DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ မင်းလူ ကွယ်လွန်
DVB
·
August 15, 2013
စာရေးဆရာ မင်းလူ ကွယ်လွန်
1 / 2
Donate to DVB

စာရေးဆရာ မင်းလူ အသက် ၆၀ နှစ်ဟာ ဩဂုတ်လ ၁၄ ရက်ညပိုင်းက  ရန်ကုန်မြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဆရာမင်းလူဟာ ကွယ်လွန်ချိန်အထိ ရောဂါဒဏ် ပြင်းပြင်းထန်ထန် မခံစားရဘဲ သက်သောင့်သက်သာနဲ့ ကွယ်လွန်သွားခဲ့တာလို့ သမီးဖြစ်သူ ယုယက ပြောပါတယ်။

“၁၄ ရက်နေ့ ည ၁၁ နာရီခွဲ ဆုံးတာတော့ ကင်ဆာပဲပေါ့နော်။ အစကတည်းက ဖြစ်နေတာဆိုတော့ ဆေးရုံတင်ထားတာ၊ ဒါပေမယ့် သက်သက်သာသာပါပဲ။ တောက်လျှောက် သူက အဲဒီလိုမျိုး ကင်ဆာရဲ့လက္ခဏာတွေ ဘာတွေ မပြဘူး။ နည်းနည်း ဦးနှောက်ကိုထိသွားတဲ့ အခါကျတော့ အဲဒါကြောင့်မို့ နည်းနည်းလေးဖြစ်တာပဲ ရှိတယ်။ ဦးနှောက်ကို နည်းနည်းထိသွားတဲ့အခါကျတော့ အိပ်ချင်တယ်၊ ခဏခဏအိပ်ချင်တယ် အဲဒီလောက်ပဲ။ နာတာ၊ ကျဉ်တာ၊ ကိုက်တာ၊ ကိုက်ခဲလို့ အ်ာဟစ်တာ ဘာမှ မရှိဘူး။ စဖြစ်ကတည်းက သူဘာသာသူတောင်မှ ဆေးတောင် မသွင်းရင် ကောင်းမယ်တဲ့၊ ငါဘာမှမဖြစ်ဘူး အဲဒီလိုမျိုးတောင် ပြောတယ် သူက။ သူ့မှာ ဘာမှ လက္ခဏာ မပြဘူး။ ဦးနှောက်ကို အကြိတ်က ရောက်သွားတဲ့အခါ၊ ပြန့်သွားတဲ့အခါကျတော့ ခဏခဏသူအိပ်ချင်တယ်ပေါ့နော် အဲဒီလောက်ပဲ ဖြစ်တာ။ အိပ်ပျော်သွားတယ်၊ ညာဘက်လက်နဲ့ ခြေထောက်တွေ နည်းနည်း လေဖြတ်တဲ့လူလို ဖြစ်တာပေါ့နော် အဲဒါပဲ။ ကျန်တာ နာတာ၊ ကျဉ်တာ၊ ဘာမှ မဖြစ်ဘူး။ ဆုံးတဲ့ အခါတုန်းကလည်း သူဘာသာသူ အိပ်ပျော်နေရင်းနဲ့ မောတယ် တချက်ပြောပြီးတော့ အသက်ထွက်သွားတယ်၊ ဆုံသွားတယ်ပေါ့။”

စာရေးဆရာမင်းလူဟာ ၁၉၇၆ ခုနှစ်ကတည်းက စာပေရေးသားပြီး စာပေလောကထဲ ရောက်ခဲ့တာပါ။ သဘာဝကျကျ ရီရတဲ့ ၀တ္ထုတွ အမြောက်အမြား ရေးသားခဲ့သလို ဘ၀သရုပ်ဖော်စာပေတွေလည်း ရေးသားခဲ့ပါတယ်။

စာရေးဆရာမ သန်းမြင့်အောင်ကတော့ မင်းလူဟာ ပြည်သူ့စာရေးဆရာလို့ ပြောပါတယ်။

“ဘ၀သရုပ်ဖော်လိုလို ရင်ထဲက ခံစားမှုတွေပေါ့နော်၊ မေတ္တာတရားလည်း သူ့မှာ ပြည်သူတွေရဲ့ ခါးသီးတဲ့ ဒဏ်ရာဒဏ်ချက်တွေကိုလည်း သူခံစားနိုင်တယ်။ အမြဲတမ်းသူ ခါးသီးမှုတွေကို ရယ်စရာ မောစရာတွေ လုပ်ပစ်ပြီးတော့ ဒဏ်ရာတွေ သက်သာအောင် စေတနာထားနိုင်တယ်ပေါ့။ သူကိုယ်တိုင်လည်းပဲ သူအမြဲတမ်း ရှုမြင်လေ့ရှိတယ်။”

စာရေးဆရာ ချစ်ဦးညိုကတော့ မင်းလူရဲ့ ဟာသတွေနောက်ကွယ်မှာ လောကလူ့သဘာဝတွေ ပါတယ်လို့ ပြောပါတယ်။

“စာရေးဆရာ မင်းလူဟာ လောကကြီးကို လှောင်တဲ့ဟာသတွေနဲ့ ကြည့်ပြီးတော့ ဒါပေမယ့် သူရဲ့ ဟာသနောက်ကွယ်မှာ လေးနက်တဲ့ လူ့သဘာဝ၊ လောက သဘာဝတွေ ပါတယ်၊ သာမန် အပြောင်အပျက်မဟုတ်ဘူး၊ အဲဒါကို ဘယ်ကနေ စသိလာသလဲဆိုတော့ သူတို့ တက္ကသိုလ်ကျောင်းသား ဘ၀တုန်းက ပေါင်းပြီး ထုတ်ကြတဲ့ ပန်းကျောင်း၊ အချစ်လားဟေ့ ၀င်ခဲ့လေကွယ် ကဗျာတွေကနေ စပြီးသိရတယ်။ သူရဲ့ ဟာသတွေဟာ အမြဲတမ်း ခေတ်မီနေတယ်၊ စကားလုံး အသုံးအနှုန်း၊ အတွေးအခေါ်အရရော ဟာသအနေနဲ့ မင်းလူကို အဲဒီလိုမြင်ပါတယ်။ ဟိုတုန်းက စာပေဟောပြောပွဲတွေ အတူသွားတုန်းကလည်း သူဟာနိုင်ငံရေး အနှစ်သာရ ပါတဲ့ ဟာသလေးတွေ ပြောတတ်တယ်။ ဥပမာဆိုရင် သူ့ခေါင်းစဉ်က ‘ကျနော်မပြောချင်ဘူး’ တဲ့။ အဲဒီခေါင်းစဉ်အောက်မှာ သူက ကမောက်ကမဖြစ်နေတဲ့ အကြောင်းအရာတွေကို အဲဒါ န၀တ လက်ထက်ပေါ့။ ကမောက်ကမဖြစ်နေတဲ့ အကြောင်းအရာလေးတွေကို  ပြောရင်းနဲ့ တခု ပြောပြီးတိုင်း ဒါကြောင့် ပြောသားပဲ ကျနော်မပြောချင်ပါဘူးလို့။ နောက်တခုပြောလိုက်၊ ဒါကြောင့် ကျနော် မပြောချင်ပါဘူး လို့ ဆိုပြီးတော့ သူ့မှာ အများနဲ့ မတူတဲ့ ဟာသရှုထောင့်ရှိတယ်။”

မင်းလူဟာ ၀တ္ထု၊ ကဗျာ၊ အက်ဆေး၊ သရော်စာ၊ စာပေရုပ်ပုံလွှာ၊ ရုပ်ရှင်ဇာတ်ညွှန်း စုံအောင်ရေးသားနိုင်သူလည်း ဖြစ်ပါတယ်။
ဝတ္ထု၊ ကဗျာ၊ အက်ဆေး စတဲ့ လုံးချင်းစာအုပ် ၇၀ ကျော် ထုတ်ဝေခဲ့ပြီး၊ မဂ္ဂဇင်းတွေမှာ ၀တ္ထုတို၊ ၀တ္ထုရှည်တွေကိုလည်း ပုဒ်ရေ ရာနဲ့ချီ ရေးသားခဲ့ပါတယ်။
သူ့ဝတ္တု အတော်များများကို ရုပ်ရှင်ရိုက်ကူးခဲ့ရာမှာလည်း အဲ့ဒီရုပ်ရှင်တွေ အကယ်ဒမီ အများအပြားရပြီး အောင်မြင်ခဲ့ပါတယ်။

စာရေးဆရာရုပ်ရှင်ဒါရိုက်တာ သာဓုမျိုးဆက် သဘာဝအုပ်စုဝင် မင်းလူဟာ မွေးချင်း ၄ ယောက်ထဲ အငယ်ဆုံး ဖြစ်ပါတယ်။ အမည်ရင်းက ဦးဥာဏ်ပေါ် ဖြစ်ပြီး သူ့အစ်ကိုတွေဖြစ်တဲ့ မောင်ဝဏ္ဏနဲ့ သုမောင်တို့ဟာလည်း ကွယ်လွန်ချိန်အထိ စာရေးသွားကြတဲ့ စာရေးဆရာတွေ ဖြစ်ပါတယ်။

စာရေးဆရာ ချစ်ဦးညိုက သူတို့ ၃ ယောက်ရဲ့ စာတွေကို အခုလို သုံးသပ်ပါတယ်။

“မင်းလူက ဘာထူးခြားလဲဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ဒီဟာသဥာဏ်ပေါ။ အဲဒါလေးလည်း သူပြောတတ်တယ်။ နောက် လှောင်တယ်၊ တဖက်သား မနာမိအောင် သူလှောင်တတ်တယ်၊ အဲဒီလိုမျိုး သူမှာ ထူးခြားမှုရှိတယ်၊ ဟာသဆိုတာ စာပေမှာ ဟာသရသဆိုတာ အင်မတန်ရှားပါတယ်၊ ခက်ခဲပါတယ်။ သူ့မှာ အဲဒီလို အစွမ်အစလေးရှိတယ်။ ဆရာ မောင်ဝဏ္ဏကတော့ သိတဲ့အတိုင်းပါပဲ ထွေထွေထူးထူးပြောစရာမလိုပါဘူး။ သူဟာ သမိုင်းအချက်အလက်နဲ့ နိုင်ငံရေး အနစ်သာရနဲ့ ဒီမိုကရေစီအတွက် တစိုက်မတ်မတ် လုပ်ခဲ့တဲ့လူဖြစ်တယ်။ သုမောင်ကတော့ နှိုင်းယှဉ်ပြောရရင်တော့ လောကထဲက လူတွေက ရှိနေတဲ့ သဘာဝလေးတွေကို အများမမြင်နိုင်တာလေးတွေကို သူက ကတ်သီးကတ်သတ် လိုက်ကြည့်ပြီးတော့ အတွေးပေါ်အောင် ပြောတတ်တယ် ရေးတတ်တယ်၊ အဲလို ထူးခြားချက်ကလေးတွေ ရှိပါတယ်။”

စာရေးဆရာမင်းလူကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သမီး ၂ ယောက်ကျန်ရစ်ပြီး ဈာပနအခမ်းအနားကိုတော့ ဩဂုတ် ၁၈ ရက်၊ မွန်းလွဲ ၂ နာရီ ရေဝေးသုသာန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013