DVB Logo
Home
မြန်မာသတင်း
ထိုင်းဘတ်စ်ကားပေါ်၌ မြန်မာအမည်ဖြင့် ပေးပို့သည့် ပါဆယ်ထုပ်အတွင်းက အိန္ဒိယရူပီငွေ ၁၆ သန်းတွေ့ရှိ  
DVB
·
November 25, 2020
ထိုင်းဘတ်စ်ကားပေါ်၌ မြန်မာအမည်ဖြင့် ပေးပို့သည့် ပါဆယ်ထုပ်အတွင်းက အိန္ဒိယရူပီငွေ ၁၆ သန်းတွေ့ရှိ  
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အဝေးပြေးဘတ်စ်ကားတစ်စီးပေါ်မှာ မြန်မာအမျိုးသား  တစ်ဦးရဲ့ နာမည်နဲ့ ပေးပို့လိုက်တဲ့ ပါဆယ်ထုပ်တွေထဲက  ထိုင်းဘတ်ငွေ ၆ သန်း ၁ သိန်း ကျော်တန်ဖိုးရှိ အိန္ဒိယရူပီငွေအမြောက်အမြား ဖမ်းဆီးရမိတယ်လို့ သနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ 

မဲဆောက်နယ်မြေ အမှတ် ၄ အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ လဝကနဲ့ အကောက်ခွန်ဝန်ထမ်းတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ  မဲဆောက်မြို့နယ် မယ်ပအုပ်စု ဘန့်ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်စဉ်  မဲဆောက်ကနေ မယ်ဆိုင်ကို သွားမယ့် ဂရင်းဘတ်စ်ကုမ္ပဏီပိုင် ခရီးသည်တင် အဝေးပြေးကားတစ်စီးပေါ်ကနေ အဆိုပါအိန္ဒိယငွေတွေ စစ်ဆေးဖမ်းဆီးရမိခဲ့တာလို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ 

တာဝန်ရှိသူတွေဟာ ကားအောက်ထပ်က ခရီးသည်တွေရဲ့ အထုပ်အပိုးတွေကို စစ်ဆေးရာမှာ ပိုင်ရှင်ခရီးသည်မပါတဲ့ ပါဆယ်ထုပ်ထဲက အိန္ဒိယရူပီးငွေ အမြောက်အမြား ( ငွေစက္ကူ ၁၀၀၀ ရွက်ပါ အစည်းပေါင်း ၃၀ စည်း) ကို တွေ့ရှိခဲ့ကြောင်း ၊ ရေတွက်ကြည့်ရာမှာ  ရူးပီးငွေ ၁၅ သန်းဖြစ်တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပေမဲ့ ဘန်ကောက်ပို့ သတင်းမှာတော့  ၁၆ သန်း တွေ့တယ်လို့ ရေးပါတယ်။ 

ပါဆယ်ထုပ်ကို ပေးပို့သူမှာ Mr. Min Min Aye  ဆိုသူဖြစ်ပြီး  အထုပ်လက်ခံမယ့်သူကတော့ ချင်းမိုင်မှ Mrs. Grongwan Kengkat ဆိုသူဖြစ်ကြောင်း၊  ဒီကိစ္စနဲ့ပတ်သက်ပြီး ဂရင်းဘတ်စ် ကုမ္ပဏီဝန်ထမ်းကတော့ ပါဆယ်ထုပ် ပေးပို့သူရဲ့ အမည်နဲ့ ဆက်သွယ်ဖို့ ဖုန်းနံပတ်ရော  လက်ခံမယ့်သူရဲ့ အမည်နဲ့ ဖုန်းနံပါတ်တွေ အတိအကျပေးထားတာမို့ အထုပ်ကို ဖွင့်လှစ်စစ်ဆေးခြင်း မပြုဘဲ သံသယကင်းစွာ လက်ခံလိုက်တာလို့ ပြောပါတယ်။ 

ဒါပေမဲ့ အထုပ်လာအပ်သူဟာ အမျိုးသားမှတ်ပုံတင်ကတ် သို့မဟုတ် သက်သေ အထောက်အထားကတ်  ပြသခြင်းမရှိဘူးလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေကတော့ လောလောဆယ် အဆိုပါငွေစက္ကူတွေသိမ်းဆည်းထားပြီး နိုင်ငံခြား ငွေတွေ တရားမဝင်တင်သွင်းမှုနဲ့  အကောက်ခွန်ဥပဒေပုဒ်မ ၁၆၇ အရ အမှုဖွင့်ထားကြောင်း၊ ငွေပိုင်ရှင်အနေနဲ့ ရက်ပေါင်း ၃၀ အတွင်း လာရောက်ဆက်သွယ်ခြင်း မရှိဘူးဆိုရင် နိုင်ငံ တော်ပိုင်အဖြစ် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတစ်ဦးကတော့ အထုပ်လာပို့သူဟာ အမည်ရင်းဟုတ်ဟန်မတူကြောင်း၊ အဲဒီငွေတွေဟာ နယ်စပ်ရွှေတြိဂံနယ်မြေနဲ့ တရားမဝင်ကုန်သွယ်မှုကနေ ရလာတဲ့ငွေတွေ ဖြစ်နိုင်ပြီး ငွေလာရာလမ်းကြောင်းကို ဆက်လက်စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့  သတင်းထောက်တွေကို ပြောသွားပါတယ် ။  

Source: https://www.nationtv.tv/main/content/378807710 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013