DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂကိုယ်စားလှယ် လိုင်ဇာခရီးစဉ် တားမြစ်ခံရ
DVB
·
August 15, 2013
ကုလသမဂ္ဂကိုယ်စားလှယ် လိုင်ဇာခရီးစဉ် တားမြစ်ခံရ
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် အနီးက လိုင်ဇာမြို့ကို သွားရောက်ဖို့ ကြိုးစားပေမယ့် တားမြစ်ခံခဲ့ရပါတယ်။

[caption id="attachment_42597" align="alignright" width="300" caption="မစ္စတာ ကင်တားနား စစ်တွေခရီးစဉ်အတွင်း အကျဉ်းဦးစီး တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်"][/caption]

မစ္စတာကင်တာနားဟာ ဒီနေ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ရဲ့ ဌာနချုပ် အနီး တရုတ်-မြန်မာနယ်စပ် လိုင်ဇာကို သွားရောက်ဖို့ ကြိုးစားရာမှာ ပြည်နယ်အစိုးရထံက ခွင့်ပြုချက်မရတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတာပါ။

လိုင်ဇာကို ဘာကြောင့် မပေးသွားရသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သိရှိရခြင်းမရှိဘူးလို့ ကချင်ပြည်နယ်ခရီးစဉ်ကိုလိုက်ပါသွားတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင်ရသူ ဦးအေးဝင်းက ပြောပါတယ်။

လိုင်ဇာကို သွားခွင့်မပြုတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး  ကချင် ပြည်နယ် အစိုးရကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရဖြစ်ခဲ့ပါတယ်။

မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင် ဂွမ်ဂျာကတော့ မစ္စတာကင်တားနားဟာ လိုင်ဇာကိုသွားဖို့အတွက် ပြည်ထောင်စုအစိုးရထံက ခွင့်ပြုချက်မပါလာသလို  လုံခြုံရေး အခြေအနေကြောင့် ပြည်နယ်အစိုးရက ခွင့်မပြုခဲ့တာလို့ ပြောပါတယ်။

“သူက သွားဖို့အတွက် တကဲကဲ။ ကျနော်တို့ကို ရှေ့မှာ ပြောတာတော့ လိုင်ဇာကိုသွားဖို့အတွက် စိတ်ဆန္ဒပြင်းပြတာပေါ့လေ။ အရင်တခေါက်ကလည်း မသွားတော့ ဒီတခေါက်တော့ မြစ်ကြီးနားကို တက်လာတဲ့အချိန်မှာ လိုင်ဇာကို သွားနိုင်အောင်ဆိုပြီးတော့ ကြိုးစားပြီးလာတာ။ ဒီရောက်တဲ့အခါကျတော့ ကချင်ပြည်နယ် အစိုးရကို တင်ပြတယ်။ ကချင်ပြည်နယ် အစိုးရကလည်းပဲ နိုင်ငံတော်အစိုးရကနေ လုံခြုံရေး အရ အဲဒီဘက်ကို သွားခွင့်မပြုဘူးဆိုတဲ့ ပုံစံမျိုး ပြောတဲ့အခါကျတော့ သူ့အနေနဲ့ မနေ့က သွားဖို့အတွက် ပြင်ဆင်နေတဲ့အချိန်မှာ  ကျနော်တို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကိုလည်း လိုက်ပို့ဖို့ ပြောတယ်၊ ကျနော်တို့လည်းပဲ နိုင်ငံတော်အစိုးရ နှစ်ဦး နှစ်ဖက် သဘောတူပြီးမှ လိုက်ပို့ခိုင်းရင် ကျနော်တို့လည်း လိုက်ပို့ဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် နိုင်ငံတော်အစိုးရကနေပြီး လုံခြုံရေး အရ ခွင့်ပြုချက်မကျလာတဲ့ အခါကျတော့ သူအနေနဲ့ မနေ့က မသွားဖြစ်တော့ဘူး။”

ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကင်တားနားဟာ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို မြစ်ကြီးနားမှာ ရုံးခန်းဖွင့်လှစ်ဆောင်ရွက်နေတဲ့ ကေအိုင်အေ အလုပ်အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ ခရီးစဉ်အစမှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့သလို ရန်ကုန်မြို့မှာ လူ့အခွင့်အရေးသမားတွေ၊ ရှေ့နေတွေ၊ ကျောင်းသား၊ အလုပ်သမား ကိုယ်စားလှယ်တွေအပါအ၀င် လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကချင်ပြည်နယ်ကို ခရီးဆက်ခဲ့တာဖြစ်ပါတယ်။

လိုင်ဇာခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့အတွက် မစ္စတာကင်တာနားဟာ ဒီကနေ့မှာတော့ ရန်ကုန်ကို ပြန်လည်ရောက်ရှိခဲ့ပြီး အင်းစိန်အကျဉ်းထောင်ကို သွားရောက်ကြည့်ရှုဖို့ ပြင်ဆင်နေတယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

ကင်တားနားရဲ့ ခရီးစဉ်အစ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ပြည်နယ်အစိုးရ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်း ကြည့်ရှုခဲ့သလို ဒေသခံတွေရဲ့ ဆန္ဒပြမှုကိုလည်း ကြုံခဲ့ရပါတယ်။

သူ့ရဲ့ ခရီးစဉ်ဟာ ဩဂုတ် ၁၁ ရက်ကနေ ၂၁ ရက်နေ့အထိ ၁၁ ရက်ကြာမြင့်မှာ ဖြစ်ပြီး ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နဲ့ မိတ္ထီလာတို့ကို သွားရောက်မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013