DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် လုပ်ပိုင်ခွင့်အာဏာဖြင့် ဖွံ့ဖြိုးရေး တိုးမြှင့်ရန် ပြင်ဆင်
DVB
·
August 15, 2013
Donate to DVB

နိုင်ငံတော်စီမံခန့်ခွဲမှုအာဏာတချို့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်တွေ ပိုပေးမယ်လို့ သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တိုးမြှင့်ပြင်ဆင်နေကြတယ်လို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အရင်ဆုံး လမ်းပန်းဆက်သွယ်ရေးတွေ အဆင်ပြေဖို့ လိုအပ်တယ်လို့ ကယားပြည်နယ် မြန်မာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးက ပြောပါတယ်။

“ပြည်နယ်တခု ဖွံ့ဖြိုးဖို့ လမ်းပန်းဆက်သွယ်ရေးဟာ အဓိကကျတဲ့လုပ်ငန်းတခုဖြစ်ပါတယ်၊ လမ်းပန်း ဆက်သွယ်ရေး တိုးတက်သွားပြီ၊ ကောင်းသွားပြီဆိုရင် ကျနော်တို့က ကျန်တဲ့ ပညာရေး၊ ကျန်းမားရေးတွေ လူမှုရေးတွေ၊ စီးပွားရေး၊ ဒါတွေ အကုန်လုံး ဆောင်ရွက်သွားလို့ ရပါပြီ။ ဒေသဖွံ့ဖြိုးရေးအတွက် ဒါတွေက ကျနော်တို့ အဓိက ဆောင်ရွက်ရမယ့် လုပ်ငန်းတွေပါပဲ။”

ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီတာခတွေ ပြည်မထက် ဈေးကြီး နေတာဟာ ပြည်နယ်ဖွံ့ဖြိုးရေးကို နှောင့်နှေးစေတဲ့အတွက် အဲဒီကိစ္စကို ဖြေရှင်းဖို့ ဂက်စ် တာဘိုင် စီမံကိန်းရေးဆွဲထားပြီး အစိုးရဘတ်ဂျက်ကနေ ဒီဇယ်တွေ ပိုချပေးဖို့ တင်ပြထားကြောင်း၊ တဘက်ကလည်း အခြေခံလူတန်းစားတွေရဲ့ဘ၀ မြှင့်တင်ရေးကို အရင်ဆောင်ရွက်ပေးရမယ်လို့  ရခိုင်ပြည်နယ် လျှပ်စစ် နဲ့ စက်မှုလက်မှုဝန်ကြီး ဦးအောင်သန်းတင်က ပြောပါတယ်။

“ကျေးလက်ဒေသတွေ အရင်ဆုံး ကျနော်တို့က တိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လယ်ယာမြေပြဿနာတွေကို ဖြေရှင်းပေးရမယ်။ အဓိကအားဖြင့် တောင်သူလယ်သမားတွေ တိုးတက်ရေးအတွက် ချေးငွေတွေ ထုတ်ပေးရမယ်၊ နည်းပညာတွေ ပေးရမယ်၊ အဲဒီလိုလုပ်ပေးမှပဲ ကျနော်တို့ နယ်မြေရဲ့ အခြေခံ လူတန်းစားတွေကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ်။”

မွန်ပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက သမ္မတရဲ့ ပြောကြားချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုမယ်လို့ ပြောပါတယ်။

“ဒါလုပ်သင့်လုပ်ထိုက်တဲ့ ဟာပဲလေ။ ဒီမတိုင်ခင်မှာလည်း သမ္မတရုံးက ညွန်ကြားချက် တချို့ ထွက်ပြီးသားပဲ၊ အောက်ခြေမှာက  လက်တွေ့ မဖြစ်သေးတာပေါ့။ အခုတော့ သမ္မတက အားလုံးကို ခေါ်ပြီး ပြောလိုက်တဲ့ အခါကျတော့ ဒီဟာက ပိုပြီးတော့ ပီပြင်လာလိမ့်မယ်လို့ ကျနော်တို့လည်း မျှော်လင့်တယ်လေ။ ကျနော်တို့ ပြည်နယ်က လူထုတွေရဲ့ လိုအပ်ချက်တွေကို သေချာ သူတို့ စနစ်တကျ တင်ပြခွင့် အရင်ကထက် ပို့ရမှာပေါ့။ ကျနော်တို့ ပြည်နယ် အစိုးရကလည်း သူတို့တင်တဲ့အပေါ်မှာ မူတည်ပြီးတော့ ပြည်နယ် စီမံကိန်း၊ စီမံချက်တွေ ဖြစ်အောင် ကျနော်တို့ဖန်တီးရတာ ပိုလွယ်သွားမယ်လေ။”

ရှမ်းပြည်နယ် သတ္တုနဲ့ သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါဝ်းက “သမ္မတကြီးက ပုဒ်မ ၂၅၆ - ၂၅၇ ကို အကောင်အထည်ဖော်ပေးတာပေါ့နော်။ ကျနော်တို့ ပြည်နယ် အစိုးရအနေနဲ့ သမ္မတကြီးကို တင်ပြထးတာ ရှိတယ်။ မြေပေါ်၊ မြေအောက် သယံဇာတတွေ၊ အခွန်အခတွေကို ကျနော်တို့ ပြည်နယ် အစိုးရကို ၅၀ ရာခိုင်နှုန်း ပေးဖို့ တင်ပြထားတာ ရှိပါတယ်” လို့ ပြောပါတယ်။

မြေပေါ်မြေအောက် သယံဇာတတွေပါ ပြည်နယ်အစိုးရကို  ဆုံးဖြတ်လုပ်ပိုင်ခွင့် ပေးလိုက်ရင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မယ်လို့ ချင်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။

“တိုင်းနဲ့ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ဖွင့်ပေးမယ်ဆိုရင် မိမိရဲ့ တိုင်းဒေသမှာ တကယ်လိုအပ်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ သတ္တုတွင်း လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်မယ်။ ဖိတ်ခေါ်မှ ဒေသဖွံ့ဖြိုးတိုးတက်လာမှာပေါ့။ ထို့အတူပဲ ကျနော်တို့ မျှော်မှန်းထားတဲ့ ဆင်းရဲမွဲတေမှုတွေ လျှော့ချနိုင်မယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း တိုးတက်လာမှာပေါ့။”

ဩဂုတ် ၉ ရက်နေ့ နေပြည်တော်မှာပြောကြားတဲ့ သမ္မတကြီးရဲ့ မိန့်ခွန်းမှာ ဌာနဆိုင်ရာ အမှုထမ်းအရာထမ်းကိစ္စ၊ ပညာရေး၊ ကျန်းမာရေး နဲ့ ပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းကိစ္စတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရကို လုပ်ကိုင်ခွင့်အာဏာ ပြုကြောင်းနဲ့ သက်ဆိုင်ရာ အစိုးရတွေကလည်း ပြည်သူ့ကိုယ်စားလှယ်တွေ မြို့မိမြို့ဖ ကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013