DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူများကို အကြမ်းဖက်ဖမ်းဆီးမှုအပေါ် အမျိုးသမီးများအဖွဲ့ချုပ် ကန့်ကွက်
DVB
·
August 15, 2013
ဆန္ဒပြသူများကို အကြမ်းဖက်ဖမ်းဆီးမှုအပေါ် အမျိုးသမီးများအဖွဲ့ချုပ် ကန့်ကွက်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆိုင်းငံ့ထားဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ နော်အုန်းလှနဲ့ အမျိုးသမီး ၉ ဦးကို အကြမ်းဖက်ကိုင်တွယ် ဖမ်းဆီးခဲ့တဲ့အပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အပြင်းအထန်ရှုတ်ချလိုက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ ဦးဆောင်တဲ့ အမျိုးသမီး အယောက် ၅၀ လောက်ဟာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ အကြမ်းဖက်နှိမ်နင်းတဲ့ ရဲတရားခံတွေ ဖော်ထုတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း စီမံကိန်းဖော်ဆောင်ရေး ကော်မတီကနေ နုတ်ထွက်ရေး စတဲ့အချက် ၄ ချက်ကို မုံရွာမြို့မှာ မနေ့က ချီတက်တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

ရဲတပ်ဖွဲ့ဝင်အလုံးအရင်းနဲ့ ၀ိုင်းဝန်းချုပ်နှောင်ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသမီးရဲမေတွေက နော်အုန်းလှနဲ့ တခြားဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ကားပေါ်တင်ခဲ့ပါတယ်။

ဒီဗွီဘီက နောက်ထပ်သိရှိရချက်အရ ကျန်ခေါင်းဆောင် ၉ ဦးကို အာမခံပေး ပြန်လွှတ်ပေမယ့် နော်အုန်းလှကို ခွင့်ပြုချက်မရယူဘဲ ဆန္ဒပြမှုပုဒ်မနဲ့အပြင် ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပါ အမှုဖွင့်ပြီး မုံရွာထောင်မှာ ချုပ်နှောင်ထားပါတယ်။

ဒီဖမ်းဆီးမှုဖြစ်စဉ်အပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက “အကြမ်းဖက်ပြီးတော့ ဖမ်းဆီးတဲ့ပုံစံမျိုးဖြစ်တယ်။ အမျိုးသမီးတွေအတွက် မသင့်လျော်တဲ့အထိ ဖြစ်ပေါ်ခဲ့တယ်။ အပြစ်မဲ့တဲ့သူတွေ၊ ဥပဒေပိုင်းဆိုင်ရာ ချိုးဖောက်ထားတာ မဟုတ်တဲ့ သူတွေကို ဒီလိုမျိုး ဖမ်းတာ လုံးဝ မလုပ်သင့်ဘူး။ လူ့အခွင့်အရေး ရှုထောင့်ကပဲ ဖြစ်ဖြစ်၊ အမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ သူတွေကို ဒီလိုလုပ်တာဟာ မသင့်တော်တဲ့ အနေအထားဖြစ်တယ်။ နိုင်ငံတကာ လူ့အခွင့်အရေးကိုပါ ချိုးဖောက်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီလူတွေကို အမြန်ဆုံးလွှတ်ပေးရမယ် ဆိုတဲ့ သဘောထားနဲ့ ကျမတို့ တောင်းဆိုတာ” လို့ ပြောပါတယ်။

နော်အုန်းလှတို့ဟာ ဆန္ဒပြဖို့ သက်ဆိုင်ရာထံ ခွင့်ပြုချက် ကြိုတင်တောင်းဆိုခဲ့ပေမယ့် ခွင့်ပြုချက်မရတာကြောင့် စီစဉ်ထားတဲ့အတိုင်း ဆန္ဒထုတ်ဖော်ကြတာလို့ ဆိုပါတယ်။

ပဲခူးတိုင်းက လယ်သမားအရေးဆောင်ရွက်ရင်း ဇွန်လဆန်းကတည်းက  ဖမ်းဆီးချုပ်နှောင်ခံနေကြရတဲ့ ဒေါ်မြင့်မြင့်အေး၊ ဒေါ်မိမိခိုင် နဲ့ ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားက ဒေသခံတွေရဲ့ မြေသိမ်းခံရတာကို ကူညီရင်း ဖမ်းခံရတဲ့ ဒေါ်ဘောက်ဂျာနဲ့ နော်အုန်းလှတို့ကို ပြန်လွှတ်ပေးဖို့လည်း အမျိုးသမီးများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

“တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ မတရား ညှဉ်းပန်းခံနေရတဲ့ ပြည်သူတွေ၊ မြေယာ အသိမ်းခံရတဲ့ ပြည်သူတွေဘက်က ကာကွယ် ရပ်တည်ပေးတဲ့ သူတွေ ဖြစ်တယ်။ ဒါက အမျိုးသမီးတွေအနေနဲ့ အကယ့် အမှန်တရားကို ချစ်မြတ်နိုးပြီးတော့ ဒီအရေးကိစ္စတွေမှာ  လေးလေးနက်နက်၊ သတ္တိရှိရှိ နဲ့ လိုက်လံလုပ်ဆောင်နေတာလည်းပဲ ကျမတို့ တွေ့ရတယ်။ ဒါကြောင့် ဒီအမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့သူတွေကို ကျမတို့ အနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ အကောင်းဆုံး ရပ်တည်ပေးသွားဖို့ စဉ်စားထားပါတယ်” လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို မြန်မာနိုင်ငံက တိုင်းရင်းသားအမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ပြည်ပမှာ စုစည်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
တရုတ်နဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်တဲ့ ဒီစီမံကိန်းကို မနှစ်နှစ်ကုန်ပိုင်းက ဖျက်သိမ်းဖို့ ဆန္ဒပြရာမှာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ဒီနောက် အစိုးရက စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့စည်းပြီး အကြံဥာဏ်တောင်းရာမှာ စီမံကိန်းကို နိုင်ငံတော်အကျိုးပိုရတဲ့ နည်းနဲ့ စာချုပ်ပြင်ပြီး ဆက်လုပ်သင့်တယ်လို့ တင်ပြခဲ့ပါတယ်။
အစိုးရ၊ တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်တို့က ဒီအကြံပြုချက်ကို သဘောတူပြီး စာချုပ်သစ်ချုပ်ဆိုရာမှာ နိုင်ငံတော်က အရင် ၄ ရာခိုင်နှုန်းသာ ခံစားရာကနေ ၅၁ ရာခိုင်နှုန်းထိ တိုးမြှင့်ခံစားရမယ့်စာချုပ်ကို ဇူလိုင်လက ချုပ်ဆိုခဲ့ပြီး အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။



Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013