DVB Logo
Home
မေးမြန်းခန်း
တရားဥပဒေစိုးမိုးရေးကော်မတီ အစီရင်ခံစာ အတည်ပြုလိုက်သည့်အပေါ် မေးမြန်းချက်
DVB
·
August 14, 2013
တရားဥပဒေစိုးမိုးရေးကော်မတီ အစီရင်ခံစာ အတည်ပြုလိုက်သည့်အပေါ် မေးမြန်းချက်
Donate to DVB

တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကော်မတီရဲ့ အစီရင်ခံစာဟာ ယေဘုယျဆန်တယ် ဆိုတဲ့ ဝေဖန်ချက်တွေ ရှိတဲ့ကြားကပဲ လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးလောက်က ၀ိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

အစီအရင်ခံစာနဲ့ ပတ်သက်ပြီး အဓိက ဝေဖန်ထောက်ပြကြတာ ဘယ်အချက်လဲ။

“အဓိကအားဖြင့်တော့ အစီအရင်ခံစာက professional မဆန်ဘူး၊ ယေဘုယျကျလွန်းတယ်ပေါ့။ နောက်အချက်အလက်တွေကို တခုချင်း၊ တခုချင်း သုံးသပ်တင်ပြတာမျိုး မရှိဘူး၊ အဲဒီလိုဝေဖန်တယ်။ နောက် အစီအရင်ခံစာထဲမှာ အကြံပေးတာနဲ့ တိုက်တွန်းတာ၊ နောက် ရှေ့လုပ်ငန်းစဉ် အဲဒါနဲ့ ပတ်သက်လို့ စကားလုံး အသုံးအနှုန်းတွေ မကွဲပြားဘူးပေါ့။ အဲဒီလိုတွေ ထောက်ပြသွားတာတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော်မတီ ဥက္ကဋ္ဌ အနေနဲ့ ဒီလိုအသေးစိတ်တွေကိုတော့ ကျမတို့ မလုပ်နိုင်ဘူး၊ တကယ်လို့ အသေးစိတ်တွေ ပြောမယ် ဆိုရင်လည်း တချို့ တရားသူကြီးတွေ၊ ကော်မတီကို ရင်ဖွင့်တဲ့ကိစ္စနဲ့ ပတ်သက်ရင် လွှတ်တော်ထဲမှာ အဲဒီလို ဖွင့်ချလိုက်သလို ဖြစ်သွားပြီးတော့ နောင်မှာ ဒီပုဂ္ဂိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲရှိနိုင်တယ် ဆိုပြီးတော့ အဲဒီလို ပြောသွားပါတယ်။ သို့သော်လည်း ထောက်ပြကြတဲ့ ပုဂ္ဂိုလ်များရဲ့ အကြံပြုချက်ကို စဉ်းစားပါမယ်။ နောင်ဆိုလို့ရှိရင် ဖြစ်နိုင်သမျှ အသေးစိတ် တခုချင်းအလိုက် ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လို တင်ပြတယ် ဆိုတဲ့ဟာမျိုး အသေးစိတ် တိတိကျကျ နောင်မှာ လုပ်သွားပါမယ်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးတယ်။”

ဒီအစီအရင်ခံစာနဲ့ ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ ကော်မတီဥက္ကဋ္ဌရဲ့ ပြန်လည်ဆွေးနွေးချက်တွေအပေါ်မှာ ဆရာဘယ်လိုမြင်လဲ။

“ကော်မတီ ဥက္ကဋ္ဌက ပြောပြီးတော့ လွှတ်တော် ဥက္ကဋ္ဌကလည်း ကြားဝင်ပြီး ဖျန်ဖြေပါတယ်။ ဖျန်ဖြေတဲ့သဘောထားကတော့ ကျနော်တို့ လွှတ်တော်က ဖွဲ့စည်းလိုက်သည့် ကော်မတီသည် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဆိုတဲ့ ဥစ္စာဟာ နိုင်ငံမှာ ဒီကနေ့ ဖြစ်နေတဲ့ ပြဿနာတွေကို သူတို့ကနေ ဖြေရှင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူး။ သူတို့က ဒီဟာတွေကို လေ့လာသုံးသပ်ပြီးတဲ့အခါကျတော့ ဘယ်လိုကူညီရမလဲဆိုတဲ့ဟာကို ရှာဖွေဖို့ လွှတ်တော်ကြီး တရပ်လုံးရော၊ အစိုးရအဖွဲ့အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ဟာမျိုး သူက ပြောသွားပါတယ်။ ဒီအစီအရင်ခံစာဟာ ဘယ်လို ရှိသင့်တယ်၊ ဘယ်လိုဖြစ်သင့်တယ် ဆိုတဲ့ စံထားချက်တွေနဲ့ ပတ်သက်လို့ရှိရင် တခြားကော်မတီတွေက တင်ပြတဲ့ အစီအရင်ခံစာတွေမှာရော အဲဒီလိုမျိုး ရှိကြရဲ့လား၊ အဲဒီလိုရေးနိုင်ရင်တော့ ကောင်းတယ်၊ အဲဒီလိုမျိုးရှိကြရဲ့လားဆိုပြီးတော့ သူက ဒေါ်အောင်ဆန်းစုကြည်တို့ ကော်မတီရဲ့ အစီအရင်ခံစာ အပေါ်ကနေပြီးတော့ ကာကွယ်ပြီး ဆွေးနွေးပေးပါတယ်။ ဆိုလိုချင်တာက ကျနော်တို့ ဒီမှာ ပထမဦးဆုံး ကော်မတီရဲ့ နှစ်ပတ်လည် အစီအရင်ခံစာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ချို့ယွင်းအားနည်းချက်ကလေးတွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့် ယေဘုယျ တခုလုံးကတော့ ကြိုးစားအားထုတ်မှု၊ သူတို့ရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ပေါ်လွင်ပါတယ်ဆိုတာ ပေါ်တယ်လေ။ အဲဒီလိုပြောသွားပြီးတော့ ဒီဟာကို လွှတ်တော်က အတည်ပြုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုတင်သွင်းတဲ့ အတွက်ကြောင့်မို့ ဒါကို ပြန်ပြီး အသစ်ပြန်ရေးဖို့ မလုပ်တော့ဘဲနဲ့ လွှတ်တော်က အတည်ပြုပေးလိုက်တာပေါ့။”

အစီအရင်ခံစာကို လွှတ်တော်က အတည်ပြုပေးလိုက်တော့ ဘယ်လိုသဘောမျိုး သက်ရောက်သွားပါသလဲ။

“အစီအရင်ခံစာမှာ ပါတဲ့ ရှေ့လုပ်ရမယ့် လုပ်ငန်းစဉ်တွေ၊ တိုက်တွန်းတဲ့ အချက်တွေ၊ အဲဒါတွေဟာ လွှတ်တော်ရဲ့ သဘောထားတွေ ဖြစ်သွားတာပေါ့။ အစီအရင်ခံစာကို အတည်ပြုလိုက်တဲ့ အတွက်လေ။”

လွှတ်တော်ရဲ့သဘောထားဖြစ်သွားတော့ အစိုးရက အကောင်အထည်ဖော်ရမှာလား ဘယ်လိုလဲ ဆရာ။

“အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းတဲ့ ဟာမျိုးတော့ မဟုတ်ဘူးဗျ။ ယေဘုယျကျတဲ့ အကြံပြုချက်တွေပေါ့နော်။ တရားဥပဒေစိုးမိုးရေး အတွက်ဆိုရင် ရည်ရှည်မှာ စည်းရုံး ပညာပေးတာတွေ၊ နောက် သင်တန်ပေးတာတွေ၊ ရာဇ၀တ်မှု အပြစ်ကျူးလွန်ပြီး ပြစ်ဒဏ်ခံနေရတဲ့ လူတွေကို အကျင့်စာရိတ္တ ပြုပြင်ရေးကို ဦးတည်ပြီးတော့ နောင်မှာ ဒါမျိုး မကျူးလွန်နိုင်အောင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ သင်ကြားပေးဖို့တွေ၊ စတဲ့ဟာတွေပေါ့လေ။ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အန်ဂျီအို၊ အိုင်အန်ဂျီအို စတဲ့အဖွဲ့တွေက စည်းကမ်းသတ်မှတ်ချက်မထားဘဲနဲ့ ၀င်ခွင့်ပေးပြီးတော့ အဲဒီအဖွဲ့အစည်းတွေရဲ့ ပညာပေးမှု၊ လှုံ့ဆော်မှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အဲဒါတွေလည်းရယူရမယ်ဆိုတဲ့အကြောင်းတွေပေါ့နော် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှာလည်း ဥပဒေအာဏာတည်စေရေး အထူးအားကောင်းနေစေရန် ဝေဖန်ထောက်ပြပေးရမယ်ဆိုပြီးတော့ ဆိုလိုချင်တာကတော့ ဒါတွေက နည်းနည်းတော့ ယေဘုယျကျပါတယ်။ ယေဘုယျကျတဲ့ အကြံပြုချက်တွေကို ကျနော်တို့ လွှတ်တော်က သုံးသပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013