DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းထဲက ၅ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလာ
DVB
·
November 25, 2020
မန္တလေးတိုင်းထဲက ၅ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလာ
Donate to DVB

မန္တလေးတိုင်းထဲက ၅ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်တာတော်တော်များနေတယ်လို့ တိုင်းကျန်းမာရေး တာဝန်ရှိသူက ပြောဆိုလိုက်ပြီး  ဒီရောဂါဟာ ရေရှည်တိုက်ပွဲဖြစ်တယ်လို့ ကူးစက်ရောဂါကု ဆရာဝန်ကြီးက ပြောပါတယ်။

ကိုဗစ်အကြောင်း အမေးအဖြေအစီအစဉ်မှာ ပြောခဲ့ကြတာဖြစ်ပြီး မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က တိုင်းထဲက ၂၁ မြို့နယ်မှာ ရောဂါထိန်းချုပ်နိုင်တဲ့ အဆင့်မှာ  ရှိတယ်လို့ ပြောပါတယ်။

“ကျမတို့ တိုင်းအနေနဲ့ စက်တင်ဘာလ နောက်ပိုင်းမှာ Case  တွေ နည်းနည်းများလာပါတယ်။ အောက်တိုဘာလအလယ်လောက်အထိကို   တောက်လျှောက်တက်နေတာကို     တွေ့ရပါတယ်။ ဒါပေမဲ့ ကြည့်လိုက်တဲ့အခါ  မန္တလေးတိုင်းဒေသကြီးမှာ ၂၈ မြို့နယ်ရှိပေမယ့် ၂၁ မြို့နယ်က ရောဂါထိန်းချုပ်နိုင်တဲ့ အဆင့်မှာ  ရှိပါတယ်။  အဓိက ဖြစ်နေတာက  မန္တလေးခရိုင် ၇ မြို့နယ် ရှိပါတယ်။ ၇ မြို့နယ်မှာ  ၅ မြို့နယ်က တော်တော်ကို ကူးစက်မှုများနေတဲ့ အချိန်အခါဖြစ်ပါတယ်။ ဒီရောဂါဖြစ်ပွားမှုကို ဖြတ်တောက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်”

ပိုးတွေ့လူနာ ၄,၀၀၀ ကျော်ကို ပြန်ဆန်းစစ်ကြည့်လိုက်တဲ့အခါ ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့သွားပြီး ဆေးရုံတက်နေတဲ့လူက ၇၆  ရာခိုင်နှုန်းရှိတယ်လို့ သူက ဆိုပါတယ်။

ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် မန္တလေးတိုင်းထဲမှာ ကွာရန်တင်းစင်တာ ၂၁၅ ခုရှိပြီး အသွားအလာကန့်သတ် ထားတဲ့လူပေါင်း ၄,၅၉၅ ယောက်ရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ပဲ နိုင်နိုင်နင်းနင်း ဆောင်ရွက်ဖို့ တော်တော်ခက်ခဲပြီး စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီယူရတယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး  ဒုညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ကူးစက်ရောဂါကုဆရာဝန်ကြီး ဒေါက်တာသန်းထွန်းအောင်ကတော့ ကိုဗစ်ဟာ ခဏနဲ့ပြီးသွားမှာ မဟုတ်ဘဲ ရေရှည်တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၁၈ ခုနှစ်မှာဖြစ်ခဲ့တဲ့  Spanish Flu လူပေါင်း သန်း ၄၀ လောက် သေဆုံးခဲ့ပြီး ၃ နှစ်ကြာ  ရင်ဆိုင်ခဲ့ရပေမယ့် ကာကွယ်ဆေး ပေါ်မလာဘူးလို့ သူက ပြောပါတယ်။ 

၁၉၅၇-၅၈ ခုနှစ်မှာ Asian Flu မှာလည်း လူပေါင်း ၂ သန်းလောက် သေဆုံးခဲ့ပြီး ၁၉၆၇-၆၈  Hong  Kong  Flu  မှာလည်း လူ ၁ သန်းလောက် ဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါတွေဟာ ဒီတုပ်ကွေး Virus ဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့ထင်တာက ကိုဗစ် - ၁၉ သည် ချက်ချင်းပဲ Zero အဖြစ်ကျသွားမယ်လို့ ထင်နေကြပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရာဇဝင်ကိုလည်း ပြန်ကြည့်ရပါတယ်။  သဘောက    ကိုဗစ်သည်လည်း  Coronavirus ဖြစ်တယ်။ သူလည်း ကူးစက်ပုံသည် Influenza နဲ့တူတယ်။ အဲဒီတော့ သူသည် Mode of transmission of Infection (ရောဂါကူးစက်ပုံ)က တူတယ်။  အသက်ရှူလမ်းကြောင်းက ကူးတာဖြစ်တဲ့အတွက်  ကာကွယ်ဆေးတွေပေါ်လာရင် ၂၀၂၁ ခုနှစ်မှာ ကိုဗစ် - ၁၉ က ချက်ချင်းအကုန်ပျောက်သွားမယ်လို့ ထင်မှတ်မှားမှာ စိုးလို့ပါ။  ရေရှည်တိုက်ပွဲ  ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ သည် New Emerging Disease (ရောဂါအသစ်) ဖြစ်ပါတယ်”

Spanish  Flu   ကို  ၁၉၁၈   ခုနှစ်မှာ တွေ့ပြီး ၁၉၁၉ ခုနှစ်မှာ Second Wave၊ ၁၉၂၀ ခုနှစ်မှာ Third Wave ဆိုပြီး ဖြစ်လာခဲ့ဖူးတယ်လို့လည်း သူက ပြောပါတယ်။

ဧရာဝတီတိုင်းအဝင်ကို စောင့်ကြပ်ကြည့်ရှုခဲ့ပေမယ့် ရန်ကုန်နဲ့ ရခိုင်ပြည်နယ်က  ပြန်လာတဲ့အခါ  သတင်းမပေးခဲ့တာတွေကြောင့်  ပျံ့နှံ့သွားခဲ့ပြီးပြီး နိုဝင်ဘာ ၂၃ ရက်အထိ ဧရာဝတီတိုင်းထဲမှာ ကိုဗစ်လူနာထဲက သေဆုံးသူ ၈ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။

ပြီးတော့ မြန်မာပြည်သူပြည်သားတွေ အလှူအတန်းရက်ရောပေမယ့် ကုသရေးမှာပဲ လှူလိုက်ကြလို့ ရောဂါထိန်းချုပ်ရေးကိုလုပ်နေတဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်းကိုလည် လှူဒါန်းပေးဖို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ  ဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာထင်အောင်စောကလည်း သုတေသနတွေအရ ကိုဗစ်ဖြစ်ပြီး ဆေးရုံကပြန်ဆင်သွားသူ ၁၀၀ မှာ ၂၀ လောက်ဟာ ၁ လလောက်ထိ နည်းနည်းနေမကောင်းဖြစ်နိုင်ပြီး ၂ ယောက်လောက်က ၃ လလောက်အထိ ဝေဒနာ နည်းနည်းရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကို ကိုဗစ် နာတာရှည်ဖြစ်တယ်လို့ ခေါ်ကြပြီး ဆေးဝါးတွေ အများကြီးဆက်သောက်နေစရာ မလိုဘဲ ကိုယ်လက်ကိုက်ခဲရင်သောက်တဲ့ ပါရာစီတီမောလို ဆေးသောက်လို့ရတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်ကလည်း ရောဂါကူးစက်ခံထားရတဲ့ လူနာအများစုက လက္ခဏာမပြတာကြောင့် ပြည်သူလူထုတွေ  စည်းကမ်း လိုက်နာတာ၊ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာတာ အားနည်းလာတာကို တွေ့ရပြီး အပြင်ထွက်ရင် Mask မတပ်ကြတာ၊ Mask တပ်ရင်လည်း စနစ်တကျမတပ်တာတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ရောဂါကို ထိန်းချုပ်နိုင်ဖို့ တခါတရံမှာ Mask တပ်တာ တခုတည်းနဲ့ အရဲမကိုးသင့်ဘဲ Face Shield ပါတပ်သင့်ပြီး ဖြစ်နိုင်ရင်   အပြင်ထွက်တာကို လျှော့ချဖို့၊ လူစုလူဝေးတဲ့နေရာကို မသွားဖို့၊ သွားရင်လည်း တယောက်နဲ့တယောက် အနည်းဆုံး ၆ ပေအကွာကနေပြီး ပြောဆိုလုပ်ကိုင်ဖို့ သူက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013