DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်လူသတ်မှု သံသယဖြင့် ဖမ်းထားသူများကို ရုံးတင်တရားစွဲ
DVB
·
August 15, 2013
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မနှစ်နှစ်လယ်ပိုင်းက ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ မွတ်စလင် ၁၀ ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်မှာ သံသယရှိသူ ၆ ဦးကို သံတွဲခရိုင်တရားရုံးမှာ လူသတ်မှုနဲ့ စွဲဆိုလိုက်ပါတယ်။

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးပြီး သံတွဲထောင်အချုပ်မှာ စစ်ဆေးရာကနေ ရုံးတင်တရားစွဲဆိုလိုက်တာပါ။

ဒီအမှုကို နေပြည်တော်ကပဲ တိုက်ရိုက် တရားစွဲဆိုတာလို့ သံတွဲခရိုင်ရဲတပ်ဖွဲ့မှူးက ရှင်းပြပါတယ်။

“ဒါ နေပြည်တော် မှုခင်းတပ်ဖွဲ့ကနေ အမှုလက်ခံစစ်ဆေးတဲ့ အမှုပါခင်ဗျာ။ ဩဂုတ် ၁၃ ရက်နေ့မှာတော့ သူတို့ကို မူလစွဲဆိုတဲ့ လူသတ်မှုနဲ့ပဲ တရားစွဲပါတယ်။ သူတို့ကတော့ အားလုံး ခြောက်ယောက်ကို တရားစွဲသွားတယ်ပေါ့နော်။ ၁၃ ရက်နေ့ ရုံးထုတ်ပြီးတော့ ၂၆ ရက် ၈ လ ၂၀၁၃ နေ့မှာ ပထမရုံးချိန်း ဖြစ်ပါတယ်ခင်ဗျ။”

သံတွဲခရိုင်တရားရုံးမှာ ရုံးထုတ်တဲ့ တရားခွင်ကို မည်သူမဆိုလွတ်လပ်စွာ လာရောက်နားထောင်နိုင်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံရသူ ၆ ဦးကတော့ ဘူတာရပ်ကွက်က ကိုလေးမောင် ခေါ် ကိုထွန်းနိုင်၊ ကန်ပိုင်ရပ်ကွက်က ကိုမောင်ပု၊ မီးစက်ကွက်သစ် (၁) ရပ်ကွက်က ကိုသိန်းရွေမောင်၊ ကန်ပိုင်ရပ်ကွက်က ဦးထွန်းကျော်၊ ကိုပေါက်စီ (ခေါ်) ကိုထွန်းမြင့် တို့ ဖြစ်ပါတယ်။ ကနဦးပိုင်းက ၁၅ ရက်နေ့မှာ ရုံးထုတ်မယ်လို့ကြားသိရပေမယ့် ၁၃ ရက်နေ့ကို ပြောင်းလဲစစ်ဆေးတာကြောင့် တရားခံတွေရဲ့ မိသားစုဝင်တွေ ရုံးတက်နားထောင်ခွင့် မရလိုက်ကြဘူးလို့ မြို့ခံတဦးက ပြောပါတယ်၊

တောင်ကုတ်လူသတ်မှုကို တရားစွဲမှုဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးဖို့ တောင်းဆိုနေတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်ရှိပြီး နှစ်ရက်အကြာမှာ စွဲဆိုမှုဖြစ်ပါတယ်။

သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကို မေးမြန်းရာမှာ သူ့ခရိုင်တွင်းကိစ္စဖြစ်ပေမယ့် ခရိုင်တာဝန်ရှိသူအပိုင်းက လုံခြုံရေးပိုင်းကိုသာ တာဝန်ယူပါတယ်လို့ ဖြေပါတယ်။

“ကျနော့်အပိုင်းကတော့ တရားရုံးနဲ့ ဒီ လုံခြုံရေးအပိုင်းကို ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ လုပ်ပေးတယ်။”

မနှစ် ဇွန် ၃ ရက်နေ့က သံတွဲမြို့နယ်ကနေ ရန်ကုန်ကို သွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ နေ့ခင်းကြောင်တောင် ရိုက်နှက် သတ်ဖြတ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်မဖြစ်မီ မနက်ပိုင်းလောက်က ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ ရခိုင် အမျိုးသမီးတဦးရဲ့ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအုပ်စုလိုက်သတ်ဖြတ်မှုဖြစ်အပြီးမှာတော့ ရခိုင်ပြည်နယ် နေရာအတော်များများမှာ နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရက အရေးပေါ် အခြေအနေကြညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013