို့နဲ့ ဈေးကွက်ရဲ့ လက်ရှိအခြေအနေနဲ့လည်း လိုက်လျောညီထွေမှုရှိဖို့ ရည်ရွယ်တဲ့အပြင် ငွေဖြစ်လွယ်မှုမြင့်မားဖို့နဲ့ ပွင့်လင်းမြင်သာမှု ရှိစေဖို့အတွက် ဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဗဟိုဘဏ်အနေနဲ့ အခုလိုလုပ်ဆောင်လာတာက နိုင်ငံခြားငွေကြေး ဈေးကွက်နဲ့ဆိုင်ရာ လုပ်ငန်းအပေါ်မှာ အခုလိုအကျိုးသက်ရောက်မှု ရှိမှာဖြစ်တယ်လို့ စီးပွားရေးမူဝါဒ ရေးရာ ကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

“နိုင်ငံခြားမှာတော့ ဈေးကွက်အတွင်းမှာ လုပ်တဲ့ နိုင်ငံခြားငွေကြေး ပမာဏက  အဲဒီနိုင်ငံမှာ ၈၀ ရာခိုင်နှုန်းလောက်က interbank market တွေမှာ ငွေအရောင်းအ၀ယ် လုပ်ကြတယ်။ ၂၀ ရာခိုင်နှုန်းသာလျှင် ဘဏ်မှာလာပြီး ရောင်းတယ် ၀ယ်တယ်။  ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုကျတော့ နေ့စသ် အရောင်းအ၀ယ်လုပ်နေတဲ့ ငွေကြေး ဈေးနှုန်းကို ထုတ်ပြန်မယ်၊ အရောင်းအ၀ယ်လုပ်တဲ့ ပမာဏကိုလည်း ထုတ်ပြန်မယ်ဆိုပြီး ပြောလာတယ်။”

Interbank market က ဘဏ်တွေအကြားမှာ နိုင်ငံခြားငွေကြေးဈေးကွက်တခုကို ဖန်တီးပေးထာဖြစ်လို့ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ ဒီအချက်က အရေးပါတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာတော့ ပြည်တွင်းမှာ နိုင်ငံခြားငွေကြေး လဲလှယ်ရောင်းဝယ်ခွင့်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ အပါအ၀င် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေကိုလည်း ခွင့်ပြုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013