DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲတွင် ဖိုးသောကြာ၊ ခင်ပိုးပန်းချီနှင့် ဝါရင့်အဆိုတော်များ ဖျော်ဖြေမည်
DVB
·
November 26, 2020
ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲတွင် ဖိုးသောကြာ၊ ခင်ပိုးပန်းချီနှင့် ဝါရင့်အဆိုတော်များ ဖျော်ဖြေမည်
Donate to DVB

လာမယ့် နိုဝင်ဘာ ၂၇ ရက်မှာ ကျင်းပမယ့် ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် ဂုဏ် ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲမှာတော့ ဖိုးသောကြာ၊ ခင်ပိုးပန်းချီတို့နဲ့အတူ ဝါရင့် နာမည်ကြီးအဆိုတော်တွေလည်း ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

အခုနှစ်မှာ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ တက္ကသိုလ်ဖွဲ့တေးသီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ်ထုတ် လွှင့်ပြသပေးနေပြီး မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက် ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ပထမသီတင်းပတ်အနေနဲ့ ဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊ အောင်နိုင်၊ ဟေမာနေဝင်း တို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦးစတဲ့ တေးသံရှင်တွေ ပါဝင်ဖျော်ဖြေပေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၃ ရက် ဒုတိယသီတင်းပတ် ဖျော်ဖြေပွဲမှာတော့ မြန်မာသံအဆို တော်ကြီးတွေ ဖြစ်ကြတဲ့ တက္ကသိုလ်လဲ့လဲ့၊ သန်းမြတ်စိုး၊ ထား၊ မောင်သိန်းဝင်းတို့နဲ့ တခြားအဆိုတော်တွေက တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြတာပါ။

အောက်တိုဘာ ၃၀ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၃ မှာတော့ LUCKY HAND တေးဂီတ အဖွဲ့နဲ့အတူ အဆိုတော် တူးတူး၊ ဂျေညီညီ၊ စည်သူလွင်၊ စံလင်း၊ ဖြိုးပြည့်စုံ၊ ဂျူ နီယာချစ်ကောင်း၊ နော်လီဇာ၊ မေခလာ၊ ချောစုခင်၊ မေစပယ်ညို၊ ဂျူဝယ်လ်၊ မေသူကျော် စတဲ့ တေးသံရှင်တွေ ပါဝင်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၆ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၄ မှာတော့ ဂီတမှူး စန္ဒရား ဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ မြန်မာသံအဆိုတော်တွေ ဖြစ်ကြတဲ့ ခင်မောင်ကြီး၊ စန္ဒရား ဘသန်းတင်၊ မိုးထက်မြင့်၊ ဘုန်းသစ်၊ ခင်ညွန့်ရည်၊ နှင်းရည်သန့်၊ ၊ စိမ်းလဲ့လဲ့၊ စိမ့်နေခြည်၊ သွန်း၊ အိုပြည့်ရှင်၊ အေးမြဖြူ၊ ဆုမြတ်ထက်တို့က ပါဝင်ဖျော်ဖြေသွားခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၃ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၅ မှာတော့ Lucky Hand နဲ့ The Trees တေး ဂီတအဖွဲ့တွေနဲ့အတူ နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ စိန်ဝင်းထွန်း၊ အက်စ်ကဲနက်၊ ဂျေမောင်မောင်၊ ဖြိုးကြီး၊ ဇော်ပိုင်၊ ဖိုးကာ၊ ကျော်သီဟ၊ စောလားထော်ဝါး၊ သန်းသန်းနွယ်၊ ယု ဇန၊ ရတနာမိုင်၊ ကေကေမိုး၊ ဝတ်ရည်ထက်နဲ့ ဖူးဖူးသစ်တို့က ပါဝင်သီဆိုဖျော် ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၀ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၆ မှာတော့ Success တေးဂီတအဖွဲ့နဲ့အတူ နာမည်ကြီး အဆိုတော် ၄ ယောက်ဖြစ်ကြတဲ့ ကိုင်ဇာ၊ မေဆွိ၊ မေခလာ၊ ဟေမာနေဝင်းတို့က တွဲဖက်သီဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ ဖျော်ဖြေပွဲ ပွဲစဉ် ၇ မှာတော့ ဖိုးသောကြာ၊ ခင်ပိုးပန်းချီတို့နဲ့အတူ ဝါရင့် နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ တင်ဦးလေး၊ မြန်မာပြည်သိန်းတန်၊ ခင်စိုးဝင်း၊ ဂျက် မြသောင်း၊ သျှိုင်းအောင်၊ ဇာလီနိုင်၊ ရဲထိုက်၊ သူဇာအောင်၊ သီတာသိမ့်၊ ဆုထက်လှိုင်စတဲ့ အဆိုတော်တွေက စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့၊ Evening Star တေးဂီတ အဖွဲ့တွေနဲ့ တွဲဖက်သီဆိုသွားကြမှာပါ။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့  ရန်ကုန်တက္က သိုလ်ဟာ အခုလာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ဆိုရင် နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

နှစ် ၅၀ ပြည့် ရွှေရတု၊ ၇၅ နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပေမယ့် အခုနှစ်မှာ ကျရောက်တဲ့ ရာပြည့်သဘင်ကတော့ လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်မို့ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေက ပညာရေး ကဏ္ဍမှာ အရှေ့တောင်အာရှမှာသာမက အာရှအဆင့်မှာပါ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တာမို့ ရန်ကုန်တက္ကသိုလ်မှာ တခြားအာရှနိုင်ငံတွေက ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်ပြီးတော့ ပညာဆည်းပူးခဲ့ကြရတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ ရန်ကုန် တက္ကသိုလ်ကို ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တခု ပြန်လည် ဖြစ်လာစေဖို့ မျှော်မှန်းထားကြောင်း ပြောခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကစတင်ကာ ၂၀၂၀ ဒီဇင်ဘာလအထိ တနှစ်ပတ်လုံး ကျင်းပဖို့ ကြေညာထားပါတယ်။

လတ်တလောမှာတော့ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေနဲ့အတူ စီးပွားရေးလုပ်ငန်း တချို့ကိုပါ ပိတ်ပင်ထားခဲ့ရတာမို့ ရာပြည့်သဘင်မှာ ကျင်းပသွားဖို့ရှိနေတဲ့ အထိမ်းအမှတ် စာစောင်ထုတ်ဝေတာတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ပြင်ပပညာရှင်တွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့ ဟောပြောပွဲတွေ၊ စာပေဂီတ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုဆိုင်ရာ ပြပွဲပြိုင်ပွဲတွေ၊ ပဒေသာကပွဲတွေ၊ ဈေးရောင်း ပွဲတော်တွေ အပါအဝင် အခမ်းအနားအားလုံးကို ဘာမှမလုပ်နိုင်ခဲ့ပဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013