DVB Logo
Home
မြန်မာသတင်း
လူမှုဖူလုံရေးရန်ပုံငွေကျပ် ၄၀၀ ဘီလီယံကျော်ထဲက ကိုဗစ်ဒုတိယလှိုင်းအတွက် ၄၂ ဘီလီယံကျော် ထောက်ပံ့ထား
DVB
·
November 25, 2020
လူမှုဖူလုံရေးရန်ပုံငွေကျပ် ၄၀၀ ဘီလီယံကျော်ထဲက ကိုဗစ်ဒုတိယလှိုင်းအတွက် ၄၂ ဘီလီယံကျော် ထောက်ပံ့ထား
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ လူမှုဖူလုံရေးရန်ပုံငွေကျပ် ၄၀၀ ဘီလီယံ ကျော်ရှိတဲ့အထဲ ကိုဗစ်အတွက် ထုတ်ယူသုံးစွဲခဲ့ပြီး ကျန်ငွေတွေကို ဘဏ်မှာအပ်ထားတယ်လို့ လူမှုဖူလုံရေးအဖွဲ့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်အုန်းက “ကိုဗစ်ကာလမှာတော့ ပထမတစ်ခါမှာတော့ ကျမတို့က ကိုဗစ် Fund ရန်ပုံငွေထဲကို ၅၀ ဘီလီယံထည့်ရပါတယ်။ ၅၀ ဘီလီယံကတော့ ကျမတို့ ၄ လပိုင်းမှာထည့်လိုက်ပြီးတော့ ၇ လပိုင်းမှာ ပြန်လည်ရရှိပါပြီ။ ပြီးတော့ ၄၀ ရာခိုင်နှုန်းပေးတာကလည်း ပထမလှိုင်းမှာဆိုလို့ရှိရင် ၁၉  ဘီလီယံကျော်ကျော် ထောက်ပံ့ပေး ခဲ့ပြီး ဒုတိယလှိုင်းမှာဆိုလို့ရှိရလည်း မနေ့ကအထိ ၄၂ ဒသမ ၁၄၆ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီးတော့ နဂိုရှိတဲ့ ဘီလီယံ  ၄၀၀ ကျော်ကနေ ရငွေတွေကို အသုံးစရိတ်တွေ နုတ်ပြီး ပိုတဲ့ငွေတွေကို ဘဏ်တွေမှာပဲ ရင်းနှီးမြုပ်နှံထားပါတယ်။”လို့ DVB debate ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုလိုကိုဗစ်ကာလအတွင်း  လူမှုဖူလုံရေး ထောက်ပံ့ကြေးကို ရန်ပုံငွေ ပုံမှန် ထည့်သွင်းခဲ့ကြတဲ့ အလုပ်သမားတွေသာမက လူမှုဖူလုံရေးထောက်ပံ့ဖို့ အကျုံးမဝင်တဲ့ စက်ရုံလုပ်သားတွေနဲ့ နေ့စားပုတ်ပြတ် အလုပ်သမားတွေကိုပါ ငွေထောက်ပံ့နေပြီး အစိုးရက လမ်းဖွင့်ပေးခဲ့ပါတယ်။ 

ရန်ကုန်တိုင်းအတွင်း လုပ်သား ၈ သိန်းကျော်အတွက် ထောက်ပံ့ငွေကျပ် ဘီလီယံ ၆၀ ကျော်ကို ထောက်ပံ့ပေးနိုင်ဖို့ လျာထားပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၁၀,၀၀၀ လောက် အကျုံးဝင်တယ်လို့ သိရပါတယ်။

ဒီအကျိုးခံစားခွင့်ငွေကြေးရရှိဖို့ကို လုပ်ငန်းရှင်တွေက လျှောက်ထားပေးရတာဖြစ်ပြီး စက်ရုံ အလုပ်ရုံတွေကို ပိတ်ဖို့ ညွှန်ကြားခဲ့တဲ့ ကာလအတွက် ထောက်ပံ့ငွေအဖြစ် လူမှုဖူလုံရေးအာမခံ ထည့်ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းကို ငွေကြေး အကျိုးခံစားခွင့်အဖြစ်ခွင့်ပြုထုတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

အခြေခံလုပ်ခ အပေါ်အခြေခံပြီး တစ်လ ကျပ် ၁၄၄,၀၀၀ နဲ့ ထည့်ဝင်ငွေပေးသွင်းထားရင် ၅၇,၆၀၀ ကျပ်၊ ခွင့်ပြုထည့်ဝင်ငွေ အမြင့်ဆုံး ကျပ်  ၃ သိန်းနှုန်းနဲ့ ထည့်ဝင်ထားရင်တော့ ကျပ် ၁၂၀,၀၀၀ ကို အကျိုးခံစားခွင့်ရရှိတာဖြစ်ပြီး လူမှုဖူလုံရေး စနစ်မှာ အကျုံးမဝင်တဲ့ အလုပ်သမားတွေကို တစ်ယောက်ကို ငွေကျပ် ၃၀,၀၀၀ နှုန်း ထောက်ပံ့တယ်လို့ ဆိုပါတယ်။

ဒီလိုထောက်ပံ့မှုတွေပြုလုပ်နေတယ်လို့ လူမှုဖူလုံရေးအဖွဲ့က ပြောဆိုထားပေမယ့် အောက်ခြေက အလုပ်သမားတွေနဲ့ လူထုအတွက် တကယ်အကျိုးခံစားခွင့်တွေ အဆင်ပြေနေပြီလား ဆိုတဲ့ မေးခွန်းရှိနေတယ်လို့ အလုပ်သမား အဖွဲ့အစည်းတွေက ပြောဆိုပါတယ်။

အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ အတွင်းရေးမှူး ဦးရဲနိုင်ဝင်းက “ကောက်ခံထားတဲ့ ငွေတွေရဲ့ ပင်မရည်ရွယ်ချက်ကိုပြည့်မီ အောင် စတင်အကောင်အထည်ဖော်ဖို့ လိုတယ်။ ငွေတွေအများကြီးရှိနေတယ်။ သူတို့ကို စီးပွားရေးလုပ်ခိုင်းတာ မလုပ်ဘူးလေ။ ဘဏ်မှာအပ်ပြီး အတိုးယူခိုင်းတာ မဟုတ်ဘူးလေ။ ဒီရန်ပုံငွေကိစ္စတွေက ပိုပြီး ပွင့်လင်းမြင်သာဖို့ လိုတယ်။ နောက်ပြီး ဝန်ကြီးဌာနတစ်ခုတည်းတင် ပြောချင်တာမဟုတ်ဘူး။ သက်ဆိုင်ရာ လွှတ်တော်တွေက ကြပ်မတ်ဖို့လိုတယ်။” လို့ ပြောပါတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာတော့ Stay at Home အစီအစဉ် အကျုံးဝင်တဲ့ အလုပ်ဌာနတွေရှိ အလုပ်သမားတွေအတွက်သာမက၊ ကွာရန်တင်းဝင်ရောက်နေတဲ့ အလုပ်သမားတွေ၊ ကိုဗစ်-၁၉ Positive လူနာတွေ၊ ဆေးရုံ တက်ရောက်ရသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း ဥပဒေနဲ့အညီ ထောက်ပံ့ကြေး ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေလင်ပန်းစက်မှုဇုန်ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးနေလင်းဇင်ကတော့ “ကျနော်တို့ ဒီစုထားတဲ့ ရန်ပုံငွေတွေဟာ စုထားဖို့မဟုတ်ဘူး။ လိုအပ်ရင်ထုတ်သုံးဖို့။ ဖြစ်နိုင်ရင် ၆ လ ၁ နှစ်အတွင်းမှာ ကုန်သွားမယ်ဆိုရင်လည်း ထိထိရောက်ရောက်သုံးစေချင်ပါတယ်။ ဘာကြောင့် သုံးစေချင်တာလည်းဆိုတော့ ဒီကိုဗစ်က သမိုင်းတလျောက်မှာ မကြုံဖူးတဲ့ကပ်ဘေးဖြစ်တယ်။ ဒါကိုအချိန်မီကုစားဖို့လိုတယ်။ စီးပွားရေးလုပ်ငန်းတွေကိုလည်း ကုစားဖို့လိုတယ်။ စီးပွားရေး လုပ်ငန်းတွေကို မီခိုနေတဲ့ ဝန်ထမ်းတွေကိုလည်း ကုစားဖို့ လိုပါတယ်။” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအပြင် Stay at home အမိန့်ထုတ်ပြန်ထားတဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ ၁၁ မြို့နယ်မှ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက်လည်း  ထောက်ပံ့ကြေးထုတ်ပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013