ဒီးမော့ဆိုမြို့နယ် ပတိုငံရွာသား ၄ ဦးကို လူသတ်မှုဖြင့် အမှုဖွင့်
DVB
·
November 26, 2020
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပတိုငံကျေးရွာသား ၄ ဦးကို လူသတ်မှုနဲ့ ဒီးမော့ဆိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
ဒီးမော့ဆိုမြို့နယ် ခေါက်ပလော့ကျေးရွာနေ ဦးခွန်းစိုးနိုင်ဟာ နိုဝင်ဘာ ၂၀ ရက်နေ့က ပတိုငံကျေးရွာရှိ မယားငယ်ဆီသွားရောက်လည်ပတ်မယ်ဆိုပြီး ထွက်သွားရာရာကနေ အိမ်ပြန်မလာတော့တဲ့အတွက် သားဖြစ်သူက ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။
ရဲတပ်ဖွဲက သွားရောက်စစ်ဆေးရမှာတော့ ခွန်းစိုးနိုင်ဟာ ပတိုငံရွာရှိ ဦးဘီးဇင်းရှိုရဲ့ နေအိမ်မှာ တခြားအမျိုးသား ၄ ယောက်နဲ့အတူ အရက်သေစာ စားသောက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
သူနဲ့အတူသောက်စားခဲ့သူ ၄ ယောက်ကို ခေါ်ယူစစ်မေးရာမှာ ခွန်းစိုးနိုင်ဟာ ပတိုငံရွာရှိ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်တဲ့ကိစ္စနဲ ပတ်သက်လို့ ခွန်းစိုးနိုင်ကို အိမ်ပေါ်ကနေ ဆွဲခေါ်ပြီး ဝိုင်းဝန်းထိုးကြိတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
သေဆုံးသွားတဲ့ခွန်းစိုးနိုင်ကို ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာ တောင်ခြေရှိ ဂူအတွင်း ပစ်ချခဲ့ကြောင်း စစ်ဆေးချက်အရ သိရှိခဲ့ရတဲ့အတွက် ရဲတပ်ဖွဲ့က အဆိုပါ ဂူမှာ သွားရောက်စစ်ဆေးခဲ့ရာမှာတော့ မျက်ခုံး ဝဲ/ယာမှာ နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းယာဘက်မှာ ချိုင့်ဝင်ဒဏ်ရာ၊ ဝဲဘက်ဒူးခေါင်းရိုးကျိုး၊ ဝဲခြေသလုံးစုတ်ပြဲ၊ ယာလက်ဖျဲစုတ်ပြဲ၊ မေးရိုး ၂ လက်မခန့် ပေါက်ပြဲဒဏ်ရာတို့နဲ့ သေဆုံးကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် ခွန်းစိုးနိုင်ကို ရိုက်နှက် သတ်ဖြတ်ခဲ့ကြသူလို့ သံသယရှိတဲ့ ပီတာ(ခ) ပီတဘ်မီရယ်၊ ဘိုးရယ် (ခ) ရီးနို၊ ဘီဗျားနို နဲ့ ဆိုတေးရို (ခ) နဲနယ် တို့ ၄ ဦးကို လူသတ်မှု ပုဒ်မ ၃၀၂ ၊ ၁၁၄ တို့နဲ့ ဒီးမော့ဆိုမြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။