DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်းကောင်စီ(ယာယီ) နှင့် လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံမှု အားရဟုဆို
DVB
·
August 15, 2013
စာနယ်ဇင်းကောင်စီ(ယာယီ) နှင့် လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံမှု အားရဟုဆို
Donate to DVB

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ သီးခြားစီ တွေ့ဆုံခဲ့ကြတဲ့ထဲ လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပွဲကို အားရကျေနပ်မိတယ်လို့ ကောင်စီဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

[caption id="attachment_29984" align="alignleft" width="153" caption="ဦးဇော်သက်ထွေး"][/caption]

ပြန်ကြားရေးဝန်ကြီးဌာနကတင်ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းကိစ္စ၊ ပြန်ကြားရေးနဲ့ စာနယ်ဇင်းကောင်စီတို့ သဘောထားကွဲနေတဲ့ သတင်းမီဒီယာဥပဒေကြမ်းကိစ္စရပ်တို့နဲ့ ပတ်သက်လို့  တွေ့ဆုံခဲ့ကြပြီးတဲ့နောက် သူက ခုလို ပြောတာပါ။

“ကျနော်ကတော့ သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံမှုကို စိတ်တိုင်းကျတယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ပြည်သူ့လွှတ်တော်မှာ ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေကို သူတို့ သေချာ မသိလိုက်ဘဲနဲ့၊ သေချာထဲထဲဝင်ဝင် မလေ့လာခဲ့ရဘူးဆိုတာ သူ့ရဲ့ကာယကံရှင်ကိုယ်တိုင်က ရိုးသားစွာ ၀န်ခံတဲ့ အရရော၊ ဒီလိုမျိုး ပြည်သူလူထုအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် ဒီဥပဒေဟာ ဘယ်လိုပဲ အတိပြုခဲ့ပြုခဲ့ လာမယ့် လွှတ်တော် ညီလာခံတွေမှာ ဒါကို ပြင်ဆင်ပြုပြင်လို့ရတယ်။ ဘာမှ စိတ်ပျက်စရာ မရှိဘူးဆိုတဲ့ဟာကို သူက တိတိကျကျ ရှင်းရှင်းလင်းလင်းပြောတဲ့အတွက်ကြောင့် ကျနော်တို့က လမ်းစတွေ မြောက်မြားစွာ ရှိတယ်ဆိုတာ၊ မျှော်လင့်ချက်တွေ မြောက်မြားစွာ ရှိတယ်ဆိုတာ ကျနော်တို့ ခိုင်ခိုင်မာမာ သိလိုက်ရတယ်။”

ဩဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ဩဂုတ် ၁၄ ရက်မှာ စာနယ်ဇင်းကောင်စီက သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာလည်း ကောင်စီက မကြာမီ လွှတ်တော်တင်သွင်းမယ့် သတင်းမီဒီယာဥပဒေဟာ အမှန်တကယ် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲများ မထားဘဲ မည်သည့် ပါ တီ၊ လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းသည့်ဥပဒေဖြစ်စေ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်တယ်လို့  သူရ ဦးရွှေမန်းက ပြောကြားခဲ့တာကို ထည့်သွင်းဖော်ပြထားပါတယ်။

ရန်ကုန်မြို့ တရားရုံးချုပ်ရှေ့နေ ဦးကိုနီက သူရဦးရွှေမန်းရဲ့ ပြောကြားချက်ကို ကြိုဆိုလိုက်ပြီး လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ ပြည်သူကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ပြည်သူလူထုက ယုံယုံကြည်ကြည် ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော်တို့၊ အစိုးရတို့က ပြည်သူကို မယုံသလို ဖြစ်နေတယ်။ ပြည်သူကို ချုပ်ချယ်ချင်တယ်၊ ကန့်သတ်ချင်တယ်၊ လွတ်လပ်ခွင့်တွေ ပေးလိုက်ရင် ဆိုးသွမ်းလာမယ်၊ ပြည်သူတွေက ဆန္ဒတွေပြလာမယ်၊ ဆူပူသောင်းကျန်းလာမယ်လို့ ဒီလိုယူဆပြီးတော့ ကျနော်တို့ကို ဘက်ပေါင်းစုံကနေ ချုပ်ချယ်ကန့်သတ်တဲ့ ဥပဒေတွေ ရေးနေတယ်။ အဲဒါ မကောင်းတဲ့ လက္ခဏာပဲဗျ။ လူဆိုတာ ကောင်းတယ်လူရှိမယ်၊ ဆိုးတဲ့လူရှိမယ်၊ ဆိုးတဲ့လူက နည်းနည်းပါးပါးပါ။ အဲဒီဆိုးတဲ့လူ နည်းနည်းပါးပါးကို ကြောက်ရလို့ဆိုပြီးတော့ လူကောင်းတွေ အားလုံး အပေါ်မှာ ချုပ်ချယ်ကန့်သတ်တဲ့ ဥပဒေတွေ ရေးမယ်ဆိုရင်တော့ ဘယ်တော့မှ ကျနော်တို့ဟာ ဒီမိုကရေစီနိုင်ငံကို ရောက်မှာ မဟုတ်ဘူး။”

စာနယ်ဇင်းကောင်စီကရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကြမ်းကိုလည်း အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကတဆင့် လွှတ်တော်တင်မယ်လို့ သိရပါတယ်။

စာနယ်ဇင်းကောင်စီဟာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ တွေ့ဆုံခွင့်တောင်းပြီး သတင်းမီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ ရှင်းလင်းတင်ပြဆွေးနွေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013