DVB Logo
Home
နိုင်ငံရေး
မောင်ပေါက်စည် (မန်းတက္ကသိုလ်) မွေးနေ့ကဗျာများ 
DVB
·
November 27, 2020
မောင်ပေါက်စည် (မန်းတက္ကသိုလ်) မွေးနေ့ကဗျာများ 
1 / 2
Donate to DVB

“ဧည့်သည် မောင်ပေါက်စည် ၈၉ နှစ်မွေးနေ့”

“ဧည့်သည်”

လာရောက်ခိုနား

သူပျံသွားသော်

ကိုင်းဖျားသိမ့်သိမ့်ခါသတည်း။ ။ 

၁၉၅၈ မောင်ပေါက်စည် (မန်းတက္ကသိုလ်) 

 

“မောင်ပေါက်စည် ၈၉ နှစ်မွေးနေ့”

နိုဝင်ဘာ ၂၇

၈၉ ပြည့်၊ မွေးနေ့ရောက်ပြီ

မောင်ပေါက်စည် လွမ်း၊ (မန်းတက္ကသိုလ်)

ထိုစာဆိုကား၊ ကဗျာများကို 

နောင်သားနောင်သူ၊ သားမြေးလူတွက်

ပေးလျှက်အမွေ၊ ချန်ထားပေခဲ့ပါသတည်း။ ။

 ၂၀၂၀ မောင်တူး

 

“ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) အင်္ဂလီကန်သာသနာပိုင်ချုပ် အင်ဒရူးမြဟန်”

မောင်ပေါက်စည်ဟာ အဖ မန္တလေး သာသာနာပိုင်နယ် ဂိုဏ်းထောက်ကြီး ဦးလုကာဘိုးကဲ (ဗမာ)၊ အမိ ဒေါ်လေးဆင့် (ကရင်) တို့က မြစ်သားမြို့မှာ ၁၉၃၁ ခုနှစ် နိုဝင်ဘာ ၂၇ က မွေးဖွားခဲ့တယ်။ ဒါကြောင့် အခု ၂၀၂၀ နိုဝင်ဘာ ၂၇ မှာ သူရှိဦးမယ်ဆိုရင် အသက် ၈၉ နှစ်ပေါ့။ 

အမည်ရင်း အင်ဒရူးမြဟန်ပါ။ သူဟာ မန္တလေးတက္ကသိုလ်ထွက်ကဗျာဆရာ၊ စာရေးဆရာပါ။ ကဗျာတွေ၊ ဆောင်းပါး၊ ဝတ္ထုတွေ ရေးခဲ့သလို မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်ပါ။ ဒေါက်တာ အန်ဒရူးမြဟန် (ခေါ်) စာရေးဆရာ ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ဟာ ၂၀၀၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ခရစ်တော်၌ အိပ်ပျော်သွားခဲ့တယ်။ သူ့ကဗျာစာအုပ် ၄ အုပ်ကျန်ရှိခဲ့ပါတယ်။

၁။ တထောက်နား၍ ပြန်ပါလေ ၁၉၆၁

၂။ လှိုင်းပုတ်သံကဗျာများ ၁၉၉၆

၃။ ကသစ်ပန်းကဗျာများ ၁၉၉၇

၄။ အညာကျေးက ကဗျာတေး ၂၀၀၃ တို့ဖြစ်ကြတယ်။ ပြီးတော့ ၁၉၅၉ ခုနှစ်တုန်းက “မန်းရာပြည့်ကဗျာများစာအုပ်”ကို ကဗျာဆရာ တင်မိုးနဲ့ ပူးတွဲ ထုတ်ဝေခဲ့တယ်လို့ ကဗျာဆရာ မောင်စွမ်းရည်က လှိုင်းပုတ်သံကဗျာများ စာအုပ် အမှာ မှာ ရေးခဲ့ပါတယ်။ 

“အကောင်”

ဘိန်းငတ်လို့

ပုလင်းလေးနဲ့ဆောင်

အဲဒီ့ကောင်..

ထောင် ။

ဘိန်းချလို့

ဂိုထောင်ကြီးနဲ့လှောင်

အဲဒီ့မောင်..

အကောင် ။ ။

မောင်ပေါက်စည် (မန်းတက္ကသိုလ်)



“မောင်ပေါက်စည် ကလောင်အမည်ယူပုံ”

သူ့ရဲ့ ကဗျာတွေဟာ အခုတိုင်ခေတ်မီနေတုန်းပါ။ သူ့ကဗျာတွေဟာ ထိမိ ရှင်းလင်းသလို သူဟာ  နှစ်လိုဖွယ်အပြုံး အရယ်တွေ နဲ့ လူချစ်လူခင်များသူလို့ ဆိုပါတယ်။ အမည်ရင်း အင်ဒရူးမြဟန်ကနေ ကဗျာဆရာ ကလောင်အမည် မောင်ပေါက်စည် ယူခဲ့ပုံ ကို သူငယ်ချင်းဖြစ်သူ မောင်စွမ်းရည်က လှိုင်းပုတ်သံကဗျာများ စာအုပ်မှာ အခုလို ရေးထားတယ်။ 

“ပေါက်စီ”(စည်မဟုတ်) ဆိုတာ အင်ဒရေကို အိမ်ကခေါ်တဲ့ နာမည်ပါတဲ့။ ကလောင်အမည် ယူတဲ့အခါ ကုန်းဘောင် ခေတ်စာဆိုကျော် “မောင်ပုတ်စည်” ဦးပုညကို သတိရလို့ “မောင်ပေါက်စည်” ဆိုတဲ့အမည်ကို ယူခဲ့တာလို့ ကျနော့် ကို ကိုပေါက်စည်က ပြောဖူးပါတယ်။ သူ့က ဟာသသမားပါ။ သူ့များ မြင်လိုက်ရင် ပါးစပ်ကြီးဖြဲပြီး အမြဲပြုံး ရယ်နေတာပါပဲ။ စိတ်ဆိုးစရာပြောလဲ ပြုံးနေတာပဲ။ အပေါင်းအသင်းတွေကိုလည်း တော်တော်လိုက်လျော တွယ်တာပါတယ်။ သူငယ်ချင်းတွေနဲ့ဆို ငရဲပြည်ခေါ်ခေါ်လိုက်မဲ့လူစားမျိုးပါ။”

သူဟာ ဆယ်တန်း အောင်တဲ့အထိ ရန်ကုန် စိန်မေရီကျောင်းနဲ့ စိန်ဂျွန်ဒိုင်အိုစီစင် တက္ကသိုလ်ကျောင်းတွေမှာ တက်တယ်။ မန္တလေးတက္ကသိုလ်က ဝိဇ္ဇာဘွဲ့ ရတယ်။ ၁၉၅၈ -၁၉၆ဝ ပြည့်နှစ်အထိ သာသနာပိုင်ကြီး ဦးဖရန်စစ်အာမြ ဦးဆောင် ရှေ့ပြေး သာသနာပြု စီမံကိန်း စိန့်ပီတာ အထက်တန်းကျောင်းမှာ ကျောင်းအုပ်လုပ်တယ်။ 

၁၉၆၃ -၁၉၆၅ ရန်ကုန် ကားတိုင် ကျမ်းစာ ကျောင်းမှာ ဆက်လက် ဆည်းပူးတယ်။ ၁၉၆၆ ဇွန် ၅ မှာ ရန်ကုန် သာသနာပိုင်ကြီး ဗွီ၊ ဂျီ၊ ရှာဘန်းက ရန်ကုန် ကသီဒြယ် ကျောင်းတော်ကြီးမှာ သင်းထောက်သိက္ခာ ပေးခဲ့တယ်။ ၁၉၇၄ မေ ၁ ရက် ရန်ကုန် ရှင်မိက္ခေလ ဘုရားကျောင်းမှာ ဆရာမ ဒေါ်ဒေါ်လီနဲ့ လက်ထပ်ခဲ့တယ်။ ၁၉၈၃ စက်တင်ဘာကစပြီး မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး ၁၉၈၈ ခုနှစ် ဧပြီလအထိ ထမ်းဆောင်ခဲ့တယ်။

 

“ အမေ ”

မိခင်ကိုရှာ

ရေဇလာမိုးမြေထိ

အူဝဲညံ ငိုသံကြားမှ

နားလည်ပါ၏ - - ။ ။

 မောင်ပေါက်စည်(မန်းတက္ကသိုလ်)

 

သာသနာပိုင်ချုပ် အင်ဒရူး ဦးမြဟန်ဟာ လူငယ်ဘဝ၊ ကျောင်းသားဘဝ၊ ဘုန်းတော်ကြီးဘဝတလျှောက်လုံး ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သူပါ။ အမှုတော် ထမ်းဆောင်ရတဲ့ ကာလ ဂျမေကာ၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ အင်္ဂလန်၊ ဂျာမနီ၊ ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ ဆိုက်ပရပ် စတဲ့ နိုင်ငံတွေကို ဘာသာရေး ဆိုင်ရာ အစည်းအဝေးတွေ သွားခဲ့တယ်။ ခရစ်ယာန်ဖြစ်ပေမဲ့ မြန်မာစာပေကို နှစ်သက်ပြီး လေ့လာလိုက်စားလိုစိတ် ရှိသူမို့ စစ်ပြီးခေတ် မန္တလေးတက္ကသိုလ်မှာ ပထမဦးဆုံး မြန်မာစာဂုဏ်ထူး ရခဲ့သူဖြစ်တယ်။ လေးချိုး၊ တေးထပ်၊ ဘောလယ်၊ တျာချင်း၊ အိုင်ချင်း အစရှိတဲ့ ဂန္ထဝင်ပုံစံ ကဗျာတွေကို ကောင်းကောင်းရေးစပ် သီကုံးနိုင်တဲ့အထိ မြန်မာစာ ဝါသနာထုံသူပါ။ ခရစ်ယာန် ဘုန်းတော်ကြီးက ရေးဖွဲ့ခဲ့တဲ့ မြန်မာ့ တန်ဆောင်မုန်းလ ရာသီဘွဲ့ လေးချိုး ကဗျာပါ။

 

“ဗြိစ္ဆာခွင် ကျီးညိုခပါလို့” (လေးချိုး)  

  မောင်ပေါက်စည်(မန်းတက္ကသိုလ်)

ခဝဲရွှေ ကြိုင်ကြိုင်မွှေးပါတဲ့၊

ပုလဲငွေ ခိုင်ခိုင်သွေး၊

အခိုင့်အခိုင်ဖွေး၊ ဖြူ့တဖြူ၊

မနိုင့်တနိုင်လေးရယ်တဲ့ မူ့တမူ၊

အပြိုင့်အပြိုင်ပေးမယ်တဲ့ လှူ့အလှူ။ ။

လေးမြောက်ပြန်နှင်းငွေစက်တွေနဲ့၊

ကြွေသောက်ရန်သင်းလေပက်ပြန်တော့၊ 

ဆင်းရွှေခက် ပြုတပြူ။ ။ 

မြတ်အချိန်ပင်၊

ဉာတ်ကထိန်ဆင် သဘင်နွှဲချိန်မို့၊

ခဝဲရွှေစင် ပုလဲမေခင် မစဲလေသွင်သွင်နဲ့၊

ဒေါင်ဒင်ကွဲ့ လက်သံပေး၊

ထက်ပြန်သေးလေတဲ့ ညီအတူ၊ 

ဤဇမ္ဗူမှာကွဲ့ ကြိုးရွှင်လန်း၊ 

ရည်အလှူပါတဲ့ မသိုးသင်္ကန်း။ ။ 

နက္ခတ်ငယ်ရွှင်၊

ထက်ရပ် ရင်ပြင်မတော့၊

ဗြစ္ဆာခွင် ကျီးညိုခပါလို့

မြီးတိုလှ ဆေးထက်စွမ်းပြန်တဲ့၊

သက်ညွှန်းကာ အဆောင်သုံးတယ်ဖြင့်၊

လက်ကျွန်းသာ တန်ဆောင်မုန်းရယ်ထင့်၊

ပြုံးဆင့်ဆင့်လန်း။ ။

(အရုဏ်မဂ္ဂဇင်း ၁၉၅၆ နိုဝင်ဘာလ)

“ဆရာသူရိန်ထက်၏ မောင်ပေါက်စည် (မန်းတက္ကသိုလ်) သို့ သာသနာပိုင် ဘုန်းတော်ကြီးသို့ ဆောင်းပါး”

မောင်ပေါက်စည် (မန်းတက္ကသိုလ်) (ခ) အင်ဒရူးမြဟန်ဟာ ခရစ်ယာန်သာသနာပိုင်ချုပ် တပါးဖြစ်တယ်။ ကမ္ဘာ့ သာသနာပိုင် ချုပ် ၂ ဒါဇင်ကျော်မှာ တပါးအပါအဝင်ပါ။ သာသနာရေးကိစ္စနဲ့ အင်္ဂလန် ဂျပန်တို့ကို သွားလေ့ရှိတယ်။သူဂျပန်ရောက်တိုင်း ကျနော့်ဆီလာတယ်။ လာတိုင်း ဆင်ဆာမိတဲ့စာမူတွေ ယူလာလေ့ရှိတယ်။ အဲဒီအချိန် စစ်ထောက် လှမ်း ရေးတွေ လက်စောင်းထက်ချိန် တော်ရုံလူ ယူမလာဝံ့တဲ့ စာမူတွေပါ။ သူက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးလည်း ဖြစ် သာသနာပိုင်ချုပ်လည်း ဖြစ်တာကိုး။ 

'စစ်'

သားမြတ်ကမာ

ငိုသူရှာ

ကမ္ဘာမီးဟုန်းတောက်ချိန်ခါ။ 

တခါတော့ ဆရာကြီးမင်းသုဝဏ်ရဲ့ စာမူတွေသယ်လာတယ်။ 'ဘကြီးအောင်ညာတယ် ' စာမူလည်း အပါအဝင်ပေါ့။ ထုတ်ဝေဖြစ်ဖို့ အဓိက။ ထုတ်ဝေဖြစ်ရင် စာအုပ်လေး လက်ဆောင်ရရင် ဆရာကြီး မင်းသုဝဏ်က ကျေနပ်ပြီလို့မှာ လိုက်ကြောင်း ပြောပြတယ်။ (မင်းသုဝဏ်ဆိုတာ ၉၀ လွှတ်တော်အမတ်။ ခင်ညွန့်ခေတ်မှာ အမည်တောင် မဖေါ်ပြရသူ။ ဆရာမောင်ပေါက်စည်ကို ကျေးဇူးတင်လို့ အနောက်တိုင်းဝတ်စုံချုပ်ပေးတော့ အင်မတန် ဂုဏ်ယူ ရှာပါတယ်။

'ဇာတ်တူသား'

ကန့်လန့်ကာသိမ်း

မီးခွက်ငြိမ်း

ယိမ်းသမလေး ငိုနေသည်။ ။

ဒီကဗျာပေးတဲ့အခေါက် ထင်ရဲ့။ (ဒီနေရာမှာ ခေတ် အခြေအနေလေးပြောမှ ဇာတ်ရည်လည်မှာမို့ ပြောပါရစေ) အဲဒီကာလ ဂျပန်က ဆရာကြီး ဆရာမကြီးတချို့ ခင်ညွန့်နဲ့ အပေးအယူညှိ ပြည်တော်ပြန်ပါတယ်။ ဆရာမကြီးက 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' ထဲက ဆရာမလုပ်တဲ့ မင်းသမီး။ ပြည်တော်ဝင်မယ်ဆိုတော့ ဂျပန် နိုင်ငံရေးအင်အားစု ဘယ်သူမှ သစ္စာ မဖေါက်ကြလို့ ၃ ယောက်ပဲ ဖြစ်နေတော့ ဂျပန်က လူသိများတဲ့သူတွေကို စည်းရုံးတယ်။ 

ဖြစ်ချင်တော့ ဂျပန်ကပို့တဲ့ စာတထုပ် ( ဆိုတဲ့ ) ဟာ ဗိုလ်ချုပ်တင်ဦး ( နအဖတွင်း ၂ ) အိမ်မှာပေါက်ပြီးစပေါ့။ ဆရာမောင်ပန်းမွှေးနဲ့ တအိမ်တည်းနေတဲ့ စာရေးဆရာ ကိုသိန်း တိုကျို လုပ်တာပါလို့ စွပ်စွဲတယ်။ တအိမ်တည်းနေ မောင်ပန်းမွှေး စိုးရိမ်ရှာပါတယ်။ ကျနော့် မဂ္ဂဇင်းတိုက်မှာ ခေါ်ထားပါတယ်။ ရိုးအေးပြီး စာပေကလွဲ နားမလည်ရှာတဲ့ မောင်ပန်းမွှေးဟာ ဇနီးနဲ့ ကလေးဆီ ဖုန်းခိုးဆက်ရတဲ့ဘဝပါ။ (စာပေအပေါ် ကောင်းကွက်တွေ သီးသန့်ရေးပါ့မယ်။) တနေ့မှာ ခုနက ဆရာမကြီးက ဒီအချက်ကိုအပိုင်ကိုင် ချုပ်လိုက်တဲ့အခါ ကျနော်တို့ မဂ္ဂဇင်းနာယက က နုတ်ထွက် ပြည်တော်ပြန်သွားပါတော့တယ်။ မောင်ပန်းမွှေးက 'အချစ်' ဂျာနယ် ထုတ်ဝေခွင့်ရ။ မြန်မာ ပြည်တဝန်း 'ပြည်တော်သာ' ဆောင်းပါးတွေရေး စာအုပ်တွေထုတ် သတင်းစာတွေမှာ မဖေါ်ပြမနေရ” ထည့်ခွင့်ရပါတယ်။

ဆိုခဲ့သလို ဆရာမောင်ပေါက်စည် (မန်းတက္ကသိုလ်) ဂျပန်ကို ရောက်နေချိန် ဆရာမောင်ပန်းမွှေးဟာ ဂျပန်က ကျနော့် မဂ္ဂဇင်းတိုက်ကို ရောက်လာတယ်။ သူ ဂျပန် မြန်မာ သွားလာခွင့်ရနေ၊ အစစအဆင်ပြေလို့ မောင်ခင်မောင်ထိုက်လေးကို ခေါ်ခိုင်းလို့ လာခေါ်ကြောင်း။ ကားပါမစ် တိုက်ခန်း မတည်ငွေ ထုတ်ဝေခွင့်အပြင် ဧရာဝတီတိုင်းက မြေလွတ်မြေလပ် ကြိုက်သလောက် ယူစေလိုကြောင်း။ နိုင်ငံကောင်းနေတာကို ကောင်းတဲ့တိုင်း ရေးပေးဖို့သာလိုကြောင်း။ ခွင့်သာခိုက် မလိုက်ချင်ရင် ဆိုတာတွေ တရစပ်ပြောတယ်။ ကျနော် မောင်ပန်းမွှေးကို ပြန်ပြောရမှာ အားနာတယ်။ ဒါနဲ့ ဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကို သတိရလိုက်တယ်။ ဒါကြောင့် ဆရာ့ဆီဖုန်းဆက်တယ်။ ဆရာမောင်ပေါက်စည် ချက်ချင်း ရောက်လာတော့ 'ဟေ့ကောင် မောင်ပန်းမွှေး'ဆိုပြီး (စာပေဝါလည်း မြင့်လေတော့ မညှာပဲ ပြောလိုက်တာက) “မင်းတို့လို သတင်းစာတွေက စာရေးသူတွေကို ဘယ်စာပေသမားမှ လူရာမသွင်းကြောင်း။ စာပေလောကမှာ ဂုဏ်သိက္ခာအရေးကြီးကြောင်း။ လူထုကိုသစ္စာ မဖေါက်အပ် ကြောင်း။ ကိုယ်တိုင်ဖေါက်ရုံမက သူများကိုပါ သစ္စာဖေါက်ဖို့ စည်းရုံးနေတာ အင်မတန် ရှက်စရာဖြစ်ကြောင်း” ငေါက်ငန်း ပြောပါတော့တယ်။ 

လိုအပ်ရင် ရဲရင့်တဲ့ အနုပညာသမား သတ္တိပါ။ သာမန်ဆိုရင် ပြုံးသာနေတတ်သူ ဆရာ မောင် ပေါက်စည်ဟာ ဒီပွဲမှာတော့ တော်တော် ဒေါသထွက်သွားတာပါ။ တသက်မှာ ဒီတခါသာ ဒီ့လောက် ဒေါသထွက်ပုံပါ။ မောင်ပန်းမွှေးက ''ဟုတ်ကဲ့ပါ ဟုတ်ပါတယ်။ ဟုတ်ကဲ့ပါ ဆရာ'' ဆိုပြီး အိမ်ပေါ်က ဆင်းသွားတယ်။ ၁၀ နှစ် ကျော်ပြီ။ ဆရာမောင်ပေါက်စည် (မန်းတက္ကသိုလ်)ကို အရမ်းသတိရတယ်။ ကောင်းကင်ဘုံမှာ ထာဝရ ပျော်ရွှင်ပါစေဆရာ။

(သူရိန်ထက်) ၂၁ သြဂုတ် ၂၀၁၈ ည ကျိုက်ထိုရွှေမြို့တော်သတင်းစဉ် Facebook မှာ၂၂ ဩဂုတ် ၂၀၁၈  ဒီဆောင်းပါး ဖော်ပြ။

ဆောင်းပါးရှင် သူရိန်ထက် (အမည်ရင်း ကိုခင်မောင်ထိုက်) ဟာ အခု ဂျပန်မှာ မနေတော့ပဲ ပဲခူးမြို့မှာ ပြန်နေထိုင်နေပါတယ်။ သူ့ဆောင်းပါးကို ကျနော် ပြန်သုံးဖို့ ဖုန်းဆက်ရာမှာ သူက ဆရာမောင်ပေါက်စည် အင်မတန် သဘောကောင်းကြောင်း၊ တဖက်သားကို အားနာတတ်သူ ဖြစ်ကြောင်း၊ ငွေမမက်ကြောင်း၊ အနစ်နာခံကြောင်း ထည့်ရေးပါလို့ တိုက်တွန်းလိုက်ပါသေးတယ်။

ဆရာမောင်ပေါက်စည် (မန်းတက္ကသိုလ်)ဟာ မန္တလေးတက္ကသိုလ်ပေါက် စာဆိုတော် တဦးပေါ့။ ဆရာတင်မိုး၊ ဆရာ ကြည်အောင်၊ ဆရာကိုလေး၊ ဆရာ မောင်စွမ်းရည် စတဲ့ သူတွေနဲ့အတူ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တတ်သိပညာရှင် အဖွဲ့မှာ မောင်ပေါက်စည် ပါဝင်ခဲ့ပါတယ်။ ကဗျာဆရာ ဦးတင်မိုး ဆိုရင် စကားစပ်မိတိုင်း သူ့အကြောင်းကို ပြောလေ့ရှိပါတယ်။ ကဗျာဆရာမောင်စွမ်းရည်ရဲ့ အဆိုအရ မောင်ပေါက်စည်ဟာ ကျောင်းက ထွက်သွားပြီးတဲ့နောက် အတော်ကြာ ပျောက်နေရာက နောက်ပိုင်းမှာ သူ့ကဗျာတွေဟာ ပုံစံတမျိုး အသွင်တမျိုးနဲ့ပေါ်လာပြန်တယ်လို့ ဆိုပါတယ်။ အခုလို ခရစ္စမတ် အကြိုကာလမှာ သူ့ရဲ့တမူသစ်တဲ့ ကဗျာကလေးတပုဒ်ကို ဖတ်ကြပါစို့။ 

"မေတ္တာရှာဖွေခန်း”

မေတ္တာကိုရှာ

ကမ္ဘာကုန်ကျယ်သရွေ့။

ရေအထု

မြေအထု

လေအထုမှသည်

ဇေယျတု ယေရှု့မှာတွေ့။ ။ 

မောင်ပေါက်စည်(မန်းတက္ကသိုလ်) 

အဆုံးသတ်ရရင် မောင်ပေါက်စည် (မန်းတက္ကသိုလ်) ဟာ ၂၀၀၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ခရစ်တော်၌ အိပ်ပျော်သွားခဲ့တယ်။ သူကွယ်လွန်ခဲ့တာဟာ လာမယ့် မေလဆို ၁၄ နှစ်ပြည့်ပါတော့မယ်။ ဒါပေမဲ့သူ့ကဗျာတွေကတော့ ရှင်သန်ဆဲ၊ ခေတ်မှီဆဲ၊ သစ်လွင် တောက်ပနေဆဲပါ။ 

အခု ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၂၇ ဟာလည်း မောင်ပေါက်စည် (မန်းတက္ကသိုလ်) ရဲ့ ၈၉ နှစ်ပြည့် မွေးနေ့ရက်ပါ။ ဆရာကြီးရဲ့ မွေးနေ့ရက်မှာ သူမျှော်မှန်းခဲ့တဲ့ မြန်မာစာပေ တိုးတက်ရှင်သန်ရေး၊ စာပေဂုဏ်သိက္ခာရှိကြရေး၊ ငြိမ်းချမ်းရေးတို့ အတွက် ဆောင်ရွက်ကြရမယ့် အချိန် မဟုတ်ပါလားဗျာ။ 

ဆောင်းပါးရှင်-မောင်တူး

(ကိုးကား)

၁။ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်းပြုစုပြီး ရွှေဟင်္သာစာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'

၂။ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကိုယ်ရေးအကျဉ်းနှင့် ပုံကို ကို http://wikimyanmar.co.cc/ မှ ကူးယူဖော်ပြသည်။ ကာတွန်းမှာ ဆရာ အော်ပီကျယ်၏ နှုတ်ဆက် ဂါရဝပြု ကာတွန်းလက်ရာ တကွက်ဖြစ်သည်။

၃။ “သူရိန်ထက်၏ မောင်ပေါက်စည် (မန်းတက္ကသိုလ်) သို့ သာသနာပိုင် ဘုန်းတော်ကြီးသို့ ဆောင်းပါး” 

၄။ လှိုင်းပုတ်သံကဗျာများ စာအုပ် ၁၉၉၆ မြန်မာနိုင်ငံ ခရစ်ယာန်စာပေအသင်း

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013