DVB Logo
Home
သုံးသပျခကျြ
လွတ်လပ်မှုကို ထိန်းချုပ်ကန့်သတ်ဖို့ ခြေလှမ်းပြင်ခြင်း
DVB
·
August 16, 2013
Donate to DVB

လတ်တလော စာနယ်ဇင်း လွတ်လပ်ခွင့်ရနေတာကို ပြန်ပြီး ထိန်းချုပ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြိုးစားနေသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနေတာကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ထိန်းချုပ်ကန့်သတ်ဖို့ စပြီး လုပ်ဆောင်လာတာကို ခုရက်ပိုင်းအတွင်း တွေ့မြင်လာရပါတယ်။ အဲဒါကတော့ ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကနေ မြို့နယ်အတွင်း လုပ်တဲ့ အခမ်းအနားတွေနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်တောင်းဖို့၊ ခွင့်ပြုချက်ရမှ လုပ်ဖို့ ညွှန်ကြားစာ ထုတ်ခဲ့တာဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ကိုယ့်ဖာသာကိုယ် လုပ်ရင် အရေးယူခံရမယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အုပ်ချုပ်သူ အာဏာပိုင်တွေဘက်က နည်းနည်းလေးလောက် ရနေတဲ့ ပြည်သူ့လွတ်လပ်ခွင့်ကို ထိန်းချုပ်ကန့်သတ်ဖို့ ခြေလှမ်းပြင်တာ ဟုတ်မဟုတ် ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
အရင် စစ်အာဏာရှင်တွေ လက်ထဲကနေ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် လက်ကို အာဏာလွှဲပြောင်းပေးပြီးနောက် ဦးဆောင်သူတွေက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံသစ်ကို ချီတက်မယ်လို့ တိုင်းပြည်ကို ကတိပေးခဲ့ပါတယ်။ ပထမ ဦးဆုံးအနေနဲ့ ထင်သာမြင်သာရှိတဲ့ ဒီမိုကရေစီ အခွင့်အရေးပေးတာကတော့ အမိုးအကာအောက် ခန်းမတွေထဲမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ အခမ်းအနားတွေ၊ စည်းဝေးပွဲတွေ၊ ဆွေးနွေးပွဲတွေကို လွတ်လပ်စွာ ကျင်းပခွင့်ပေးခဲ့ခြင်းပါပဲ။ ဒီအထဲမှာ ပြီးခဲ့တဲ့နှစ်က တော်ဝင်စင်တာမှာ ကျင်းပတဲ့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ဟာ အတော်လေးထင်ရှားပါတယ်။ တိုင်းပြည်မှာ လွတ်လပ်ခွင့် တစုံတရာ ရှိနေပြီဆိုတာကို အဲဒီပွဲက သက်သေခံပေးသလို ရှိခဲ့ပါတယ်။ နောက်ပိုင်း တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးတွေနဲ့ ဆိုင်တဲ့ အခမ်းအနားတွေကလည်း တိုင်းပြည်မှာ လွတ်လပ်ခွင့် နည်းနည်းပါးပါး ရှိနေပြီဆိုတာ ပြသတဲ့ ပုံရိပ်တွေဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်း အဲဒီလို စုဝေးပွဲတွေ ကျင်းပရာ၊ စည်းဝေးပွဲတွေ ကျင်းပရာ၊ သတင်းစာရှင်းလင်းပွဲတွေ ကျင်းပရာ၊ သတင်းထုတ်ပြန်ချက်တွေ လုပ်ရာ၊ နှီးနှောဖလှယ်ပွဲတွေ ကျင်းပရာ နေရာတွေ များပြားလာပါတယ်။ တဆက်တည်း ၂၀၁၂ ဩဂုတ်လကစ စာပေစိစစ်ရေး ဖျက်သိမ်းပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ရလာတာ၊ ၂၀၁၃ ဧပြီမှာ ပုဂ္ဂလိကတွေ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ရလာတာ စတာတွေနဲ့ ဆက်စပ်ပြီး တိုင်းပြည်မှာ လွတ်လပ်ခွင့် အတန်အသင့် ရှိလာတယ်လို့ ဝေဖန်သုံးသပ်လာကြပါတယ်။ တကယ်လည်း လွတ်လပ်စွာ စုဝေးခဲ့တာတွေ၊ လွတ်လပ်စွာ ဆွေးနွေးခဲ့တာတွေ၊ လွတ်လပ်စွာ သတင်းထုတ်ပြန်တာကို သတင်းစာ ဂျာနယ်တွေထဲမှာ လွတ်လပ်စွာ ဖော်ပြခွင့် ရနေတဲ့ အနေအထား တခုအထိ ရောက်လာတာ ဖြစ်ပါတယ်။

အခုတော့ ဒီ ရလာတဲ့ လွတ်လပ်ခွင့်ကို ပြန်ပြီး ထိန်းချုပ်ကန့်သတ်ဖို့ အာဏာပိုင်တွေဘက်က ကြိုးစားလာပါပြီ။ ပြီးခဲ့တဲ့ အပတ်က ဗဟန်း ထွေအုပ်ရုံးကနေ သက်ဆိုင်ရာ ရပ်ကွက် ရုံးတွေကို ညွှန်ကြားစာ တစောင် ပေးပို့ခဲ့ပါတယ်။ အဲဒီ ညွှန်ကြားချက်ထဲမှာ ဗဟန်းမြို့နယ်ထဲက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ခန်းမ၊ ဘာသာရေး အဆောက်အဦးနဲ့ ကျောင်းတွေမှာ ခွင့်ပြုချက်မဲ့ အခမ်းအနားတွေ ကျင်းပတာ စိစစ်တွေ့ရတယ်။ ဒီတော့ နောက်ပိုင်း အခမ်းအနား လုပ်ချင်ရင် သူတို့ဆီ ခွင့်ပြုချက်တင်၊ ခွင့်ပြုချက်ရမှလုပ်၊ မဟုတ်ရင် ဥပဒေအရ အရေးယူထောင်ချမယ် ဆိုပြီး ပါပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူက သူတို့ရဲ့ ဒီညွှန်ကြားချက်ဟာ အထူးအဆန်း မဟုတ်တဲ့အကြောင်း၊ အရင်ကတည်းက ရှိထားပြီးသား စည်းကမ်းချက်ကို ပြန်ပြီး အကောင်အထည် ဖော်တာဖြစ်ကြောင်း၊ မလိုက်နာရင်တော့ အရေးယူခံရမှာဖြစ်ကြောင်း ပြောပါတယ်။ နောက်ထပ် အကြောင်းပြချက်အနေနဲ့ တချို့သော အခမ်းအနားတွေနဲ့ ပတ်သက်ပြီး တဖက် မကျေနပ်တဲ့ ဘက်က တိုင်ကြားချက်တွေ ရှိနေတယ်ဆိုတဲ့ အကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ပြောရရင် ပြည်ထဲရေးဝန်ကြီးဌာန အာဏာပိုင်တွေဟာ တော်ဝင်နှင်းဆီ ခန်းမမှာ နေ့စဉ်လိုလို ကျင်းပနေတဲ့ နိုင်ငံရေးဆန်တဲ့ သူတို့ မကြိုက်တဲ့ အခမ်းအနားတွေကို ကန့်သတ်ဖို့ ရည်ရွယ်ပုံရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကား ယာဉ်ပိုင်ရှင်များက စစ်ဗိုလ်ဟောင်းတွေက ရာထူးယူ စီမံခန့်ခွဲနေတဲ့ မထသ အဖွဲ့ကို အများမဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်သူတွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ ဆန္ဒထုတ်ဖော် စုဝေးပွဲကိုလည်း အာဏာပိုင်တွေက နှစ်ခြိုက်မှုမရှိတာ တွေ့ရပါတယ်။ အလားတူ တော်ဝင်နှင်းဆီ ဦးစိုးညွန့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်နေသူဖြစ်ပြီး ပြည်လုံးကျွတ် ညီလာခံကိုလည်း နေရာပေး ကျင်းပစေခဲ့သူ တဦးလည်း ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာပိုင်တွေဟာ တော်ဝင်နှင်းဆီ ခန်းမ အပါအ၀င် နေရာတချို့မှာ လုပ်နေတဲ့ စုဝေးပွဲတွေ၊ စည်းဝေးပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို ထိန်းချုပ်ဖို့ လုပ်လာတာကတော့ ထင်ရှားပါတယ်။ တကယ်ဆို စည်းဝေးပွဲအတွင်း၊ ဆွေးနွေးမှုတွေအတွင်း ဥပဒေ ချိုးဖောက်မှုတွေရှိရင် ချိုးဖောက်သူတွေကို အရေးယူလို့ ရနိုင်လျက်သားနဲ့ အစည်းအဝေးတွေ မကျင်းပဖြစ်အောင်၊ ခန်းမပိုင်ရှင်တွေ၊ ဟိုတယ်၊ မိုတယ် ရုံးခန်းပိုင်ရှင်တွေကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်လာတာကတော့ ပြည်သူ့လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် အရင် စစ်အာဏာရှင်တွေခေတ်က ပုံစံအတိုင်း၊ အဲဒီခေတ်က စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည် အသုံးပြုပြီး ဖိနှိပ်ချုပ်ချယ်ဖို့ အကောင်အထည် ဖော်လာတာသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013