
မန္တလေးတိုင်း၊ မြစ်သားမြိုနယ်မှာ ငလျင်ထောက်ပံ့ကြေးငွေတွေကို စစ်အာဏာရှင် လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြည်သူလူထုကိုအပြည့်မပေးဘဲ ငွေကျပ်သိန်းထောင်ချီ ဖြတ်စားလို့ ပြည်သူတွေက တိုင်ကြားပေမဲ့ မြို့နယ်က အရေးယူတာ မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
မြစ်သားမြို့နယ် မုန္တောကြီးကျေးရွာ အုပ်ချုပ်ရေမှူး ဦးဝင်းနိုင်က ငလျင်ဘေးဒဏ်သင့်သူတွေကို ထောက်ပံ့ကြေးပေးရာမှာ ကျပ်သိန်းနဲ့ချီ ဖြတ်စားတယ်လို့ ဒေသခံတယောက်ကပြောပါတယ်။
“ရွာမှာငလျင်အတွက် ထောက်ပံ့ကြေးရတာ ၂၄ အိမ်ရှိတယ် ၃ လပိုင်းက တယောက်ကို မြို့နယ်က ၈ သိန်းခွဲ ချပေးတယ်။ အုပ်ချုပ်ရေးမှူးက ၅ သိန်းပဲပေးတယ်။ ၃ သိန်းခွဲဖြတ်စားတယ်။ ၄ လပိုင်းမှာ ၈၅ သိန်း ထပ်ပေးတယ် အုပ်ချုပ်ရေးမှူးက သိန်း ၃၀ ပဲပေးတယ်။ ၅၅ သိန်း ကြားက ဖြတ်စားတယ်။ မကျေနပ်လို့ မြို့နယ်ကိုတိုင်တယ်။ အရေးမယူဘူး” လို့ ပြောပါတယ်။
မြစ်သားမြို့နယ်၊ ခင်လယ်ကျေးရွာအုပ်စုမှာလည်း ငလျင်ထောက်ကြေးငွေကို အုပ်ချုပ်ရေးမှူးက တအိမ်ထောင်စီကနေ ကျပ်သိန်း ၂၀ ကော်မရှင်ကြေးယူတယ်လို့ ဒေသခံတယောက်က ပြော ပါတယ်။
“ရွာမှာလည်း ငလျင်ထောက်ပံ့ကြေးငွေကို အုပ်ချုပ်ရေးမှူးက ဖြတ်စားတာပဲ။ သူလုပ်ပေးလို့ ရတာဆိုပြီး တအိမ်ထောင်ကို သိန်း ၂၀ ကော်မရှင်ကြေးယူတယ်။ ကိုယ်တွေပဲဖြစ်နေတာ မဟုတ်ဘူး။ ငလျင်ထိတဲ့ ရပ်ကွက်နဲ့ရွာတွေအကုန်လုံးမှာ အဲလိုဖြစ်တာ” လို့ ပြောပါတယ်။
အလားတူ တေစိုးကျေးရွာနဲ့ ဆင်ခြံကျေးရွာမှာလည်း အုပ်ချုပ်ရေးမှူးတွေက ငလျင် ထောက်ပံ့ ကြေးတို့ကို ပြည်သူလူထုဆီက ဖြတ်စားသလို ငလျင်ဒဏ် မသင့်တဲ့ နေအိမ်တွေကို ထည့်ထားပြီး ထောက်ပံ့ကြေးတွေ ထုတ်ယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေက ငလျင်ထောက်ပံ့ကြေးငွေတွေ ဖြတ်စားတာကြောင့် ရပ်ကွက်နဲ့ ကျေးရွာ နေသူတွေက မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုင်ထားကြတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“မြို့ပေါ်ရပ်ကွက်ရော ကျေးရွာတွေရော ငလျင်ထောက်ပံ့ကြေးကိစ္စနဲ့ မြို့နယ်ကိုတိုင်တဲ့သူ များတယ်။ အခုချိန်ထိ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးတာမရှိသေးဘူး။”
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်မှာ မြစ်သားမြို့နယ်က မြို့ပေါ်ရပ်ကွက် ၆ ခုနဲ့ ရွာ ၈၄ ရွာမှာ ပြိုကျသွားတဲ့ တိုက်နဲ့လူနေအိမ် ၂၇၁ လုံး၊ တစိတ်တပိုင်းပျက်စီးသွားတဲ့အိမ် ၁,၉၀၇ လုံးရှိပါတယ်။










