DVB Logo
Home
မြန်မာသတင်း
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း ဆက်တိုက်ဆန့်ကျင်ခံရ
DVB
·
August 14, 2013
Donate to DVB

လွှတ်တော်မှာ တင်ပြထားတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းဟာ နိုင်ငံတ၀န်းက အရပ်ဘက်လူထု အခြေပြုအဖွဲ့အစည်းတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုကို ဆက်တိုက် ရင်ဆိုင်နေရပါတယ်။

လွှတ်တော်မှာတင်ပြထားတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းဟာ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ ဗဟိုအဖွဲ့က အသင်းအဖွဲ့တွေကို စိစစ်၊ ရွေးချယ်၊ ဆုံးဖြတ်နိုင်တယ်လို့ ဖော်ပြပါရှိသလို မှတ်ပုံမတင်ဘဲ ဖွဲ့ရင် ထောင်ဒဏ် ၃နှစ်အထိ ချနိုင်တယ်လို့လည်း ပါရှိတာကြောင့် ပြီးခဲ့တဲ့လကုန်ပိုင်းကတည်းက အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်ရဲ့ ကန့်ကွက်ခဲ့ကြပါတယ်။

ဒီဥပဒေကြမ်းဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံသားတိုင်း လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ဆန်ကျင်လို့ လက်မခံနိုင်ကြောင်း ထောက်ပြကြတာပါ။

ဒီကန့်ကွက်မှုရဲ့ အကျိုးဆက်အဖြစ် လွှတ်တော် တာဝန်ရှိသူတွေက အရပ်ဘက်အဖွဲ့အစည်းတွေကို ခေါ်ယူမေးမြန်းခဲ့သလို အများသိသင့်တယ်လို့ ယူဆတာကြောင့် လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ တွေ့ဆုံဖို့ ဒီလ ၁၅ ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲအတွက် တင်ပြနိုင်အောင် ရန်ကုန်နဲ့ မန္တလေးမှာ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က ကိုယ်စားလှယ်တွေ ဩဂုတ် ၁၃ နဲ့ ၁၄ ရက်တွေ ဆွေးနွေးခဲ့ရာမှာ ဒီဥပဒေမျိုး မလိုအပ်ဘူးလို့ အများစုက သဘောတူညီခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အရပ်ဘက် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာ ကျော်သူက အခုလို ပြောပါတယ်။

“ထွက်လာတဲ့ မူကြမ်းက မှတ်ပုံမတင်မနေရ ပုံစံမျိုးဖြစ်နေတယ်၊ အဲဒီဟာမှားနေတယ်။ ရှုထောင့်မှားနေတယ်ပေါ့။ မှတ်ပုံတင်မရှိရင် ရပ်တည်ခွင့်မရှိ ဆိုတဲ့ဟာကျတော့ အားလုံးကို ဖျက်သိမ်းခိုင်းတဲ့ သဘောမျိုး ဖြစ်နေတယ်။ နောက်နောင်ဆောင်ရွက်ဖို့လည်း မဖြစ်နိုင်တော့ အဖွဲ့အစည်းကအလုပ်တွေ တရားဥပဒေဘောင်းအပြင်ဘက် ရောက်သွားမယ်။ rule of law (တရားဥပဒေစိုးမိုးမှု) ကို တိုက်ရိုက်သွားထိခိုက်မယ်လေ။ မလုပ်နိုင်တဲ့ဟာ အများကြီးပဲ။ အဲဒီဟာမျိုးကြောင့် ကျနော်တို့ ၀ိုင်းပြီးတော့ သဘောမတူနိုင်ခဲ့ဖြစ်တာ။ ပေါ်လစီဖြစ်သင့်တယ်၊ မှတ်ပုံတင်ခြင်းအားဖြစ်လည်း ဘယ်လိုခံစားခွင့်တွေရှိရင် ဘယ်လို တာဝန်ယူသင့်လဲ စသဖြင့် အဲဒီလိုမျိုးလေးတွေ ထွက်လာရင် ပိုကောင်းတာပေါ့။ အခုလိုဥပဒေမျိုး မလိုချင်ဘူးဆိုတဲ့ဟာ ပါတယ်။ ဒီလိုဖွဲ့စည်းဖို့ မပြောနဲ့ ဥပဒေကို မလိုဘူးဆိုတဲ့ဟာ အဓိက ၂ မျိုးထွက်တယ်။”

ဩဂုတ် ၁၅ ရက်နေ့ လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ ဒီတွေ့ဆုံတဲ့အခါ  အဓိကထားဆွေးနွေးသွားမယ့် အကြောင်းအရာကိုလည်း သူက အခုလို ပြောပါတယ်။

“အဓိက ဘာတွေ ဆွေးနွေးမလဲဆိုတော့ အနုတ်လက္ခဏဆောင်တဲ့ သက်ရောက်မှုတွေကို ကျနော်တို့ မီးမောင်းထိုးပြမယ်။ ဒီဟာတွေ ဖြစ်သွားလို့ရှိရင်တော့ ကျနော်တို့ အပြောင်းအလဲ လုပ်ဆောင်ချက်တွေမှာ ဘာတွေ ထိခိုက်တာတွေ ပြောမယ်၊ ပထမတခေါက် နေပြည်တော်မှာ တွေ့တော့ ဒီဥပဒေတွေကြောင့် ကန့်ကွက်ပါတယ်ပေါ့။ သူတို့က ကန်ကွက်တာကို လက်ခံတယ်။ ကန့်ကွက်ခွင့်ရှိတယ် ကန့်ကွက်ပါပေါ့။ ကန့်ကွက်ပြီးရင် ဘာလိုချင်လဲ ပြောပါပေါ့။ နောက်တခု ကျနော်တို့ တောင်းဆိုတာက ဒီဖြစ်စဉ်ကို ဆိုင်းငံ့ပေးပါပေါ့၊ မြန်လွန်းတယ်။ ကျနော်တို့ဘက်က ဒီဟာအတွက် ခြုံငုံတဲ့ သင့်မြတ်မှုမျိုးရဖို့ဆိုလို့ရှိရင် ကျနော်တို့ ပြုပြင်ရေးလုပ်ရတာ တအား မြန်လွန်းတယ်။ အဲဒီဟာအရ သူတို့ကကျတော့ သူတို့ လုပ်ရိုးလုပ်စဉ်အရ ဆက်သွားချင်တယ်လို့  ပြောတယ်။ အဲဒါလည်း ကျနော်တို့ မနက်ဖြန်တွေ့ရင် ဘာအဖြေထွက်မလဲ မသိဘူး။ ဥပဒေထွက်လာပြီး ပြည်သူတွေအတွက် တကယ် အကျိုးရှိရဲ့လား၊ အကျိုးမရှိတဲ့ဟာမျိုးဆိုရင် သူတို့စဉ်းစားစေချင်တယ်။ ကျနော်တို့ အဓိက မေ့ဆေ့ပေးစေချင်တယ်။ အားလုံးအတွက် အကျိုးရှိမယ်၊ အားလုံးလိုက်နာနိုင်မယ့် ဥပဒေကောင်းကောင်း ထွက်ချင်တယ်။ ကောင်းကောင်းထွက်ဖို့ဆိုရင် အချိန်နည်းနည်းယူပေါ့နော် အဲဒီလိုဖြစ်ချင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013