DVB Logo
Home
မြန်မာသတင်း
မိုင်းကိုင်မြို့နယ် စုံလောကျေးရွာဘုန်းကြီးကျောင်း မီးလောင်၊ တန်ဖိုး ကျပ်သိန်း ၅၀၀၀ ခန့်ဆုံးရှုံး 
DVB
·
November 26, 2020
မိုင်းကိုင်မြို့နယ် စုံလောကျေးရွာဘုန်းကြီးကျောင်း မီးလောင်၊ တန်ဖိုး ကျပ်သိန်း ၅၀၀၀ ခန့်ဆုံးရှုံး 
1 / 5
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ စုံလောရွာက ရွာဦး ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက်စောစောက မီးလောင်မှုဖြစ်ပွားပြီး ကျောင်းတိုက်တစ်ခုလုံး မီးထဲပါသွားကာ တန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၅၀,၀၀ ဖိုးလောက် ဆုံးရှုံးခဲ့ပါတယ်။ 

ကျောင်းတိုက်မှာ ကထိန်ခင်းဖို့ပြင်ဆင်ရင်း  မနေ့ညက  တာပိုင်မီးနဲ့ ဘထ္ထရီအားသွင်း ထားခဲ့ရာက ဒီနေ့မနက် ၅ နာရီလောက်မှာတော့ အဆိုပါဘထ္ထရီအိုးကနေ မီးထလောင်ပြီး အနီးနား ရှိစာအုပ်တွေကနေတဆင့် ကျောင်းတိုက်ကို ကူးစက်လောင်သွားတာလို့ မီးလောင်ရာနေရာကို သွားရောက်ကြည့်ရှု လှူဒါန်းခဲ့တဲ့ ဟမ်းငိုင်းကျေးရွာ လုံစံကျောင်းတိုက်မှ ဦးဇင်းဝိဇေယျက ဒီဗွီဘီကို မိန့်ပါတယ်။

“မီးလောင်တော့ သံဃာတွေကရော ရွာသားတွေပါ ဝိုင်းပြီး ငြှိမ်းသတ်ကြတယ်။ မြို့က မီးသတ်ကား မရောက်နိုင်ဘူး။ ကျောင်းထဲက ရေလှောင်ကန်နဲ့ဘဲ ပက်ရတာ။ ကျောင်းတိုက်က လည်း ခေါင်အမြင့်ကြီး၊ ရေလှမ်းပက်ဖို့ မမီဘူး။ ကျောင်းတိုက်ပေါ် ရေသယ်ဖို့တောင်မှ အနိုင်နိုင်၊ ရေလည်းအခက်အခဲဖြစ်တော့ အကုန်လုံး လောင်သွားတော့တာပဲ။ ဘာဆို ဘာတစ်ခုမှ မရ လိုက်ဘူး။ ကထိန်ခင်းဖို့ ကောက်ခံထားတဲ့ ငွေတွေ ပဒေသာပင်တွေ ကျောင်းထဲက ပရိဘောဂ ပစ္စည်းတွေ ဆရာတော်ကြီး သိမ်းထားတဲ့ငွေတွေပါ အကုန်ပါသွားတယ်။”

မီးလောင်ကျွမ်းမှုကို သံဃာတော်တွေနဲ့ ဒေသခံရွာသားတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၅ နာရီခွဲလောက်မှာ  မီးငြိမ်းသွားပြီး အလျား ပေ ၆၀၊ အနံ ပေ ၄၀၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ခြေတံရှည် ဘုန်းတော်ကြီးကျောင်းတခုလုံး မီးလောင်ပြာကျသွားပေမဲ့ လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ မိုင်းကိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦးက ပြောပါတယ်။

ကျောင်းထိုင်ဆရာတော် ဦးဝိသာလ အပါအဝင် သံဃာတော်တွေလည်း မီးဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။

အဆိုပါကျောင်းတိုက်မှာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းထားတဲ့ ခြေတံရှည်ကျောင်းကြီးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က တည်ဆောက်ထားတာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှု ပမာဏပေါင်းမှာ ကျပ်သိန်းပေါင်း ၅၀၀၀ လောက်ရှိမယ်လို့ ဂေါပကအဖွဲ့က ခန့်မှန်းထားပါတယ်။

ကျောင်းတိုက်မှာ သံဃာတော် ၁၈ ပါး သီတင်းသုံးနေပြီး အခုလို မီးလောင်သွားတဲ့အတွက် သင်္ကန်းပရိက္ခယာတွေရော အိပ်ယာအသုံးအဆောင်နဲ့ ဆွမ်းကွမ်းအတွက် အရေးပေါ်လိုအပ်နေ ပါတယ်။

မိုင်းကိုင် ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေက လက်ရှိ ဘုန်းကြီးကျောင်းဇရပ်မှာ  ရှိတဲ့ ဆရာတော်နဲ့ သံဃာတော်တွေကို ထောက်ပံ့လှူဒါန်းဖို့နဲ့ ဆရာတော်နဲ့ သံဃာတွေ သီတင်းသုံးဖို့ ယာယီကျောင်းဆောင်တခု ပြန်ဆောက်ဖို့ ရွာခံတွေ တိုင်ပင်နေကြပါတယ်။

ရေရှည်မှာ ကျောင်းသစ်ပြန်ဆောက်နိုင်ဖို့လည်း အလှူငွေတွေပါ လိုအပ်နေတာကြောင့်  ဂေါပကအဖွဲ့ ဖုံးနံပါတ်  ၀၉-၇၇၆ ၉၅၃ ၄၆၀ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ 

စုန်လောကျေးရွာဟာ မိုင်းကိုင်မြို့အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာမှာရှိပြီး အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိကာ ပလောင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။

သတင်း- နန်းမြနဒီ/ Pra Jaw 

Photo Crd# IPRD, မိုင်းကိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013